Quantcast
Channel: နေ၀သန် (ကျွန်တော့်ရဲ့ အိုအေစစ်စာမျက်နှာ)
Viewing all 40 articles
Browse latest View live

ကမ္ဘာ့အပြင်ဘက်သို့ ထွက်ကြည့်ခြင်း (အပိုင်း ၁)

$
0
0
ကျွန်တော် ဘွဲ့ကြိုတက်တုန်းက အတန်းတစ်တန်းမှာ ပါမောက္ခချုပ်ပြောခဲ့တဲ့ စကားလေးတစ်ခွန်းကို မှတ်မိနေဆဲပါ။ `ကမ္ဘာပေါ်မှာ နည်းပညာတွေက ဘာတွေဖြစ်နေမှန်းတောင် မသိတော့လောက်အောင် တိုးတက်နေတယ်။ အဲဒီ ဘာတွေဖြစ်နေသလဲဆိုတာကိုပဲ မင်းတို့ သိခဲ့မယ်ဆိုရင် ဆရာတို့ ဒီကျောင်းကို တည်ထောင်ရကျိုးနှပ်ပြီ` တဲ့..။ ကျွန်တော်တို့နိုင်ငံက အစစအရာရာ နောက်မှာ အပြတ်အသတ်ကို ကျန်ရစ်ခဲ့ပြီ။ ထိပ်တန်းနည်းပညာတွေ ပိုင်ဆိုင်ဖို့ မဆိုနဲ့... လူစေ့တန်းစေ့တောင် မနေနိုင်သေးတာ ဘယ်သူမှ ငြင်းမရဘူး..။ ဒါပေမယ့် နောက်ကောက်ကျကျန်လွန်းလို့ ထိပ်သီးနည်းပညာတွေနဲ့ မဆိုင်ဘူးလို့ ယူဆမယ်ဆို လုံးဝ မှားသွားပါလိမ့်မယ်..။ နားလည်တာ မလည်တာ အပထား.. လေ့လာရမှာ ကျွန်တော်တို့တာဝန်ပါပဲ..။

ဒီပို့စ်က နိုင်ငံတကာအာကာသစခန်း နဲ့ဆိုင်ပေမယ့် ကျွန်တော်က လေကြောင်းနဲ့ဆိုင်တဲ့ ကျောင်းသား မဟုတ်ပါဘူး..။ ဒါပေမယ့် အရည်ဒိုင်းနမစ်ပညာရပ်မှာ ရေနဲ့လေဟာ အတော်ကို ဆင်တူပါတယ်..။ မတူညီတာက ရေဟာ ဖိနှိပ်လို့မရပေမယ့် လေကတော့ ဖိလို့ရပါတယ်..။ ဒီနေရာကစလို့ compressible နဲ့ incompressible ဆိုပြီး လမ်းခွဲသွားပေမယ့် ဒီနှစ်ခုကို Fluid ဆိုတဲ့စကားလုံးတစ်လုံးထဲနဲ့ ဖော်ပြပါတယ်။ ဒီတော့ ကျွန်တော်က ရေနဲ့ဆိုင်တာကို လုပ်နေတော့ ကျမ်းကိုးရှာရင်း လေနဲ့ပတ်သက်တဲ့ နည်းပညာတွေကို တီးမိခေါက်မိသလို ဖြစ်လာတယ်..။ ဒီတော့ ရှာဖွေရင်း တူးဖော်ရင်းနဲ့ အာကာသလွန်းပျံယာဉ်နဲ့ အာကာသစခန်းတွေအကြောင်း ဖတ်မိသွားပါတယ်။

နောက် ပိုပြီးစိတ်ဝင်စားစေတာက ကျွန်တော်နဲ့ လက်ဘ် (laboratory) ချင်းတူပြီး စာအလွန်တော်တဲ့ ထိုင်ဝမ်ကျောင်းသားကြောင့်ပါ။ သူက ဘွဲ့ကြို တတိယနှစ်ကတည်းက ရေငုပ်သင်္ဘောကနေ ကျည်ဆန်နဲ့ပစ်တဲ့အခါ ရေထဲကို ဖြတ်သွားတဲ့ ကျည်ဆန်အပေါ်မှာ ရေရဲ့ခုခံအားကို လျှော့ချပြီး ပစ်မှတ်ကို အချိန်တိုအတွင်း ထိနိုင်အောင် လေ့လာတဲ့ စီမံကိန်းမှာ ပါဝင်ခဲ့သူဆိုတော့ သိပ်တော်ပါတယ်..။ ဒီတော့ ဆရာကလည်း သူ့ကို သိပ်ချီးကျူးပါတယ်။ သူနဲ့ ကျွန်တော် ဒီကျောင်းကို တစ်နှစ်တည်း အတူတူဝင်ပေမယ့် သူကတော့ ပီအိပ်ခ်ျဒီကျောင်းသားပါ။ သူတစ်နှစ်နေပြီးတဲ့နောက် ဆရာက အမေရိကားကို လွှတ်လိုက်ပါတယ်။ အိုင်အိုဝါတက္ကသိုလ်မှာ ကျွန်တော်တို့ လက်ဘ်နဲ့ ချိတ်ထားတဲ့ သုတေသနဌာနကြီးရှိပါတယ်။ US ဟာသိပ်ပြီးတော့ စည်းစနစ်ကြီးပါတယ်။ သူတို့က အာကာသမှာရော ရေပြင်မှာပါ ဆရာကြီးဖြစ်နေတာဟာ အဲဒီ စည်းစနစ်ကြောင့်ပါပဲ..။ အဲဒီ ဌာနမှာ Phase ဆိုတဲ့ အဆင့် ငါးခုရှိတယ်..။ အခြေခံအကျဆုံး အဆင့် (၁) နဲ့ (၂) အတွက် နိုင်ငံခြားသား သုတေသီတွေကို လက်ခံပါတယ်..။ ဒါပေမယ့် ကျန်တဲ့ အဆင့်မြင့် (၃) ကနေ (၅) ကိုကျတော့ US နိုင်ငံသားမှ ရပါတယ်။ US နိုင်ငံသားမှာတောင် ဥပမာ ကျွန်တော်က အခု US နိုင်ငံသားအဖြစ် ခံယူလိုက်မယ်ဆိုရင်တောင် မရဘူး...။ ကျွန်တော်က နိုင်ငံသားခံယူပြီး မွေးလာတဲ့ သားသမီးဆိုရင်တော့ ရပါတယ်..။ အဲဒီ အဆင့် (၁) နဲ့ (၂) မှာတောင် တရုတ်ဆိုရင် မရဘူး..။ သူကတော့ ထိုင်ဝမ်ဆိုတော့ ရတယ်ပေါ့..။ အခုလောလောဆယ် အဲဒီမှာ သူနေနေတာ တစ်နှစ်ပြည့်တော့မယ်..။ သိပ်လည်း ချီးကျူးခံရတယ်..။ အရမ်းအားကျတယ်..။ တိုးတက်နေပါတယ်ဆိုတဲ့ နိုင်ငံသားတွေဟာ သိပ်ကိုကြိုးစားကြတယ်.. ပံ့ပိုးပေးမယ့်သူလည်း ရှိတယ်.. တစ်ခုဆို တစ်ခု စွဲစွဲမြဲမြဲနဲ့ အောင်မြင်အောင် လုပ်တတ်ကြတယ်..။ ဒါကြောင့်လည်း နည်းပညာမှာ ထိပ်သီးတွေ ဖြစ်နေတာပေါ့လေ..။ ဒီတော့ ကျွန်တော်စဉ်းစားမိတယ်..။ နေ့စဉ်ဖတ်မိသလောက်လေးကို မြန်မာဘာသာနဲ့ ဒီဘလော့ခ်လေးမှာ မှတ်တမ်းတင်ထားနိုင်ရင် ကောင်းမှာပဲပေါ့..။ တစ်ချိန်ချန် ကိုယ်ကိုယ်တိုင်အတွက် အလွန်အသုံးဝင်လာလိမ့်မယ်လို့ ထင်မိပါတယ်။ ဒါနဲ့ပဲ ကျွန်တော့် ဘလော့ခ်လေးမှာလည်း ကျွန်တော်ဖတ်မိသလောက်၊ နားလည်သလောက်လေးတွေ ရေးပြီး မှတ်တမ်းတင်ထား မယ်လို့ဆုံးဖြတ်မိပါတယ်..။


နိုင်ငံတကာ အာသာသစခန်းလို့ ဆိုပေမယ့် ကမ္ဘာ့နိုင်ငံပေါင်းများစွာထဲက လက်တစ်ဆုပ်လောက်ကပဲ ဦးဆောင်လုပ်နေတာပါ..။ ISS - International Space Station ဆိုတဲ့ ဒီစခန်းဟာ သမိုင်းတလျှောက်မှာ အကြီးမားဆုံးနဲ့ အရှုပ်ထွေးဆုံး သိပ္ပံစီမံကိန်းကြီးတစ်ရပ်ပါ။ တည်ဆောက်နေဆဲ ဒီစခန်းကြီး ပြီးစီးသွားတဲ့ တစ်နေ့မှာ အမိကမ္ဘာဂြိုလ်ကြီးကို တစ်ခေတ်ပြောင်းသွားစေမှာ အမှန်ပါပဲ..။ အမေရိကန်က ဦးဆောင်ပြီး လုပ်တဲ့ ဒီစီမံကိန်းမှာ ကနေဒါ၊ ဂျပန်၊ ရုရှ၊ ဥရောပ အာကာသအေဂျင်စီ ၁၁ နိုင်ငံနဲ့ ဘရာဇီးတို့ပါပါတယ်။

ISS ဟာ ရုရှပိုင် မိရာအာကာသစခန်းထက် လေးဆကြီးမားပြီး တည်ဆောက်ပြီးသွားတဲ့အခါ ဒြပ်ထုပေါင်း ၁၀၄၀၀၀၀ ပေါင်အထိ ရှိလာမှာဖြစ်ပါတယ်။ အတိုင်းအတာအနေနဲ့ ကန့်လန့်ဖြတ် ၃၅၆ ပေနဲ့ အရှည်က ၂၉၀ ပေရှိပါတယ်။ ပြီးတော့ တစ်ဧကနီးပါးလောက်ရှိတဲ့ ဆိုလာပြားတွေကို တပ်ဆင်ထားပြီး ခေတ်မီ သုတေသနခန်းတွေအတွက် လျှပ်စစ်ကို ထောက်ပံ့ပေးမှာပါ။ ဒီစခန်းက ပတ်လမ်းကြောင်းထဲရှိတဲ့အခါ အမြင့် ၂၅၀ စတက်ကျုမိုင် (1 statue mile = 1.609344 km) မှာရှိပြီး ဒေါင့်စောင်း ၅၁.၆ ဒီဂရီတိမ်းစောင်းနေပါမယ်။ ဒီပတ်လမ်းထဲကို လွန်းပျံယာဉ်တွေ ထောက်ပံ့ရေးယာဉ်တွေ ကူးလူးပျံသန်းရ လွယ်ကူစေမှာဖြစ်ပြီးတော့ အာကာသယာဉ်မှူးတွေနဲ့ ထောက်ပံ့ရေးပစ္စည်းတွေကို လွယ်လွယ်နဲ့ ပို့ပေးနိုင်အောင် ဖန်တီးထားမှာပါ။ ပြီးတော့ ဒီပတ်လမ်းကနေ ကမ္ဘာမျက်နှာပြင် ၈၅% ကိုမြင်နိုင်မှာဖြစ်ပြီး လူဦးရေရဲ့ ၉၅ % ကို လေ့လာနိုင်မှာဖြစ်ပါတယ်။ ဒီစခန်းရဲ့ အစိတ်အပိုင်းတွေကို အောက်ကပုံတွေမှာ ကြည့်နိုင်ပါတယ်။

ဒီပုံမှာ နိုင်ငံအသီးသီးရဲ့ မော်ကျူးပုံတွေနဲ့ တည်နေရာတွေကို မြင်ရမှာပါ။

ပုံက သေးနေရင် ချဲ့ကြည့်လို့ရပါတယ်..။ အစိတ်အပိုင်းတွေကို မဆက်ခင်မှာ မြင်နေရတဲ့ ဒီဇိုင်းပုံပါ။

အမေရိကန်ရဲ့ အခန်းကဏ္ဍနဲ့ တာဝန်ယူမှု

ယူအက်စ်အနေနဲ့ ဒီစခန်းမှာ ပါဝင်တဲ့ ပင်မအစိတ်အပိုင်းတွေနဲ့ စနစ်တွေကို တီထွင်ဖန်တီးပေးရပါမယ်။ သူ တာဝန်ယူရတဲ့ ပင်မအစိတ်အပိုင်းတွေထဲမှာ ဆက်သွယ်ပေးမည့် မော်ကျူးသုံးခု (three connecting modules)၊ သုတေသနခန်းမော်ကျူး (Laboratory Module)၊ ထောက်တိုင်အပိုင်းများ (Truss segments)၊ နေရောင်ခြည်သုံးဆိုလာပြားတန်းလေးခု (four solar arrays) ၊ နေထိုင်ရာမော်ကျူး (a habitation module)၊ (three mating adapters)၊ (a cupola)၊ ကုန်ပစ္စည်းသယ်ဆောင်မယ့် ဖိအားမပေးထားသော ယာဉ် (an unpressurized logistics carrier)၊ (a centrifuge module) တို့ပါဝင်ပါတယ်။ နောက် ယူအက်စ်က တာဝန်ယူပေးရမယ့် စနစ်တွေထဲမှာ အပူထိန်းချုပ်ရေးစနစ် (Thermal Control)၊ သက်ရှိနေထိုင်နိုင်ရေးစနစ် (Life support)၊ လမ်းညွှန်မှုများ (Guidance)၊ ပဲ့ထိန်းသွားလာမှုနှင့် ထိန်းချုပ်ခြင်းစနစ် (Navigation and Control)၊ အချက်အလက်များ ကိုင်တွယ်ဖြေရှင်းရေး စနစ် (Data Handling)၊ ပါဝါစနစ်များ (Power Systems)၊ ဆက်သွယ်ရေးနှင့် လမ်းကြောင်းရှာဖွေမှုများစနစ် (Communication and Tracking)၊ မြေပြင်ဆောင်ရွက်မှုအခန်းကဏ္ဍ (Ground operation facilities) နှင့် အာကာသယာဉ်အားပစ်လွှတ်မည့် နေရာမှာ အဆင့်ဆင့်ဆောင်ရွက်မည့် အချက်များ (Launch-site processing facilities) တို့ဖြစ်ပါတယ်။

နိုင်ငံတကာ၏ တာဝန်ယူမှုများ

- ကနေဒါနိုင်ငံကနေ အာကာသစခန်းမှာ အစိတ်အပိုင်းတွေကို တပ်ဆင်ဖို့အတွက်၊ နောက် ထိန်းသိမ်းဖို့အတွက် ၅၅ ပေအရှည်ရှိတဲ့ စက်ရုပ်လက် တစ်ခုကို ထောက်ပံ့ပေးမှာပါ။

ဒါက ကနေဒါက ထောက်ပံ့ပေးတဲ့ စက်ရုပ်လက်ပါ။

- ဥရောပ အာကာသအေဂျင်စီကတော့ ဖိအားပေးထားတဲ့ သုတေသနအခန်းကို တည်ဆောက်နေပါတယ်။ ဒီအခန်းကို အာကာသလွန်းပျံယာဉ်နဲ့ ပစ်လွှတ်မှာဖြစ်ပါတယ်။

- ဂျပန်ကတော့ သုတေသနအခန်းတစ်ခုကို တည်ဆောက်နေပါတယ်..။ အဲဒီ သုတေသနအခန်းမှာ အပြင်ဘက် အပိုပလက်ဖောင်းလေးပါဝင်ပြီး စမ်းသပ်မှုတွေအတွက်ဖြစ်စေ နောက် ကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ယာဉ်တန်းတွေအတွက်ဖြစ်စေ အသုံးဝင်အောင် ပြုလုပ်ထားပါတယ်။

- ရုရှကတော့ မော်ကျူးနှစ်ခုကို ထောက်ပံ့ပေးမှာပါ။ တစ်ခုကတော့ early living quarters လို့ခေါ်ပါတယ်။ သူ့ကို service module လို့လည်းခေါ်ပြီး ကိုယ်ပိုင်ရပ်တည်နိုင်တဲ့စနစ်၊ သက်ရှိတွေ သီးသန့်နေနိုင်မယ့် စနစ်တွေ ပါဝင်ပါတယ်။ ဆိုလိုတာက ဒီမော်ကျူးရပ်တည်ဖို့အတွက် တခြားမော်ကျူးတွေပေါ် မှီခိုအားထားမှာ မဟုတ်ပဲ ကိုယ်ပိုင်သီးခြား ရပ်တည်နေနိုင်တဲ့ မော်ကျူးပါ။ နောက်တစ်ခုက လျှပ်စစ်စွမ်းအင်တွေ ထုတ်ပေးမယ့် နေရောင်ခြည်သုံးဆိုလာပြားတန်းကြီးပါ။ ဒီကနေ လျှပ်စစ် ၂၀ ကီလိုဝပ်ထုတ်ပေးနိုင်ပြီးတော့ ကုန်သေတ္တာတင်ယာဉ်နဲ့ အာကာသယာဉ်မှူးတွေ အဆင်းအတက်လုပ်နိုင်မယ့် Soyuz အာကာသယာဉ်တို့အတွက်ပါ လျှပ်စစ်ဓါတ်လုံလုံလောက်လောက် ထောက်ပံ့ပေးမှာပါ။

ဒါ့အပြင် ဘရာဇီးနဲ့ အီတလီတို့ကနေ အာကာသစခန်းအတွက် လိုအပ်တဲ့ ပစ္စည်းပစ္စယအချို့ကိုလည်း ထောက်ပံ့ပေးနေမှာပါ။ ကျန်တဲ့ တပ်ဆင်မှု အဆင့်ဆင့် အသေးစိတ်ကို မသွားခင်မှာ ပုံတစ်ချို့ကို ရှုစားပြီး ဒီပို့စ်အပိုင်း (၁) ကို ရပ်လိုက်ပါတယ်။

ဒါက နိုင်ငံတကာအာကာသစခန်းကို ၂၀၀၀ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့က မြင်ရတဲ့ပုံပါ။ ဒါဟာ စခန်းတစ်ခုလုံးရဲ့ ပုံများထဲက အစောဆုံးပုံဖြစ်ပါတယ်..။ ဒီပုံမှာ ဆိုလာပြားတွေတပ်ဆင်ထားပြီးတာကို မြင်ရပါလိမ့်မယ်။ ဒီလို သီးသန့်ခွဲထုတ်မပစ်လိုက်ခင်မှာ လွန်းပျံယာဉ်နဲ့ ချိတ်ဆက်ပြီး ၇ ရက်ကြာ လွန်းတင်ခဲ့ရပါတယ်.. (Docking)။

၂၀၀၂ ခုနှစ် အောက်တိုဘာ ၁၆ မှာ နောက်ခံ တိမ်လိမ်တွေနဲ့ ရိုက်ထားတာပါ။ အတ္တလန္တိတ်အာကာသ လွန်းပျံယာဉ်ပေါ်ကနေ ရိုက်ထားတာတဲ့..။

၂၀၀၄ ခုနှစ် ဧပရယ် ၁၂ ရက်နေ့ကပုံပါ။ အာကာသယာဉ်မှူး၊ Expedition 8 ရဲ့ ကွန်မန်ဒါ (Commander) နဲ့ နာဆာရဲ့ ISS science officer ဖြစ်သူ C. Michael Foale ပါ။ လေ့ကျင့်ခန်းလုပ်နေတဲ့ပုံတဲ့။


ဒီပုံက မြင်ရတာ သိပ်လှတယ်..။ ဒါပေမယ့် အသည်းမခိုင်ရင်တော့ ဘာမလုပ်မှ မလုပ်ဖြစ်ပဲ အသက်ထွက်သွားလိမ့်မယ်..။ အောက်မှာမြင်နေရတဲ့ ကုန်းမြေက နယူးဇီလန်နဲ့ ကွတ်ရေလက်ကြားပါ။ အာကာသမောင်များဖြစ်တဲ့ Robert L. Curbeam နဲ့ Christer Fuglesang တို့က ထောက်တိုင်အသစ် (truss sengment) ကို အာကာသစခန်းမှာ တပ်ဆင်နေတာပါ။ ပြီးတော့ ပါဝါဂရစ်တွေကို အဆင့်မြှင့်ဖို့ စတင်နေကြပါတယ်။ ၂၀၀၆ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့ကပုံပါ။

အာကာသစခန်းကို အတ္တလန္တိတ်လွန်းပျံယာဉ်နဲ့ သီးခြားခွဲပြီးတဲ့အချိန်မှာ မြင်ရပုံ။ ၂၀၀၇ ခုနှစ် ဇွန်လ ၁၉ ရက်နေ့ပါ။


ဒီပုံကို အာကာသလွန်းပျံရင် ဒစ်ကာဗရီ (Discovery) ကနေလှမ်းမြင်နေရတာပါ။ အာကာသစခန်းကို လွန်းတင်ထားတဲ့ အာကာသယာဉ်နှစ်စီးနဲ့ ခွဲထားပြီးတဲ့အချိန်မှာ မြင်ရတာပါ။ လွန်းတင်တာ ပြီးဆုံးသွားချိန်ကတော့ ၂၀၀၈ ခုနှစ် ဇွန်လ ၁၁ ရက်နေ့ပါ။

ဒါက Expedition 28 က Crew တွေပါ..။ ၂၀၁၁ ခုနှစ် မေလ ၂၃ ရက်နေ့မှာ Soyuz TMA - 20 ကို လွန်းဖြုတ်ပြီးတာနဲ့ Expedition 28 ကစတင်ဆောင်ရွက်မှာပါ။

(ပုံတွေကို နာဆာကနေယူပါတယ်..။ ပုံတွေကို နှိပ်ကြည့်ရင် အကျယ်မြင်နိုင်ပြီး တော်တော်လှပါသည်)

ခင်မင်လျက်
နေ၀သန်

ကျမ်းကိုး (References)။ ။ shuttlepresskit, NASA

ကမ္ဘာပေါ်က အလှဆုံးငှက်များ

$
0
0
ကမ္ဘာပေါ်မှာ လူတွေမမြင်နိုင် မသိနိုင်သေးသော ထူးဆန်းအံ့သြဖွယ်ရာများစွာ ရှိနေပါသေးသည်။  ရှာဖွေစူးစမ်းတတ်သည့် လူသားတို့ကလည်း မလျှော့သော ဇွဲဖြင့် ကြိုးစားရှာဖွေနေသလို တွေ့ရှိချက်တွေကလည်း တဖြည်းဖြည်းများပြားလာခဲ့သည်။ အခုတော့ ယနေ့ ကမ္ဘာမှာ လူသားတွေတွေ့ရှိသလောက် ငှက်မျိုးစိတ်များထဲမှာ အလှပဆုံး ငှက်များကို ရွေးချယ်တင်ပြလိုက်ပါသည်။

(၁) Rainbow Lorikeet

Lorikeet ဆိုတာကြက်တူရွေး အမျိုးအစားထဲကပါ။ သြစတြေးလျနိုင်ငံက ဖြစ်ပြီးတော့ ပစိဖိတ်ကျွန်းအတော်များများမှာ တွေ့ရှိနိုင်ပါတယ်။ အများဆုံး တွေ့နိုင်တာကတော့ သြစတြေးလျနဲ့ တန်စမေးနီးယားတို့ရဲ့ အရှေ့ဘက် ကမ်းရိုးတန်းတလျှောက်မှာ ပိုမို တွေ့ရပါတယ်။ များသောအားဖြင့် စိုစွတ်တဲ့ မိုးသစ်တော၊ ကမ်းခြေတလျှောက်နဲ့ သစ်တောထူထပ်တဲ့ နေရာတွေမှာ တွေ့ရများပါတယ်။ ကျွန်တော့်လက်ထဲမှာရှိတဲ့ မြန်မာအဘိဓါန်မှာတော့ သတ်မှတ်ချက်မရှိပါဘူး။ တကယ်လို့ တစ်စုံတစ်ယောက်က သိခဲ့ရင် မြန်မာဘာသာနဲ့ ဖော်ပြပေးခဲ့နိုင်ပါတယ်။ ဒီငှက်မှာ အနီရောင်နဲ့ သက်တန့်ရောင်စုံ နှစ်မျိုးရှိတယ်လို့ ဖော်ပြထားပါတယ်။ ငှက်ရဲ့ အမွေးတွေမှာ သက်တန့်ရောင်စဉ် အားလုံးကို တွေ့ရှိနိုင်ပြီး ကမ္ဘာပေါ်က အလှဆုံးငှက်များစာရင်းဝင်ဖြစ်ပါတယ်။

Photo: Benjamin444

(၂) Golden Pheasant

နောက်တစ်မျိုးက ရွှေရောင်ရစ်ငှက်ပါ။ တရုတ်ရစ်ငှက်လို့လည်း ခေါ်သေးတဲ့ ဒီငှက်ကလည်း မျက်စိပသာဒကို ဆွဲဆောင်နိုင်လွန်းတဲ့ အံ့အားသင့်စရာ အရောင်များနှင့် ငှက်တစ်မျိုးဖြစ်နေပြန်ပါတယ်။   သူဟာ သားကောင်လိုက်တဲ့ ငှက်အမျိုးအစားဖြစ်ပြီး ဇာတိကတော့ တရုတ်ပြည်မဖြစ်ပါတယ်။ ဒါပေမယ့် များသောအားဖြင့် ပေါက်ဖွားရာဒေသတွေဟာ အင်္ဂလန်စတဲ့ အရပ်တွေမှာ ဖြစ်တတ်ပါတယ်။ အမောက်နဲ့ အမြီးပိုင်းတွေက ရွှေရောင်အဆင်းနဲ့ဖြစ်ပြီး ခန္ဓာကိုယ်ကတော့ အနီရဲရဲတောက်နေပါတယ်။ မိတ်လိုက်ခါနီးမှာ အထီးတွေက လိမ္မော်ရင့်ရောင် ကုတ်မွေးတွေကို ဖြန့်ခင်းလိုက်ပြီး အ၀ါနဲ့အနက်တောက်တောက် မျက်လုံးတွေဝန်းကျင်မှာ အမည်းနဲ့လိမ္မော်ရောင်စီခြယ်ထားတဲ့ ယပ်တောင် တစ်ခုအလား သဏ္ဍာန်တူပါတယ်။ 
 

Photo: Dcastor

(၃) The Bali Bird of Paradise

ကောင်းကင်က ပေါက်ဖွားလာသော ငှက်များလို့ အဓိပ္ပါယ်သက်ရောက်မယ့် ဒီငှက်တွေဟာ အားလုံးနီးပါး ရင်သပ်ရှုမောစရာ အရောင်စုံ အတော်အလက်များနဲ့ သိပ်ကို လှပလွန်းပါတယ်။ ဒီငှက်များကို အများဆုံး New Guinea ကျွန်းမှာ တွေ့နိုင်ပါတယ်။ အဆိုပါ ငှက်အမျိုးအစားပေါင်း လေးဆယ်လောက်ရှိတယ်လို့ မှတ်တမ်းတင်ထားနိုင်ပြီး အားလုံးသော ငှက်တွေကို မှတ်မိစေလွယ်ပါတယ်..။ ဘာလို့လဲဆိုတော့ အထီးငှက်တွေရဲ့ အမွေးအတောင်တွေဟာ ဘယ်လိုမှ မေ့မရအောင်ကို လှပလွန်းကြလို့ပါတဲ့..။ ဒီလိုငှက်တွေကို ခင်ဗျားတို့အနေနဲ့ ရုပ်ရှင်တွေထဲသာ မြင်ရပါလိမ့်မယ်..။ ဘာလို့လည်းဆိုတော့ သူတို့က လူတွေအလွယ်တကူမရောက်နိုင်သော ထူထပ်သိပ်သည်းလှတဲ့ စိုစွတ်တောတွေထဲမှာ နေထိုင်ကြလို့ပါ။

Photo: Angela Lawadi

(၄) The Scarlet Macaw

 ဒါကတော့ အနီရောင်ကြက်တောပါ..။ ဒီငှက်တွေက ကြီးမားလေးလံပြီး အရောင်စုံအမွေးအတောင်၊ ရှည်လျားသော အမြည်းတို့ကိုပိုင်ဆိုင်ပြီး အလေးချိန် ၂.၂ ပေါင်ခန့်လေးပါလိမ့်မယ်။ တောက်ပနေတဲ့ အမွေးတွေဟာ ကြက်သွေးရောင်ရဲရဲတောက်နေတာကြောင့် ဒီနာမည်ကို ပေးထားခြင်းဖြစ်ပါတယ်။ အတောင်တွေမှာတော့ အပြာဖျော့၊ အ၀ါ၊ အနီရင့်ရင့်နဲ့ အစိမ်းရောင်တချို့ ရောယှက်နေပါသေးတယ်။ မျက်လုံးကနေ နှုတ်သီးအထိ ဖြူလျော့သော အရေပြားရှိပြီး အဲဒီအောက်မှာတော့ ဖြူပြီးနူးညံ့တဲ့ အမွေးတွေနဲ့ ပြည့်နေပါတယ်..။ ဇာတိကတော့ အမေရိကအပူပိုင်းဇုံက စိုထိုင်းဆများတဲ့ အမြဲစိမ်းတောတွေ လို့ဆိုပါတယ်။

Photo: Ceser Rincon

(၅) Stork Billed Kingfisher

 နှုတ်သီးကျား ပိန်ညှင်းငှက်လို့ဆိုရမလား..။ ဒီလိုငှက်တွေကို တွေ့နိုင်မှာကတော့ အရှေ့အာရှပါ။ အရွယ်ရောက်ပြီး ကြီးမားတယ်လို့ဆိုနိုင်မယ့် ဒီငှက်တွေမှာ အရှည်အားဖြင့် ၁၄ လက်မခန့်ရှိပါတယ်။ အရောင်တွေကတော့ ပုံမှာမြင်ရတဲ့အတိုင်းရှိပြီးတော့ များသောအားဖြင့် ရေကန်၊ မြစ်နဲ့ ကမ်းရိုးတန်းတွေမျာ ကျက်စားတတ်ပါတယ်..။ ဒီငှက်တွေဟာ လင်းယုန်လို အကောင်တွေကိုတောင် ခြောက်လှန့်ဖမ်းဆီးနိုင်စွမ်း ရှိပါတယ်။

Photo: JMGarg

(၆) Painted Bunting

 နာမည်လေးပေးထားတာကတော့ လှလိုက်တာ..။ ဆေးရောင်ခြယ်ထားသော ပိတ်သားစလေးတဲ့..။ ဒီငှက်ရဲ့ အရောင်အသွေးကို ကြည့်လိုက်ရင် ဘယ်လောက်နူးညံ့လိမ့်မလဲ..။ မြောက်အမေရိကားမှာတော့ အလှဆုံးငှက်ပါတဲ့..။ ခန္ဓာအရောင်က အပြာရင့်ရင့်၊ အစိမ်း၊ အနီနဲ့ ခြယ်သထားပြီး ဒီငှက်တွေက သီချင်းလေးဆိုနေရင်တောင်မှ ခြုံတွေကြားထဲမှာ အင်မတန်ရှာရဖွေရ ခက်ပါသတဲ့..။ ဒီငှက်တွေက ခြုံပုတ်တွေ၊ သစ်တောစွန်းတွေ၊ ရှုပ်ရှပ်ခတ်နေတဲ့ ခြုံလိုနေရာမျိုးမှာ နေတတ်ပြီး အမေရိကားတစ်နိုင်ငံလုံးမှာ တွေ့ရတတ်ပါတယ်.။

Photo: Doug Janson

(၇) Keel Billed Toucan

ဘာသာပြန်ရတော့ အခက်သား..။ မြန်မာအဘိဓါန်ကလည်း မရှိ..။ ရှိတာကလည်း မစုံဆိုတော့..။ အင်္ဂလိပ်လိုပဲ ပေါ့နော်... :P..။ နှုတ်သီးကြီးကြီးနဲ့ ငှက်ပေါ့..။ တောင်ပိုင်းအမေရိကန်ငှက်မျိုးဖြစ်ပြီး များသောအားဖြင့် စိုစွတ်တဲ့တောအုပ်ထဲမှာ နေထိုင်ကျက်စားသတဲ့..။

Photo: Adalberto Harnandez Vega

အလှဆုံးရယ်လို့ စာရင်းမ၀င်ပေမယ့် လှပပြီး ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ငှက်တွေကို အောက်မှာ စုစည်းဖော်ပြပေးလိုက်ပါတယ်။ 

 Green Jay

 Winson's bird of paradise

 Lady Amherst's Pheasant

 Nicobar Pigeon

 Himalayan Monal

 Sup, Polish Chicken

 Quetzal

Peacock

 Flamecrest

Formosan Magpie

Reference:  environmentalgrifitti, google search
အားလုံးကို လေးစားလျက်
နေ၀သန်

စပ်မိစပ်ရာ

$
0
0
မင်္ဂလာပါ..။ အားလုံးနေကောင်း ကျန်းမာပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ဗျာ..။

နေ၀သန်မှာ တစ်နေ့တုန်းက ခပ်ပျင်းပျင်းရှိတာနဲ့ ဖုန်းထဲက google+ application လေးကို ပြန်မွှေနှောက်မိပါတယ်။ စစချင်းသွင်းထားတုန်းက စမ်းသပ်ကာလမို့ သုံးလို့မရသေးတာနဲ့ အခုများရမလားဆိုပြီး သုံးကြည့်လိုက်ပါတယ်။

Google အကောင့်ကိုတောင်းတော့ ဒီဘလော့ခ်အကောင့်လေးကိုပဲ သွင်းပြီး လုပ်လိုက်မိတယ်..။ ဒီလိုနဲ့ ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့်နဲ့.. နည်းနည်းတော့ ပျော်သလိုပဲ..။ ဒါပေမယ့် ဖေ့စ်ဘွတ်လောက်တော့ စိတ်ထဲ ဖီလင်သိပ်မလာပါဘူး..။ ဒါနဲ့ ဖြစ်ချင်တော့ Photos ဆိုတဲ့အထဲမှာ နေ၀သန်ဘလော့ခ်ထဲက ပုံတွေအကုန်လုံးက အလိုလိုတင်ထားသလို ဖြစ်သွားတယ်..။ ဘာမှ ထွေထွေထူးထူးပုံတွေမပါပေမယ့် စိတ်ထဲမှာတော့ မနှစ်မြို့ဘူး..။ Gmail Account တစ်ခုမှာရှိတဲ့ ပုံတွေအကုန်လုံးကို အလိုအလျောက်တင်လိုက်တယ်ဆိုတာ သဘာဝမကျဘူး..။ ဒါက သာမန်ဘလော့ခ်မေးလ်ကိုပဲ သုံးလို့ ဘာမှမဖြစ်တာကိုး..။ တကယ်လို့များ တကယ်သုံးနေတဲ့ မေးလ်အကောင့်သာသုံးမယ်ဆိုရင် ကွိုင်ပဲ..။

Google ကပထမတစ်ခါ လုပ်ပြီးပါပြီ..။ Buzz နဲ့..။ စစထွက်ချင်းပဲ သုံးသပ်ချက်တွေ ပလူပျံသွားပြီး အလူးအလဲ Buzz off တွေလုပ်လိုက်ကြတာ.. ထင်သလောက် မအောင်မြင်လိုက်ဘူး..။ အခုလည်း Google Plus..။ ပုံတွေ အလိုလိုတင်ပစ်လိုက်တယ်..။ အဲဒါနဲ့ ကျွန်တော်လည်း စိတ်တိုတိုနဲ့ အဲဒီ အယ်လ်ဘမ်ကို ဖျက်ပစ်လိုက်တယ်။ အဲဒီတော့မှ ငါးပါးမှောက်တော့တယ်..။ အဲဒီပုံတွေက Google Plus မှာတင်ပျက်တာမဟုတ်ပဲ ဘလော့ခ်ထဲကနေပါ အကုန်ပျက်ကုန်တယ်..။ အခုနေ နေ၀သန်ရဲ့ဆိုဒ်ထဲက ပုံတွေကို သွားကြည့်ရင် ဘာပုံမှ မရှိတော့ဘူး..။ ပုံတွေတင်ထားတဲ့စာတွေကလည်း အများကြီးဆိုတော့ တစ်ခုချင်းစီလည်း ပြန်မလုပ်နိုင်ဘူး..။ Back up လုပ်ထားတာကလည်း နောက်ဆုံးပို့စ် ၁၀ ခုလောက်မတင်ခင်ကတည်းက လုပ်ထားတာဆိုတော့ အဲဒါကို ပြန်သွင်းရင်လည်း နောက်ကစာတွေ ပျက်ကုန်ရုံပဲရှိတော့မယ်..။ ဒါနဲ့ စာရေးချင်စိတ်ကလည်း မရှိ... စိတ်ကလည်း ညစ်တာနဲ့ ဘလော့ခ်ကို ပိတ်ထားလိုက်တာ... အခုထိပါပဲ..။

ဒီနေ့တော့ သီတင်းကျွတ်လပြည့်နေ့..။ အဘိဓမ္မာအခါတော်နေ့...။ မြန်မာလတွေထဲမှာ သင်္ကြန်ထက်ပိုပြီး ရင်ခုန်ကြည်နူးရတာ ဒီသီတင်းကျွတ်ပါပဲ...။ ဒီအချိန်ရောက်ရင် ဆော့ဆော့မဆော့ဆော့ ရင်ထဲမှာကို အေးနေတာပါပဲ..။ မိုးလေကင်းလွှတ် သီတင်းကျွတ်ဆိုတဲ့အတိုင်း ကြည်လင်နေတဲ့ ကောင်းကင်ပြင်ကို ကြည့်ရင်း စိတ်ထဲအလိုလို ကြည်နူးမိတယ်..။ ဟိုးငယ်ငယ်ကတော့ ပထမအစမ်းစာမေးပွဲဖြေဆိုပြီးတဲ့ အချိန်မို့ ရင်ထဲမှာလည်းပေါ့ပါး...။ ပြီးတော့ ရပ်ကွက်ထဲမှာ မီးတွေကလည်း လင်းထိန်နေအောင်ထွန်းကြ.. ဟိုနားက ဗျောက်ဖောက်သံ..။ ဒီနားက မီးရှူးဖေါက်သံတွေနဲ့ စီစီကို ညံနေတာ တကယ်ကို လွမ်းစရာပါ..။

အခု အမိမြေနဲ့ ဝေးနေတဲ့အခါမှာ လပြည့်လကွယ် အခါကြီးရက်ကြီးတွေကို မနည်းမှတ်မိအောင် လုပ်နေရတယ်။ အင်တာနက်ရဲ့ ကျေးဇူးလို့ဆိုရမလား...။ ဥပုပ်အဖိတ် အမြဲတမ်း ဆော်သြသံတွေ ညံနေတာမို့ တကယ်ပါ... မြန်မာလူမျိုးဖြစ်ရတာ တကယ်ကို ကျေနပ်မိပါတယ်..။

ဒီနေ့မနက် ဘုရားဆွမ်းတော်ကပ်ရင်း စဉ်းစားမိတာရှိတယ်..။ အဆောင်မှာနေတုန်းက ဘုရားကပ်ဖို့ ပန်းဝယ်လာတိုင်း အမြဲမေးခံရပါတယ်..။ ကောင်မလေးက ပေးတာလားတဲ့..။ သူတို့မှာ ပန်းကိုအသုံးချဖို့က ရည်းစားစကားပြောခါနီးရယ်.. တစ်ခုခု ဂုဏ်ပြုချင်ရင်ရယ်.. နောက် အိမ်ထဲမှာ ပန်းအိုးအလှထိုးချင်ရင်ရယ်.. ဒါလောက်ပဲသုံးတာကိုး..။ ဒီတော့ ရည်းစားကပေးတာလည်းမဟုတ်... ဂုဏ်ပြုခံရတာလည်းမဟုတ်... ။ ဒါဆို ပန်းအလှထိုးချင်တာပဲဖြစ်နေရော...။ ဒါနဲ့ ဘယ်လိုရှင်းပြရမှန်းကိုမသိတာနဲ့ ဗုဒ္ဓမြတ်စွာဘုရားကို ကပ်လှူတယ်လို့ ပြောပြလိုက်တော့.. မင်းတို့ဘုရားက ပန်းကြိုက်သလားတဲ့..။ ဒီတော့ ဖြေရမယ့်အဖြေက တစ်ချက်တည်းနဲ့ မရတော့ဘူး..။

ဒီနေရာမှာ ကိုးကွယ်မှုနဲ့ပတ်သက်လို့ ရောနှောနေတဲ့ ဓလေ့လေးတွေရှိပါတယ်..။ ဥပမာ နတ်ကွန်းမှာ ဆွမ်းတင်တာ..။ နတ်ဆိုသော အရာကို ကိုးကွယ်ရာမှာ (၁) ကြောက်လို့ (၂) လိုချင်တာတောင်းချင်လို့ ဆိုတဲ့ နှစ်ချက်ပဲရှိတယ်..။ ဒီတော့ ထမင်း၊ ဟင်းစသည်အားဖြင့် တင်တတ်ကြတယ်..။ ဒီဓလေ့ဟာ ကမ္ဘာအနှံ့နှံ့မှာ ရှိနေတတ်တယ်..။ ဒါတွေကို မြင်ဖူးကြတာမို့ ကျွန်တော်ဘုရားဆွမ်းကပ်တဲ့အခါကျတော့ ဒီလိုပဲ လို့ထင်ကြတယ်..။ ဒါနဲ့ ၂၁ ရာစုလိုခေတ်မှာ ဒါမျိုးလုပ်တယ်ဆိုပြီး လှောင်ချင်ကြတယ်..။

ဒီနေရာမှာ ကျွန်တော်ဖြေကြားလိုသော ကျွန်တော်ယုံကြည်သော အဖြေကို ပြောပါမယ်..။ ဘုရားဆွမ်းတော်ကပ်ခြင်းဟာ (၁) မြတ်စွာဘုရားကို ကြောက်လို့ မဟုတ်ပါ။ (၂) မြတ်စွာဘုရားဆီက လိုချင်သောအရာကို တောင်းချင်လို့ မဟုတ်ပါ။ (၃) မြတ်စွာဘုရားက ငါ့ကိုဒါကပ်ရင်ကပ် မကပ်ရင် ဘာလုပ်မယ် ညာလုပ်မယ်ဆိုပြီး ခြိမ်းခြောက်ထားလို့ ကပ်တာ လုံးဝလုံးဝ မဟုတ်ပါ..။ ဒါဆိုရင် ဘာလို့ကပ်လဲလို့မေးရင် အဖြေက ရိုးရိုးလေးပါပဲ.. `လေးစားလို့ပါ`။ လူ့စကားနဲ့ပြောရင် `လေးစားလွန်းလို့.. ကြည်ညိုလွန်းလို့`။ သတ္တ၀ါတွေ ဖြားယောင်းခံထားရတဲ့ သံသရာဝဲဂယက်ထဲကနေ လွတ်မြောက်နိုင်မယ့် နည်းလမ်းကို ကိုယ်ကိုယ်တိုင် ဆရာမပါပဲ ရှာဖွေတွေ့ရှိခဲ့သော မြတ်စွာဘုရား၊ ကျွတ်လွတ်မယ့်သတ္တ၀ါတွေကို ရသလောက် ချွတ်ပေးသွားခဲ့သော မြတ်စွာဘုရား၊ နောက်အနာဂတ်မှာ အကျွတ်တရားရနိုင်မယ့် သတ္တ၀ါတွေအတွက် သာသနာ့အမွေအနှစ်ကို ချန်ရစ်ထားခဲ့သည်အထိ မဟာဂရုဏာကြီးမားသော မြတ်စွာဘုရားပါ။ ဒါကို လေးစားကြည်ညိုလွန်းအားလို့ ပရိနိဗ္ဗာန်စံပြီးသော ဘုရားရှင်အား သက်ရှိထင်ရှားရှိနေသကဲ့သို့ ရင်ထဲက လေးလေးနက်နက်နဲ့ ဘုရားကို ကိုယ်ကိုယ်တိုင်ကပ်လှူပူဇော်နေရသလို ခံစားမိသောကြောင့် ဆွမ်းပန်းရေချမ်းကပ်လှူခြင်းပါ..။ ဆွမ်းတော်ဟာ ဆွမ်းဘုဉ်းပေးရန်အတွက်ပါ..။ သောက်တော်ရေဟာ သောက်သုံးရန်အတွက်ပါ..။ ဆီမီးတော်ဟာ ဘုရားရှင်အား လင်းထိန်နေသော ကျောင်းဆောင်မှာ စံမြန်းစေလိုသောအတွက်ပါ။ ပန်းတော်ဟာ ရနံ့များမွှေးပျံ့နေသော မင်္ဂလာဥယျဉ်တော်အတွင်း ရောက်ရှိနေသလို.. ပန်းပေါင်းစုံရနံ့ကို ခံစားမိရင်း စိတ်လက်ကြည်လင်လန်းဆန်းစေလိုသော ရည်ရွယ်ချက်အားဖြင့် ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးတို့ကို ကပ်လှူပူဇော်ပါတယ်..။ ဒါက ကျွန်တော့်စိတ်ထဲမှာ ယုံကြည်သော အရာပဲဖြစ်ပါတယ်..။

ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေဟာ အကြောင်းနဲ့အကျိုးကို ယုံကြည်သောသူများဖြစ်ပါတယ်..။ အကြောင်းမလှခဲ့လျှင် အကျိုးမကောင်းနိုင်သလို အကြောင်းကောင်းလျှင် အကျိုးလှတတ်ပါတယ်..။ သေလွန်အနိစ္စရောက်အပြီး မကျွတ်မလွတ်သော သတ္တ၀ါများ နေရာတိုင်းမှာ ရှိတတ်ပါတယ်..။ သူတို့ဟာ သူတို့အတွက် ကောင်းမှုကုသိုလ်ပြုပေးနိုင်မယ့်သူတွေကို အမြဲမျှော်လင့် နေတာပါ..။ ဒီတော့ နေ့စဉ်ဘုရားရှိခိုးရင်း သူတို့တွေအတွက် အမျှအတန်းပေးဝေခြင်းဟာ ကြီးမားလှတဲ့ ကုသိုလ်ပြုနေခြင်းပါ..။ နေ့စဉ် ကိုယ်ပြုတဲ့ ကောင်းမှုတွေအတွက် အမျှအတန်းပေးဝေခြင်းအားဖြင့် မကျွတ်သောသူများ ကျွတ်လွတ်တတ်သလို၊ ကောင်းရာဘုံဘ၀ရောက်နေသူများတောင် ဒီ့ထက်ပိုကောင်းတဲ့ ဘုံဘ၀ကိုရောက်နိုင်တာမို့ အမျှအတန်းပေးဝေခြင်းကို တတ်နိုင်သမျှလုပ်သင့်ပါတယ်..။

ကောင်းပါပြီ..။ ဘုရားကိုဘာလို့ ဆွမ်းတော်ကပ်သလဲ.. ပြီးရင် ဘာလို့အမျှဝေသင့်သလဲဆိုတာ ပြီးပါပြီ..။ ဒါဆိုရင် ဘာလို့ဘုရားရှိခိုးတာလဲလို့မေးလာရင်တော့ ပထမဆုံးအချက်က ဘုရားကို ကြည်ညိုလေးစားလွန်းလို့ပါ..။ နေ့စဉ်ရှိခိုးတဲ့ စာသားတွေကိုကြည့်ကြည့်ရင် ဘုရားကိုဘုရားအမှတ်၊ တရားကို တရားအမှတ်၊ သံဃာကို သံဃာအမှတ်နဲ့ ရှိခိုးအပြီးမှာ ကိုယ့်ကိုယ်ကို ဘုရား၊ တရား၊ သံဃာကို သက်ဝင်ယုံကြည်သူအဖြစ် သရဏဂုံတင်ပါတယ်..။ ပြီးတော့ ဘုရားပညတ်ပေးခဲ့တဲ့ သာမန်လူသားတို့အတွက် ကိုယ်ကျင့်တရားငါးပါးကို စောင့်ထိန်းပါမယ်လို့ ကတိပြုပါတယ်..။ ဒီလိုကတိပြုတဲ့အတွက် နေ့စဉ်ဘ၀မှာ ငါးပါးသီလထဲက တစ်ပါးပါးကို ချိုးဖို့အခွင့်နည်းလာတယ်..။ ချိုးမယ်ကြံရင် ဘုရားရှိခိုးထားတာကို သတိရတဲ့အတွက် မလုပ်မိတာများလာတတ်ပါတယ်..။

ပြောရရင်တော့ ငါ့ကိုယုံကြည်ပါလို့ ဘုရားဘယ်တော့မှ မပြောခဲ့ဘူး..။ ငါ့ကို ရှိခိုးပါလို့ ဘုရားဘယ်တော့မှ မပြောခဲ့ဘူး..။ ငါ့စကားနားမထောင်ရင် ဘာဖြစ်မယ်ညာဖြစ်မယ်လို့ ဘုရားမပြောခဲ့ဘူး..။ ဒါပေမယ့် မြတ်စွာဘုရားပြောခဲ့တဲ့ စကားတွေက သံသရာမှာ ဘာလုပ်ရင်ဘာဖြစ်မယ်ဆိုတာကို အတိုင်းသား သိနေလို့ ညွှန်ပြဆုံးမခဲ့တာမို့ ဘုရားစကားကို ဗုဒ္ဓဘာသာဝင်တွေ နားထောင်တာပါ..။ ဒါတွေက ဗုဒ္ဓဘာသာဝင် အနေနဲ့ ကျွန်တော်ကိုယ်တိုင် ခံယူထားတဲ့အချက်လေးတွေပါ..။ ကျမ်းကြီးကျမ်းငယ် အသွယ်သွယ်ကို မှီငြမ်းထားတာ မဟုတ်ပါဘူး..။ တကယ်လို့ တတ်သိကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တစ်ဦးဦးက အမှားတစုံတရာတွေ့ခဲ့ရင် ညွှန်ပြခဲ့ပါလို့...။

အဘိဓမ္မာအခါတော်နေ့မှာ အားလုံးကိုယ်စိတ်နှစ်ပါး အေးချမ်းကြပါစေ..။ ဒီလို အခါကြီးရက်ကြီးမှာ တတ်နိုင်သလောက် ဆွမ်းပန်းရေချမ်းကပ်လှူပူဇော်ခဲ့ပါတယ်..။ ၃၁ ဘုံလောကသားများအားလုံး ဤကောင်းမှုအကျိုးကို ရောက်လေရာဘုံဘ၀မှာ သာဓုအနုမောဓနာခေါ်နိုင်ပါစေဗျာ..။



ခင်မင်လျက်
နေ၀သန်

အိုင်ပက်

$
0
0
`မေ့.... ဗိုက်ဆာတယ်...`

ကျောင်းကားပေါ်က ဆင်းပြီး အိမ်ထဲဒရောသောပါး ပြေးဝင်လာသော သားတော်မောင်..။ လူကို မမြင်ရသေးပေမယ့် အသံကိုတော့ ကြားနေရပြီ..။ အင်းလေ.. သားလေးဗိုက်ဆာရောပေါ့...။ မခင်မေတွေးရင်း

`ဟဲ့.. မိစိန်... သားလက်ထဲက ခြင်းထောင်းကိုယူလိုက်..။ ပြီးတော့ ရေခဲသေတ္တာထဲမှာ ထိုးမုန့်ရှိတယ်..။ အဲဒါကို သေချာလှီးထည့်ပြီး ပန်းကန်ထဲထည့်ပေးလိုက်..။ သားအ၀တ်လဲပြီး စားနိုင်အောင် အဆင်သင့်လုပ်ထား။ မိုင်လိုပါဖျော်ထားလိုက်...`

ဟင်းရွက်သင်နေရင်း ပါးစပ်မှ မနားတမ်း မခင်မေပြောချလိုက်မိသည်။ တဆက်တည်း

`သားငယ်..။ ကျောင်းစိမ်းတွေကို သေချာချွတ်ပြီး အ၀တ်လျှော်မယ့်တောင်းထဲ သေချာထည့်.. ကြားလား..။ ဖြစ်သလို ပစ်ထားရင် အရိုက်ခံရမယ်...`

`ဟုတ်တ်တ်တ်..........................`

အော်သာပြောသွားသည်..။ ဘယ်တော့မှ ခိုင်းသည့်အတိုင်း ဖြစ်လာမှာတော့မဟုတ်တာကို သိနေသည်။ မတတ်နိုင်တော့..။ ဒီမှာလည်း ဟင်းချက်ရဦးမည်။ သားအဖေက ဒီညနေ ဧည့်သည်တွေ ခေါ်လာမည်ဆိုတော့ သေချာချက်ပြုတ်ရမည်။ အိမ်ဖော်မိစိန်က တောက်တိုမယ်ရတွေသာ ခိုင်းလို့ရသည်။ ကောင်းကောင်းမွန်မွန် မချက်ပြုတ်တတ်တာကြောင့် မခင်မေကိုယ်တိုင်ချက်မှကို ဖြစ်မည်။ သားအဖေက ထမင်းဟင်းကောင်းကောင်းမှ စားတာမို့ တခါတခါ ချက်ရပြုတ်ရတာ လက်ဝင်လွန်းသည်။ မိန်းမကို ဘာအလုပ်မှ မလုပ်ခိုင်းပဲ ကောင်းကောင်းမွန်မွန် ရှာကျွေးနေတော့လည်း အိမ်ထောင်ရှင်မ ပီသရမှာပေါ့လေ..။

`မေ့.... `

ပြောလည်းပြော... မခင်မေကိုလည်း နောက်ကနေ လာဖက်လိုက်သည့် သားကြောင့် ရုတ်တရက် လန့်သွားသည်။

`ဘာလဲ သားရဲ့..။ စားပြီးပြီလား..။ စားပြီးရင်လည်း ပန်းကန်လေးဘာလေး ဘေစင်ထဲထိ လာထားပါလား..။ စားပြီး ဒီအတိုင်းပစ်ထားတာ မေမေမကြိုက်ဖူးလို့ ပြောထားတယ်နော်... သွားပြန်သွားယူ..`

`ဟုတ်.။ ယူမှာပါ မေမေရ..။ ပန်းကန်တွေကိုဘေစင်ထဲလည်း ထည့်ပေးမယ်..။ ဆေးလည်းဆေးပေမယ်ဆိုရင် သားတောင်းတာ မေမေပေးရမယ်နော်... `

မခင်မေ တစ်ချက်ပြုံးလိုက်မိရင်း...

`ဟုတ်ပါပြီ...။ ပြောင်အောင်သာ ဆေးပါတော်... သိတယ်.. ပူဆာတော့မယ်ဆိုတာ...`

`မပူဆာပါဘူး မေမေရ..။ မေမေပဲ စဉ်းစားကြည့်လေ..။ သားမှာ မနက်ဆိုလည်း အစောကြီးထ ကျူရှင်တက်၊ ပြီးတော့ ကျောင်းမှာတနေကုန်..။ ညဘက်ဆိုလည်း ဂိုဒ်ကလာဦးမှာ..။ မေမေတို့အတွက် သားက ဒီလောက်ကြိုးစားပေးနေတာ... ဆုလေးဘာလေးတော့ ချီးမြှင့်ရမှာပေါ့.. ဟုတ်ဖူးလား..`

အသက်သာ ၁၂ နှစ်..။ ပြောတတ်လိုက်တာ..။ ဒီလိုမျိုး တစ်ဖက်သား ကြွေအောင်ပြောတတ်တာ သူ့အဖေလည်း မပြောတတ်..။ မခင်မေလည်း မပြောတတ်ပါဘူး..။ ဘယ့်နှယ်.. ဒီကလေးကျမှ..။

`ကဲပါ.. ဟုတ်ပါပြီ.. ကိုတတ်သိကြီးရယ်.. ပြောပါဦး..။ သားက ဒီလို လိမ္မာတော့ မေမေက ဘာဝယ်ပေးရမှာလဲ..`

`သားတို့ အတန်းထဲက မျိုးဇာနည်ကို မေမေသိတယ်မလား..။ သူက ဒီနေ့ ကျောင်းကို အိုင်ပက်ကြီး ယူလာတယ်။ ပြီးတော့ အဲဒီထဲကနေ စာဖတ်တာတွေ၊ နောက် အင်္ဂလိပ်စာလေ့လာတာတွေ၊ အကုန်လုပ်လို့ ရတယ်မေမေရ...။ အဲဒါ သားလည်း လိုချင်တယ်..`

`သားပြောတာ မေမေသိပါတယ်..။ ကွန်ပျူတာ အပြားလေး မလား..။ သားရယ်... အိမ်မှာလည်း ကွန်ပျူတာ ၀ယ်ထားပေးတာမှ မကြာသေးပဲ...။ ဘာလုပ်မှာလဲ..။ ပြီးတော့ အဲလိုဈေးကြီးတာဆို ဖေဖေ့ကိုလည်း ပြောရမှာ သားရဲ့... `

`ဟင်... မေမေကလည်း..။ သားက အိုင်ပက်လိုချင်တာက သူများတွေလို ဂိမ်းကစားချင်လို့ ဘာလို့မှ မဟုတ်တာ..။ အဲဒါနဲ့ သားပီယာနိုလည်း တီးလို့ရတယ်..။ စာလည်းဖတ်လို့ရတယ်..။ ပြီးတော့ သားက အင်္ဂလိပ်စာတော်ချင်တာကို... ညဘက်ဆို မေမေတို့နားမှာထားပြီး တရားခွေတွေဘာတွေ လည်းဖွင့်လို့ရ တာကို...`

အနှုတ်လက္ခဏာလေးနည်းနည်းမြင်တော့ နှုတ်ခမ်းလေးစူကာစူကာ ပြောနေသည့် သားတော်မောင်ကို ကြည့်ရင်း မခင်မေပြုံးမိသည်။ အင်းလေ.. ဟုတ်တော့ ဟုတ်ပါသည်။ သားက လိမ္မာသည်။ အတန်းထဲမှာလည်း စာအရမ်းအတော်ကြီးမဟုတ်တောင် တစ်ကနေ တစ်ဆယ်ထိတော့အမြဲဝင်သည်။ ပြီးတော့ မိဘကိုလည်း စိတ်ဆင်းရဲအောင် မလုပ်တတ်ဘူး..။ အခုလည်း တမင်စတန့်ထွင်ချင်လို့ ၀ယ်ခိုင်းတာမှ မဟုတ်ပဲလေ..။ သား ပညာရေးအတွက်ဆိုရင်တော့ ၀ယ်ပေးသင့်တာဝယ်ပေးရမှာပေါ့..။

`ကဲပါ သားရယ်..။ နှုတ်ခမ်းကြီးလည်း သိပ်စူမနေနဲ့.။ ၀က်ဖင်နဲ့တူနေပြီ..။ အိုင်ပက်က ဈေးကြီးတော့ သားဖေဖေကို မေမေပြောကြည့်မယ်လေ..။ ဖေဖေက ၀ယ်ပေးလိုက်ဆိုရင်တော့ ၀ယ်ပေးမယ်။ မ၀ယ်ပေးရဘူးဆိုရင်တော့ မေမေမ၀ယ်ပေးဖူးနော်... ကြားလား..`

အဲဒီတော့မှ ပြုံးပြုံးရွှင်ရွှင်နဲ့...

`ဟုတ်..။ ဒါပေမယ့် ဖေဖေ့ကို ရအောင်ပြောပေးနော်..။ ဖေဖေက မေမေ့ကိုဒီလောက်ချစ်တာ..။ မေမေပြောရင် ရပါတယ်... ဟဲဟဲ.. ဒါဆို သားညဘက် ဂိုဒ်ပေးထားတဲ့ အိမ်စာတွေ သွားလုပ်လိုက်ဦးမယ်... တာ့တာ.. .ရွှတ်..`

ပြောရင်း မခင်မေပါးကို နမ်းကာ အိမ်ပေါ်ပြေးတက်သွားသည့် သားကိုကြည့်ရင်း ရင်ထဲမှာ တကယ်ကို ကြည်နူးမိသည်။ မိဘဆိုတာ သားသမီးအတွက်များ မွေးဖွားလာသလားတော့မသိ..။ သားလေးကို ကြည့်ရင်းနဲ့ အကုန်လုံး ဖြည့်ဆည်းပေးချင်မိသည်။ မိဘမေတ္တာပေါ့လေ..။

`ဟောဒီမှာ... လတ်လတ်ဆတ်ဆတ် ငါးသလဲထိုးတွေ... အခုမှ ဖမ်းလာတာပါ.. ယူကြဦးမလား..`

ရုတ်တရက် အော်သံကြောင့် မခင်မေအတွေးရပ်သွားသည်။ ငါးသလဲထိုး..။ ဟုတ်တာပေါ့..။ မနက်ကရော ခုနလေးတင်ပါ ဈေးထဲ နှံ့အောင်သွားရှာခဲ့သည်။ ဘယ်လိုဖြစ်လို့လဲမသိ ငါးသလဲထိုးတွေ လုံး၀၀ယ်မရခဲ့..။ ဒီနေ့ ဧည့်သည်အဖို့ ငါးသလဲထိုးကို အိုးကပ်ကာ ပင်စိမ်းလေးအုပ်ပြီး ချက်ဖို့ တာစူထားတာ..။ အတော်ပဲ.. အခုရပြီ.။

`ဟဲ့.. မိစိန်.. ခေါ်စမ်းဟဲ့.. ငါးသလဲထိုးသည်... `

အော်လည်းအော်.. မီးဖိုကိုလည်း ကမန်းကတန်းပိတ်ပြီး.. ပိုက်ဆံအိတ်ဆွဲကာ အိမ်ပြင်ထွက်လာမိသည်။ ငါးသလဲထိုးသည် ကောင်လေးက သားအရွယ်လောက်ပါလား...။ လက်ထဲက ငါးတွေကလည်း သိပ်တော့မများဘူး..။

`ကောင်လေး.. ဘယ်လိုရောင်းလဲ... `

`ဒေါ်လေး.. တစ်ထုပ်ကို ခြောက်ရာပါ.။ အခုနှစ်ထုပ်ပဲကျန်တော့တယ်..။ နှစ်ထုပ်လုံးဆို တစ်ထောင်နဲ့ပဲ ယူပါ..`

စကားကို မွန်မွန်ရည်ရည်လေးပြောနေသည့် ကလေးကိုသေချာကြည့်မိသည်။ ကျောင်းစိမ်းပုဆိုးနဲ့ပါလား..။ လက်ထဲက ငါးတွေကတော့ လတ်လတ်ဆတ်ဆတ်..။ ဖက်နဲ့ထုပ်ထားပြီး တစ်ထုပ်စီမှာလည်း ငါးတွေ မနည်းပါလား..။ ခြောက်ရာဆိုတော့ တန်တော့တန်ပါရဲ့..။ ဒါပေမယ့် အိမ်ရှင်မတို့ထုံစံအတိုင်း ဈေးမဆစ်ရလည်း မနေနိုင်တော့...

`ဟဲ့... လျှော့ပါဦးလားဟဲ့..။ နှစ်ထုပ်လုံးယူမယ်.. ရှစ်ရာထား...`

ကောင်လေးက ငြိုးငယ်သော မျက်နှာလေးဖြင့်..

`မလုပ်ပါနဲ့ ဒေါ်လေးရယ်..။ ဒီငါးတွေက ကျွန်တော်ကိုယ်တိုင် ဖမ်းလာတာ..။ အခု ကျောင်းစိမ်းတောင် မလဲရသေးဘူး..။ ကျောင်းဆင်းတာနဲ့ အိုင်ပက်ပြီးဖမ်းလာတာ...။ ပြီးတော့ ဒီထိလာရောင်းရတာ ကားခလည်းရှိသေးတယ်..။ တစ်ထောင်တော့ ပေးပါဒေါ်လေးရယ်..။ နော်.. ဒေါ်လေးသာ ဒီနှစ်ထုပ်လုံးဝယ်လိုက်ရင် ကျွန်တော်လည်း အိမ်ပြန်ရပြီ... `

သားနဲ့မခြား စကားတော်တော်တတ်သည့် ကလေး..။ နဂိုကတည်းက ငါးသလဲထိုးကို လိုချင်နေသည်မို့ တစ်ထောင်ပဲဖြစ်ဖြစ် ယူရမှာပဲ..။ ဒါပေမယ့် စပ်စုချင်စိတ်ကလည်းရှိတာနဲ့..

`အေးပါ..။ ယူမှာပါ.။ ဒါနဲ့.. မင်းက ကျောင်းတက်နေတာလား..`

`ဟုတ်ကဲ့..။ ကျွန်တော် ခုနှစ်တန်းပါ..`

`ကျောင်းသားဆို မင်းအခုလို ဘာလို့ ငါးရှာ၊ ဖားရှာလုပ်နေတာတုန်း..။ ငရဲကြီးမှာ မကြောက်ဖူးလား..`

`ဒေါ်လေးရယ်..။ တတ်နိုင်ရင်တော့ ဘယ်လုပ်ချင်မလဲ..။ အဓိက ပြဿနာက ကျွန်တော်က ကျောင်းနေချင်တာကိုး..။ အိမ်မှာက အစ်ကိုတွေ အစ်မတွေ ဘယ်သူမှ ကျောင်းမနေတော့ဘူး..။ သူတို့အားလုံးအလုပ်လုပ်တယ်..။ ကိုယ်လုပ်တာ ကိုယ်စားနိုင်တာပေါ့..။ အဘတို့ကလည်း အသက်ကြီးပြီလေ..။ ကျောင်းစာရိတ်တွေ ဘယ်ပေးနိုင်မလဲ..။ စားတာတော့ ဖြစ်သလို ရှိတာနဲ့ စားလို့ရတာကိုး။ ကျောင်းတက်ဖို့ကျတော့ စာအုပ်ဖိုး၊ ဘာဖိုးညာဖိုးနဲ့ဆိုတော့ မလွယ်ဘူးလေ..`

ငါးတွေကို ချိန်ရင်း ပိုက်ဆံယူရင်း ပြောပြနေသည်မို့ အတော်စိတ်ဝင်စားမိသည်။

`အင်း.. ဆက်ပါဦး..`

`အဲဒါ ကိုယ့်ဘာသာကိုပဲ ကျောင်းစာရိတ်အတွက် ကြံဖန်ရတာပေါ့..။ အခုလို မိုးတွင်းဆို အိုင်တွေထဲမှာ ငါးတွေဝင်နေတတ်တယ်.။ ရွှံ့တွေထဲမှာ ငါးရံ့တွေ ငါးသလဲထိုးတွေ တိုးပြီးနေတတ်တယ်..။ ကျောင်းဆင်းရင် အိုင်ကို ရွှံ့နဲ့ကာ.။ အိုင်ထဲက ရေတွေကို အပြင်ကို ပက်ထုတ်..။ ရွှံ့ရေပဲကျန်တော့ရင် အဲဒီထဲက ငါးတွေကို ဖမ်းပြီး ပုံးထဲထည့်.. ပြီးတော့ လိုက်ရောင်းတာပေါ့.. ။ တစ်ခါတစ်ခါဆို စာအုပ်ဖိုး၊ ဘောပင်ဖိုးနဲ့ မုန့်ဖိုးတွေ ရတာပေါ့..။ ကျွန်တော်က ပညာတတ်တအားဖြစ်ချင်တယ်..။ အင်္ဂလိပ်စာလည်း လေ့လာချင်တယ်..။ အဲဒီတော့ ကျွန်တော်အတန်းပညာတတ်မှ ဖြစ်မယ်လေ..။ အိုင်ပက်ခြင်းဖြင့် ပညာကို ရှာမည်ပေါ့. .ဒေါ်လေးရယ်.. ကဲ.. သွားတော့မယ်.. ကျေးဇူးတင်ပါတယ်ခင်ဗျ... `

ပြောရင်းဆိုရင်း ထွက်သွားသည့် ကောင်လေးကို အငိုင်သားငေးကြည့်နေမိသည်။ ဟုတ်ပ..ခြေထောက်မှာ ရွှံ့ရည်တွေ ပေနေတုန်းပဲ..။ အခုတော့ ငါးတွေရောင်းပြီးပြီမို့ အိမ်ကိုပြန်တော့မည်ထင်သည်။ ခြေလှမ်းတွေက သွက်လို့..။ အိမ်ပြန်ရင် ရေချိုးထမင်းစားပြီး စာကျက်မှာပေါ့..။ ထမင်းကလည်း ဖြစ်သလိုစားတယ်ဆိုတော့ ငါးပိရည်နဲ့များလား..။ ညဘက်စာကျက်တော့ ဖယောင်းတိုင်နဲ့လား..။ လားပေါင်းများစွာ တွေးရင်း မခင်မေတစ်ယောက် မီးဖိုထဲ ပြန်ဝင်သွားခဲ့ပြီ..။

ခေါင်းထဲမှာတော့ ညဘက် သားဖေဖေကို ပြောရမယ့် `အိုင်ပက်` အကြောင်းကိုပဲ တွေးနေမိမလားပဲ..။

ခင်မင်လျက်
နေ၀သန်

မြိုချခြင်း အနုပညာ

$
0
0
ဘယ်လိုကနေ ဘယ်လိုဖြစ်သွားတယ်မသိပါဘူး..။ ကျွန်တော်တစ်ယောက် အလိုလို ငြိမ်နေမိတယ်။ ဖွဘုတ်မှာ အရင်က Status စာတွေ တဖုန်းဖုန်းတင်နေရင်းကနေ အခုတော့ ဘာဆိုဘာမှ မရေးဖြစ်ဘူး..။ သူများလုပ်တာ ထိုင်ကြည့်..။ သူများတင်တဲ့စာ ထိုင်ဖတ်..။ သူများတင်တဲ့ ထမင်း၊ ဟင်း၊ စားစရာ ထိုင်ငမ်း...။ ခက်တာက တုံ့ပြန်မှုက နတ္ထိဖြစ်နေတယ်။

နောက် ဖွဘုတ်ဆိုတာ ဖွဘုတ်လို့ပဲဆိုရမလား..။ ဖွတဲ့သူက ဖွ..။ ပွလာတဲ့ဟာက ပွလာ..။ ပျောက်သွားတဲ့ဟာက ပျောက်သွားနဲ့လေ..။ ဟိုလူက ရှယ်၊ ဒီလူက ရှယ်တာတွေ ထိုင်ဖတ်..။ သဘောလေးကျရင် တဟီးဟီးနဲ့ ရယ်လိုက်..။ သဘောမကျဘူး၊ စိတ်နဲ့သိပ်မတွေ့ဘူးဆိုရင် ငြိမ်နေလိုက်ပြန်ရော။ အံ့သြစရာ.. ဟိုးအရင်က တခုခုမကောင်းတာမျိုး၊ မသင့်တော်တဲ့ဟာမျိုးတွေ့ရင် တခုခုတော့ ၀င်ပြောနေကျပါ။ အခုတော့ ပြောချင်တာဆို စိတ်ထဲမှာ တဒုံးဒုံးနဲ့ ပြောထည့်လိုက်တယ်..။ လက်တွေ့တော့ ဘာတစ်ခုမှ ၀င်မပြောဖြစ်ဘူး...။

နောက်.. ချစ်သော နိုင်ငံမှာက အပြောင်းအလဲလမ်းစလေးတွေ မြင်လာတော့ ၀မ်းသာမိရဲ့..။ ဘာတွေ ပြောင်းသွားသလဲတော့ သိသိသာသာမသိသေးပေမယ့်... ရန်ကုန်မြို့တော်တွင်းက ရာဇ၀တ်မှု သတင်းတွေကတော့ ကမ္ဘာကျော်လောက်ရဲ့..။ အဲဒီ အပြောင်းအလဲထဲမှာ လေဆိပ်အ၀င်ကော ပါမှာလားလို့ စိတ်ဝင်စားမိတယ်..။ ဘာလို့ဆိုတော့ နောက်လပြည်တော်ပြန်မယ်လေ..။ တစ်ခါက ပြန်တော့ အခွန်ဆောင်ပြီး ပလားတဲ့.. မေးတယ်..။ ကျောင်းသားပါလို့ဆိုတော့ ကျောင်းသားဖြစ်ကြောင်း ထောက်ခံစာပါလားတဲ့..။ ပါဘူး လို့ ဒီက ဒုံးတိတိဖြေတော့.. တဖက်က အူကြောင်ကြောင်ကြည့်တယ်..။ ဒါနဲ့ ဒီဘက်ကလည်း ကျောင်းသားကဒ်ကြည့်မလားလို့ ပြန်မေးလိုက်တော့ ရဒယ်.. ရဒယ်ဆိုပြီး ဒုံးဆို ပြည်ဝင်ခွင့် တံဆိပ်တုံးကြီး ထုပေးလိုက်တယ်။ ပြန်ထွက်ရင် D-Form လုပ်ထွက်တဲ့... ပြောတော့ ဟုတ် ဆိုပြီး ကိစ္စက ပြီးသွားတာပေါ့..။ သူများတွေလိုတော့ ဒေါ်လာရွက်ကလေး ဟိုထဲညှပ်ဒီထဲညှပ်တော့ မလုပ်ဖူးဘူး။ လုပ်လည်း မလုပ်ချင်ဘူး..။ အဲ.. အဲလို မလုပ်ချင်တော့လည်း အခုပိုကုန်တာပေါ့..။ အဲလို ညှပ်ထည့်ရင် မသကာ ၁၀ ဒေါ်လာပေါ့..။ ဟုတ်ဖူးလား..။ အဲဒါမျိုးတွေ လူမိုက်အားမပေးချင်တော့ ကျောင်းသားဖြစ်ကြောင်း ထောက်ခံစာကို သံရုံးမှာ ယူလိုက်တယ်..။ ထောက်ခံစာ ယူခတွေက သတ်မှတ်ထားပြီးသားလေ..။ စာတိုက်ပို့ခနဲ့ ပေါင်းလိုက်တော့ လားလား... ဒေါ်လာ ၅၀ လောက်သွားကျတယ်..။ မှတ်ကရော...။ ဘာဖြစ်လဲ.. `လာဘ်ပေးလာဘ်ယူ၊ တို့ရန်သူ` တဲ့..။ နိုင်ငံကြီးတောင် ပြောင်းလဲတော့မှာ တို့တတွေလည်း ပြောင်းရတော့မှာပေါ့..။ ဟုတ်ဖူးလား..။

ထပ်ပြောရဦးမယ်... မနက်က ထမင်းစားရင်း ဖေ့စ်ဘွတ်ကြည့်နေတာ..။ ကြက်ပေါင်ကို ကိုက်ရင်း တမြုံ့မြုံ့ ထမင်းဝါးရင်း မချောကွန်မန့်ပေးထားတဲ့ ကိုလတ်ရဲ့ ဓါတ်ပုံလေးက တက်လာတယ်..။ နွားကို လည်လှီးပြီး သတ်နေတာလေ..။ လည်ပင်းတစ်ပိုင်းက ပြတ်တော့မယ်..။ ကိုယ့်ကိုယ်ကို သိပ်သနားသွားတယ်..။ စားလက်စ ကြက်ပေါင်ကိုလည်း ဘာလုပ်ရမယ်မသိ..။ ပေါင်ဆိုလို့ ဟိုတစ်နေ့က ကိုယ်ကိုယ်တိုင် ဖွလိုက်တဲ့ စာတစ်ပုဒ်ကို သတိရမိပြန်တယ်..။ ပါကစ္စတန်ပြည်မှာဆိုလား.. ယောက်ျားလုပ်သူကို သတ်ပြီး ချက်စားပစ်လိုက်တာလေ။ ယောက်ျားလုပ်သူက သမီးကို စော်ကားဖို့ ကြံတယ်ဆိုလို့လေ..။ သမီးဇောနဲ့ သတ်တယ်.. ပြီးတော့ ပစ်ရလည်း ခပ်ခက်ခက်.. ဆင်းလည်း ဆင်းရဲဆိုတော့ အတုံးလိုက်အတစ်လိုက် ပိုင်းပြီး ချက်စားတယ်ပေါ့ဗျာ..။ ပေါင်သားကို မဆလာနိုင်နိုင်နဲ့ ချက်တယ်ဆိုပဲ..။ အင်း.. အဲဒါဖတ်ပြီးကတည်းက မဆလာနံ့ရရင် ... အင်း..။ အဲ.. တဆက်တည်းပြောဦးမှ.. ခုနက လည်လှီးတယ်ဆိုမှလေ... ဟိုးလွန်ခဲ့သော ၂ နှစ်ခွဲလောက်ကပေါ့... အလုပ်ကနေ MC လေးယူပြီး အိမ်မှာ နှပ်နေစဉ်ကပေါ့... ဖွဘုတ်မှာ တွေ့လိုက်တယ်။ ကြိုးတုပ်ထားတဲ့ လူတစ်ယောက်ကို အရှင်လတ်လတ် လည်လှီးသတ်နေတာလေ..။ အဲဒါကို ကြည့်ပြီးတော့ တံတွေးမြိုမရ... ရေသောက်ရင် လည်ပင်းမှာ ခို့လို့ခုလုနဲ့လေ..။ အဲဒါကြောင့် ဖွဘုတ်လို့ ပြောတာပေါ့..။ သူက ဖွလို့ အကုန်မြင်နေရတာ... ။ အစ်ကိုအစ်မတို့လည်း သတိထားမိသလားတော့မသိ..။ အခုတလော ဖွဘုတ်မှာ အနိဌာရုံတွေက တယ်များသလားလို့လေ..။ ဘယ်နားက ကားမှောက်သတဲ့..။ လူဘယ်နှစ်ယောက် သေသတဲ့။ ဘယ်နားမှာ ကားတိုက်တာ အူတွေကိုပွင့်ထွက်သွားသတဲ့..။ ဟူးဗျာ... ဒီကြားထဲ... မြန်မာ့ဂုဏ်ဆောင် ဘောလုံးအသင်းက ကြေးတံဆိပ်ကို ဗီယက်ကောင်းတွေကို ဂိုးပြတ်နဲ့ ယူပြလိုက်တော့.. သြော်.... တော်ပါသေးရဲ့လို့ သက်ပြင်းကို ရှူးခနဲချမိရဲ့..။ ပျော်စရာ သတင်းတွေကိုလည်း မြင်ချင်သေးတာကိုးဗျ နော့..။

ဒီမှာက အေးနေပြီဗျ..။ ဆောင်းရာသီ အေးတာ ဆန်းသလားလို့မေးရင် အေးတာက မဆန်းပေမယ့် နောက်ဆက်တွဲတွေက ဆန်းတယ်..။ အင်း.. ပြောရင် ကောင်းမလား... မကောင်းမလားမသိ..။ ကျွန်တော်ကလည်း ဘွင်းဘွင်းသမားကိုးဗျနော့..။ ဟိုးအရင်က အီးဋီကာ (၁)ဆိုတာသာ ဖတ်ကြည့်ရင် ဘယ်လောက်အခွက်ပြောင်သလဲဆိုတာ သိပါလိမ့်မယ်..။ ပြောရမယ်ဆိုရင် ကျွန်တော်က ရေအိမ်သုံးရင် စက္ကူကို မကြိုက်ဘူးခင်ဗျ..။ စိတ်ထဲမှာ မသန့်ဘူးလို့ပဲ ယူဆနေမိတယ်.. (စိတ်ရောဂါဟုခေါ်သည်)။ ဒါကြောင့် ရေပဲသုံးပါတယ်။ အခုကျတော့ ရေက စိမ့်နေပြီ..။ နောက် အိမ်က ကမုတ်ခွက်မှာက အနွေးပေးစက် မရှိဘူးလေ..။ ဒီတော့ သူသူကိုယ်ကိုယ်သုံးတဲ့ အနွေးဓါတ်ရတဲ့ အစွပ်လေးဝယ်ပြီး စွပ်ထားရတာပေါ့..။ ဒါမှ မဟုတ်ရင် () အေးတယ်လေဗျာ..။ အဲဒီမှာ ဒုက္ခရောက်တာပေါ့..။ အစွပ်က ရေထိလို့မှ မရတာ..။ အဲဒီတော့ ရေသုံးမရဘူးပေါ့..။ မဖြစ်မနေ စက္ကူပဲသုံးရတော့ စက္ကူတစ်လိပ်လည်း အလွန်ဆုံး သုံးရက်ပေါ့.. ခံတာ.. :P။ အဲဒီတော့ ကျောင်းက အိမ်သာကို အားထားရတာပေါ့..။ ကျောင်းမှာက ထိုင်ခုံကလည်း အနွေးဓါတ် ပါတယ်။ ရေကလည်း ရေနွေးလေးနဲ့ဆိုတော့ ဇိမ်ပဲ..။ ဒါပေမယ့် နေ၀သန်နဲ့ ဒုက္ခဆိုတာ ညီအစ်ကိုလိုပဲလေ..။ :P.. အိမ်သာတက်ချင်လို့ ၆ ထပ်ကနေ အောက်ဆုံးထပ်အထိ ဓါတ်လှေခါးနဲ့ ဆင်းတယ်.. မြေညီထပ်က အိမ်သာကိုဝင်တော့ မအားဘူး..။ ဒီတော့ အူယားဖါးယားနဲ့ ဒုတိယထပ်ကို ပြေးတယ်..။ သန့်ရှင်းရေးလုပ်နေလို့ ပြန်ထွက်လာရတယ်နဲ့လေ... ။ ဒါကြောင့် အေးလာပြီဆိုရင် ဒီဒုက္ခတွေက အတူတူပါလာကြရော..။

ကိုယ်နဲ့ ဆန့်ကျင်ဖက်အမြင်တွေရှိတဲ့သူနဲ့ စကားပြောကြည့်ရင်း ပေါင်းသင်းဆက်ဆံမှုကို သင်ယူပါတဲ့..။ ဘယ်သူမှ ပြောတာမဟုတ်ပါဘူး.. ကိုယ့်ဘာသာကို ပြောတာ...။ အမြင်မတူတာထက် အမြင်ဆန့်ကျင်နေတဲ့သူတွေနဲ့ ဆွေးနွေးကြည့်..။ ပထမ ဒေါသထွက်လာမယ်။ အငြင်းအခုန်ဖြစ်လာမယ်။ အခန့်မသင့်ရင် တုတ်စွဲ၊ ဓါးစွဲဖြစ်လာမယ်..။ အင်း.. ဒါဆိုရင် ခင်ဗျားဟာ Social world ထဲမှာ အောင်မြင်မှု မရသေးဘူးလို့ ဆိုရမယ်..။ ခင်ဗျားမှာ ရင့်ကျက်မှု၊ တည်ငြိမ်မှုဆိုတာမှ မရှိပဲလေ..။ တချို့တွေ မြင်ဖူးလား..။ တခုခုငြင်းရင် ပြုံးပြုံးလေးနဲ့ လေပြေလေးထိုးပြီး အချက်ကျကျကို ထိအောင်ပြောတာ..။ ဘာမှတော့ဟုတ်ဘူး။ အခုတလော Debate တွေကို မြင်နေကြားနေရလို့..။

ဟိုတစ်နေ့က ရေတံခွန်သွားတယ်..။ မေပယ်ရွက်တွေက အရောင်တွေ စပြောင်းပြီလေ..။ အဲဒီ ရေတံခွန်တောင် တစ်ခုလုံးက မေပယ်ရွက်တွေချည်းပဲ.. အရောင်တွေပြောင်းရင် နီရဲပြီး သိပ်လှတာ..။ ခက်တာက သွားတာက စောနေတယ်... အရောင်တွေက သိပ်မပြောင်းသေးဘူး..။ ဒါနဲ့ ကျောင်းသွားတဲ့ လမ်းက အပင်တွေကို ရိုက်ပြီး ဖွဘုတ်ပေါ် တင်လိုက်သေးတယ်..။ မဆိုးပါဘူး.. နေ၀သန်ရဲ့ မစို့မပို့ အတတ်ပညာနဲ့ ရိုက်ထားတဲ့ ဓါတ်ပုံလေးတွေကို အပေါင်းအသင်းရောင်းရင်းများက အားပေးကြလို့..။ အဲဒါလေး.. စာလည်း မရေးဖြစ်တာကြာလာသကိုး... ဒါနဲ့ အဲဒါလေးနဲ့ တခြားမဖြစ်စလောက် အကြောင်းလေးနဲ့ပေါင်းပြီး စာလေးတစ်ပုဒ်လောက် တင်ဦးမှလို့ အကြံရတာနဲ့ တင်ဖြစ်လိုက်ပါတယ်..။ ဓါတ်ပုံတွေကတော့ ဘယ်သူရိုက်တယ်လဲ မရေးထားပါဘူး..။ မူပိုင်လည်းမလုပ်ထားပါဘူး..။ ကြိုက်သူယူ.. (ယူမယ့်သူလည်း ရှိမှာ မဟုတ်ပါဘူး.. :P)..။ အားလုံး စိတ်လက်ချမ်းသာဖို့သာ ရည်ရွယ်ပြီး တင်လိုက်ခြင်းပါ..။













ကဲ.. အားလုံးပဲ ဓါတ်ပုံလေးတွေကို ကြည့်ရင်းနဲ့ စိတ်ချမ်းသာကိုယ်ကျန်းမာ ရှိကြပါစေဗျာ..။

ခင်မင်လျက်
နေ၀သန်


မပိုင်သော မဆိုင်သော

$
0
0
`အဆောင်မှာ ခြောက်တဲ့ သရဲကြီးရယ်..၊ ဂန္ဓ၀င်မြောက်တဲ့ ချစ်မေတ္တာ..`

မူရင်းဘယ်သူဆိုတယ်ဆိုတာ ရေးရေးပဲရှိတော့ပေမယ့်၊ ကျွန်တော့်နားထဲ အတော်စွဲနေတာက `အောင်နိုင်` ထင်ပါရဲ့။ `တချိန်တုန်းက တက္ကသိုလ်` ဆိုတဲ့ ကက်ဆက်ခွေလေးပါ။ ကျွန်တော့်အသက် ၁၃ နှစ်လောက်ရှိမှာပေါ့။ စွဲစွဲမြဲမြဲနားထောင်ဖြစ်ခဲ့တယ်။

မောင်နှမလေးယောက်အနက်မှာ တက္ကသိုလ်ဆိုတဲ့ အရသာကို ပြည့်ပြည်၀၀ခံစားခွင့်ရခဲ့တာ အကြီးဆုံး အစ်မပဲ ထင်ပါရဲ့။ သူတစ်ယောက်သာ ရန်ကုန်တက္ကသိုလ်မှာ တက်ခဲ့တယ်။ အဓိပဓိလမ်းမှာ ခြေရာတွေ ထပ်ခဲ့တယ်။ အင်းလျားကန်ဘောင်က ဘူးသီးကြော်တွေကိုလည်း မြိန်ရည်ရှက်ရည် စားခဲ့ရတယ်။ ဂျပ်ဆင်ရှေ့က မြက်ခင်းပြင်မှာ စကားပန်းတွေကို ခြေနဲ့ခပ်ပြီး ကစားခဲ့ကြတယ်။ သစ်ပုပ်ပင်ကြီးနဲ့ သူငယ်ချင်း ဖြစ်ခဲ့ကြတယ်။ ကျောင်းပိတ်လို့ မကြီးအိမ်ပြန်လာရင် ပြောပြတာတွေ တ၀ကြီးနားထောင်ရင်း သိပ်ပျော်ခဲ့ရတာပါ။

`အင်းလျားဆောင်သူလေးရေ၊ အင်းလျားဆောင်သူလေးရေ.. သိပ်ချစ်မိတဲ့ အကြောင်းမင်းသိပါစေ` လို့ `ဗလ` ရဲ့သီချင်းလေးကို ကြားတိုင်း `သြော်... ငါ့အစ်မက အင်းလျားဆိုတဲ့ အဆောင်ကြီးမှာနေတဲ့ အင်းလျားဆောင်သူကြီးပါလား` လို့ ခဏခဏ တွေးမိခဲ့တယ်။ ညဘက်ညဘက် ဗိုက်ဆာရင် ဘယ်လိုခိုးပြီး၊ ဘာတွေချက်စားတဲ့အကြောင်း၊ ဘယ်တုန်းက ဘယ်အဆောင်သူက သေသွားပြီး ဘယ်ကုတင်မှာ ဘယ်လို ပုခက်လွှဲပြီး ခြောက်တဲ့အကြောင်း... ဘယ်တော့မှ နားထောင်မ၀ခဲ့ဘူး။ မကြီးရဲ့ အထပ်လိုက်သော ဓါတ်ပုံအယ်လ်ဘမ်တွေကြည့်ရင်း သီရေတာ အခန်းကျယ်ကြီးတွေမှာ စာသင်ရတာကို အားကျမိတယ်။ တက္ကသိုလ်ဆိုတာ ဘယ်လိုလဲလို့လဲ ကလေးပီပီ တွေးတွေပြီး စဉ်းစားရတာ အမောပါပဲ။

`အဓိပဓိလမ်းမက တို့လျှောက်ခဲ့တဲ့ ခြေရာ၊ ဂျပ်ဆင်ထိပ်က လရိပ်လေးသာရယ်...၊ စစ်ကိုင်းလမ်းက စောင့်နေမယ် သူမှာလို့` ဒါတွေကို ဖန်တလဲလဲနားထောင်လို့ ရန်ကုန်တက္ကသိုလ်ဆိုတာ မျက်လုံးထဲမှာ အလွတ်ကိုရလို့..။ မိန်းကလေးဆို ထမီတိုတို၊ လွယ်အိတ်မွေးပွတွေနဲ့ ယောကျာ်လေးဆို ပုဆိုးနဲ့ ရှပ်အင်္ကျီ တွေဟာ အဲဒီခေတ်က ရေစီးကြောင်းတစ်ခုဖြစ်ခဲ့သလို မြန်မာ့ယဉ်ကျေးမှုဆိုတာကိုလည်း မဆန့်ကျင်ခဲ့ဘူး။

ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ (Google မှယူပါသည်)

ကျွန်တော်တက္ကသိုလ်တက်တော့ ရန်ကုန်တက္ကသိုလ်ထဲကို ခဏခဏ ရောက်ဖြစ်ခဲ့တယ်။ တိတ်ဆိတ်နေတဲ့ ကျောင်းရဲ့ပုံရိပ်တွေက တခုခုကို လွမ်းဆွတ်နေစေသလိုလို...။ ပင်းယဆောင်ရှေ့က ခရေပင်ကြီးကလည်း အုပ်ဆိုင်းလို့... ခရေပွင့်တွေက တပွင့်ပြီးတပွင့်ကြွေလို့.... ဘယ်ရယ်မသိ.. အဲဒီ ခရေပန်းတွေကို ကောက်နေမိပြီး.... ဟိုးအရင်ကဆို ဒီခရေပွင့်လေးတွေနဲ့ ရန်ကုန်တက္ကသိုလ်သူတွေ ဘယ်လောက်များ လှပနေခဲ့မလဲလို့ တွေးနေမိပြန်တယ်..။

အဲဒီမှာ ကိုယ်ကိုယ်တိုင်က အင်ဂျင်နီယာကျောင်းသားဆိုတော့ မကြီးသူငယ်ချင်း YIT က အစ်ကိုကြီးတွေနဲ့ ခင်မင်မိပြန်တယ်။ YIT ကကြို့ကုန်းမှာဖြစ်ပြီးတော့ ကျောင်းသားတွေနေတဲ့ အဆောင်တွေက RC2 ထဲမှာ မလား။ အဆောင်နေကျောင်းသားဘ၀မှာ ဖဲကို ဘယ်လိုရိုက်ကြတဲ့အကြောင်း၊ အရက်ကို ဘယ်လိုမူးပြီး၊ အဆောင်မှာ သေးကို ဘယ်လိုပန်းကြကြောင်းက အစ... အကုန်သိခွင့်ရခဲ့တယ်။ အဆောင်မှာ ဘယ်လိုသောင်းကျန်းသောင်းကျန်း၊ စာဆိုတာကိုလည်း မလစ်ဟင်းအောင် ကြိုးစားကြတယ်။ စာမေးပွဲနီးရင် အချင်းချင်းဖေးမတတ်ကြတယ်..။ သူတို့ပြောပြတာတွေကို နားထောင်ရင်း သိပ်ပျော်တာပဲ..။ ဒါတင်ဘယ်ကမလဲ.. တာဝန်ကိုယ်စီနဲ့ နေရာအသီးသီးကို ရောက်နေကြတဲ့ သူငယ်ချင်းတွေ ပြန်ဆုံတဲ့အခါ ဟိုးအရင်ကလိုပဲ ကလေးတွေလို ပျော်နေကြတာကို ကြည့်ရင်းနဲ့ သိပ်အားကျမိခဲ့တယ်...။

မြန်မာပြည်ရဲ့ လက်ရှိ အခြေခံပညာရေးက နိုင်ငံတကာ မမီဘူးလေ..။ နိုင်ငံတိုင်းမှာ ၁၂ တန်းအထိရှိပြီး မြန်မာပြည်မှာ ၁၁ တန်းထိပဲရှိတယ်။ နောက် သင်ရိုးတွေကအစ မမီတဲ့အတွက် တက္ကသိုလ်မှာ ပထမနှစ်က Foundation Course အနေနဲ့ သင်ရတယ်..။ ကျွန်တော်တက္ကသိုလ်တက်တော့ ပထမနှစ်မှာ မြန်မာစာ၊ အင်္ဂလိပ်စာ၊ အင်ဂျင်နီယာသင်္ချာ၊ အင်ဂျင်နီယာရူပ၊ အင်ဂျင်နီယာဓာတုနဲ့ ကွန်ပျူတာ သိပ္ပံဆိုတာ သင်ရတယ်။ ရူပနဲ့ ဓါတုက ပထမနှစ်ပဲ သင်ရပေမယ့် သင်္ချာကတော့ အသက်ဖြစ်တဲ့အတွက် ၃ နှစ်အထိ သင်ရပါတယ်။ အဲဒီမှာ ဆရာ၊ ဆရာမကြီးတွေက များသောအားဖြင့် YIT ကပြောင်းလာတာ များတယ်။ အရင်ကတော့ YIT မှာ ကျူတာပေါက်စလေးတွေ၊ ဆရာမအငယ်လေးတွေပေါ့..။ အခု ဒီဘက်မှာတော့ ဌာနမှူးတွေ ဖြစ်လာခဲ့တယ်။

ပထမနှစ် ရူပအတန်းတွေမှာ ဌာနမှူးရဲ့ လက်ချာတွေက မြင့်တယ်။ မြင့်သလို အပတ်တိုင်း ကျူတိုရီရယ်လည်း သိပ်အုံးစားတယ်။ Open Book ဖြေခိုင်းတယ်..။ တိုင်ပင်နိုင်တယ်။ ဆွေးနွေးနိုင်တယ်..။ ဒါတောင် ပထမတစ်နှစ်လုံး ကျူတိုရီယယ်ကို ကျွန်တော်တစ်ခါပဲ အောင်ဖူးတယ်။ အဲဒီမှာ ဌာနမှူးစာသင်တိုင်း ထွက်လာတတ်တဲ့ စကားရှိတယ်...။ ဟိုးအရင်က YIT ကျောင်းသားတွေကို သတိရလိုက်တာတဲ့..။ သိပ်ချစ်ဖို့ ကောင်းတယ်တဲ့..။ စာလည်း ကြိုးစားကြတယ်တဲ့..။ ဆရာ၊ ဆရာမတွေကိုလည်း ရိုသေလေးစား ကြတယ်တဲ့..။
ဂုဏ်ယူဝင့်ကြွားခဲ့ရသော ရန်ကုန်နည်းပညာတက္ကသိုလ်ကြီး (Google မှယူသည်)

နည်းနည်း အတန်းကြီးလာတော့ သင်္ချာဆရာမကြီးတွေရဲ့ ပါးစပ်ကလည်း ခဏခဏထွက်လာတယ်။ `စာသင်ချိန် ဆို ငြိမ်နေတာပဲ..။ အတန်းလည်း တော်ရုံမပျက်ကြဘူး။ အတန်းလာတက်တယ်ဆိုတာ ရိုးကော်လ် လိုချင်လို့ လာတာထက် သိချင်၊ တတ်ချင်လို့ လာတက်တာ။ ဒီလို သိချင်တတ်ချင်တဲ့အတွက် အသေးစိတ် နားထောင်တယ်။ အဲဒီတုန်းကဆို တို့တွေက ဆရာမပေါက်စလေးတွေ။ ဆရာကြီးတွေက လက်ချာပေးသွားတယ်။ တို့တွေက ကျူတိုရီယယ်တွေ ကိုင်ရတယ်။ စာမေးပွဲဖြေပြီးလို့ တစ်ပုဒ်ပုဒ်မှားခဲ့ရင် တက်တခေါက်ခေါက်နဲ့မကျေမချမ်း ဖြစ်ကြသေးတာ...။ တစ်ခုခုဆို ဒီလို မဖြေရှင်းပဲ၊ ဒီလိုဖြေရှင်းလို့ကော မရဘူးလား ဆိုတဲ့ မေးခွန်းတွေ သိပ်များတယ်..။ တို့တွေလည်း ပညာတကယ်ရတယ်...။ တကယ်ပါ..။ မင်းတို့တွေကျတော့ ရည်ရွယ်ချက်တွေ မဲ့နေတယ်..။ ဒီကျောင်းကို ၀င်ခွင့်ရတယ်၊ ကျောင်းတက်တယ်..။ ဒါပေမယ့် မင်းတို့မှာ ရည်ရွယ်ချက်ဆိုတာ ရေရေရာရာ မရှိဘူး။ ဦးတည်ချက်မရှိတော့ ကိုယ်လုပ်တဲ့အလုပ်ကို သိပ်အလေးမထားဘူး..။ အခုနေ ဆရာတွေက မင်းတို့ကို ညာပြီးသင်သွားလည်း မင်းတို့ သတိမထားလိုက်မိဘူး။ အရင်က ကျောင်းသားတွေများ တို့တွေ စာသင်တာ တခုခုအပြောမှားသွားပြီဆိုရင် တန်းပြီးထောက်တော့တာ...။ အခုတော့ အမှားရေးပြလည်း ကူး၊ ခေါင်းလေးငြိမ့်... တကယ် သနားစရာ ကောင်းလိုက်တာ...` ဆိုတဲ့ စကားတွေ နားနဲ့ မဆန့်အောင် ကြားခဲ့ရတယ်။

တက္ကသိုလ်စတက်တော့ လက်ချာဆိုတာကို တွေးပြီး ကြောက်နေခဲ့မိတယ်။ လက်ချာရိုက်တယ်ဆိုတာ ဆရာက ပြောချင်ရာပြောသွား၊ ကိုယ်ကလည်း ကောင်းမယ်ထင်တာတွေ ကိုယ့်ဘာသာကိုယ် ရွေးမှတ်၊ ပြီးမှ ကိုယ့်ဘာသာ ကိုယ်စာစီပြီး ကြည့်ရတာမျိုးဆိုတော့ လန့်တာပေါ့..။ ဒါပေမယ့် ပထမနှစ်မှာ ဆရာမတွေက သိပ်သဘောကောင်းပါတယ်။ ကျွန်တော်တို့ရဲ့ သနားစရာမျက်နှာလေးတွေ ကြည့်ပြီး လက်ချာမရိုက်ကြပါဘူး။ ၁၆ နှစ်အရွယ်ကလေးတွေ၊ တချို့များ အမေတွေတောင် လိုက်ပို့ပြီး စောင့်ပေးနေကြသေးတယ်။ ကံကောင်းတယ်လား၊ ကံဆိုးတယ်လား မသိပေမယ့် ရူပနဲ့ မြန်မာစာနှစ်ခုကိုတော့ လက်ချာပေးခံရပါတယ်။ အဲဒီ အပေးခံရတဲ့ နှစ်ခုကို ကျွန်တော်အညံ့ဆုံးပါ။

ငယ်ငယ်က သီချင်းထဲမှာ `ဟိုးဟိုးဆရာ ရှေ့မှတ်တိုင်မှာ ဆင်းစို့အချစ်ရာ၊ လမ်းလျှောက်တာ ကောင်းပါတယ်` ဆိုတဲ့ သီချင်းလေး... စာသားလေးတွေက ရယ်ရတယ်..။ သီချင်းခေါင်းစဉ်တော့ သိပ်မမှတ်မိတော့ဘူး။ ဟိုးအရင်က တက္ကသိုလ်တွေမှာတော့ ၀ိဇ္ဇာ၊ သိပ္ပံ၊ ဆေးကျောင်းနဲ့ YIT ဆိုတာ တနေ့တနေ့ လူးလာကူးသွားလို့ ရတယ်မလား..။ ကျွန်တော်တို့မှာတော့ ကျောင်းက မြို့ပြင်မှာလေ..။ ရန်ကုန်မြို့လယ်ကနေ မိနစ်လေးဆယ်လောက် မောင်းရတဲ့ နေရာမှာရှိတော့ အိမ်ကနေဆို တစ်နာရီလောက် ကြာတာပေါ့လေ..။ မနက်ဆို ၇ နာရီ ၁၀ မိနစ်ဆို ဖယ်ရီထွက်ပြီ။ ဒါမှာ ၈ နာရီ ၁၀ မိနစ်လောက်ရောက်.. အတန်းက ၈ ခွဲဆို စပြီလေ။ ညနေဆို ကားတွေက ၄ နာရီဆို တန်းစီထွက် အိမ်ကို ညဘက် ၅ နာရီကျော်ဆို ရောက်ပြီ။

ကျောင်းဝင်းတစ်ခုလုံးမှာ ဆောက်လက်စ အဆောက်အဦးတွေနဲ့ ထွက်လက်စ သစ်ပင်ပုပုလေးတွေပဲရှိရဲ့။ လယ်ကွင်းကို ဖျက်ပြီးကျောင်းတည်ထားတာမို့ လေကလည်း ပြင်းတယ်။ နေပူတယ်။ ဖုန်ထူတယ်။ အသားလည်း မည်းတယ်။ ပြီးတော့ ကျောင်းတော်က သူများတွေလို လမ်းမကြီးပေါ်မှာ ရှိတာမဟုတ်ပြန်တော့ ဘတ်စ်ကား ဆိုတာလည်း ရှားပြန်တယ်။ ဒီတော့ တစ်ခုတည်းသော ဘတ်စ်ကားကိုပဲ အမှီပြုပြီး စီးရတာမို့ တော်ရုံဆို ကျောင်းကားကိုပဲ အားကိုးပြီး သွားပြန်လေ့ရှိပါတယ်။ အတန်းတွေက များသောအားဖြင့် ဇယ်ဆက်သလိုရှိနေတာမို့ အပြင်ဘက်ကို လှမ်းကြည့်လိုက်ရင် လူသွားလူလာရှင်းလို့။ တစ်ယောက်စ နှစ်ယောက်စသော ကျောင်းသားတွေကလည်း ထီးလေးကိုယ်စီနဲ့..။ ယောက်ျားလေးတွေ တန်မဲ့ ကျွန်တော်တို့မှာ နေပူထဲ ထီးဆောင်းကြရတယ်။

ညဘက်အိမ်ပြန်ရောက်ရင် ဘာရယ်မသိ နွမ်းနယ်နေမိတယ်။ နေကြောင့်လား၊ လေကြောင့်လားမသိပေမယ့်..။ တချို့တွေက ကျောင်းပြန်ရောက်တာနဲ့ ဂိုဒ်ပြရသေးတယ်။ အိမ်က ပို့တဲ့ ပိုက်ဆံနဲ့ မလောက်သူတွေအတွက် ဒီလိုနည်းနဲ့ပဲ ၀င်ငွေရှာရပါသေးတယ်။ ဒါကြောင့် ကျွန်တော်တို့မှာ community အတွက် အချိန်မရှိဘူး။ ဟိုးအရင်က အဆောင်မှာနေသလို တစ်ယောက်နဲ့တစ်ယောက် နောက်ပြောင် ပျော်ပါးရတာတွေ မကြုံဖူးဘူး။ စာမေးပွဲဖြေခါနီး တစ်ယောက်နဲ့ တစ်ယောက်ဖေးမကူညီတာမျိုးတွေ နည်းပါးလာတယ်။ တစ်နေ့ တစ်နေ့ မိုင်ချီပြီးသွားနေရတဲ့ ကျောင်းခရီးအတွက် ကျွန်တော်တို့တစ်ဦးချင်း ပေးရတဲ့ ပိုက်ဆံတွေ၊ ဖယ်ရီကားတွေ သုံးနေတဲ့ ဓါတ်ဆီတွေ နေ့စဉ်ဆုံးရှုံးနေရတယ်။ လူမရှိ၊ သူမရှိတဲ့ နေရာတွေမှာ အထီးကျန် ဆန်ဆန် ပညာသင်ကြားခဲ့ရတယ်။ ဒီကြားထဲ ဖယ်ရီကားမှောက်လို့ အသက်ပေးသွားရတဲ့ ကျောင်းသားတွေ ဘယ်လောက်များခဲ့ပြီလဲ..။ ကျွန်တော် Criticize လုပ်နေတာမဟုတ်ပါဘူး..။ တကယ် ရင်နဲ့ရင်းပြီး ခံစားနေရတာတွေကို ရင်ဖွင့်ပြနေတာပါ။

လွန်ခဲ့သော လေးလလောက်က ညွှန်ကြားရေးမှူး အန်တီတစ်ယောက် ဒီကို လေ့လာရေးလာပါတယ်။ ကျွန်တော်တို့ မုန့်ဟင်းခါးအတူတူစားကြရင်း စကားစမြည်ပြောဖြစ်တယ်။ ဒီတော့ ကျွန်တော်က ဒီကတက္ကသိုလ်တွေမှာ တစ်ကျောင်းလုံး ပညာရပ်တွေ အကုန်သင်ကြတာ များတယ်နော်လို့ ပြောတော့.. အန်တီက ပြုံးတယ်..။ အဲဒီလိုပဲ ရန်ကုန်တက္ကသိုလ်ကြီးဆိုတာ ဟိုးအရင်က အဲဒီလိုပေါ့တဲ့..။ ရန်ကုန်တက္ကသိုလ် ဆိုတာရဲ့အောက်မှာ ဆေးကျောင်းဆို ဆေးကျောင်း၊ အင်ဂျင်နီယာဆို အင်ဂျင်နီယာ၊ စသဖြင့် သူ့ Faculty နဲ့ သူအုပ်ချုပ်တာတဲ့..။ Faculty of Medicine, Yangon University အဲဒီလိုမျိုးပေါ့...။ အဲဒီကနေ သီးသန့် တက္ကသိုလ်တွေအဖြစ် ကွဲသွားတယ်..။ အဲဒီထက်ပိုဆိုးသွားတာက တံတားတွေခြားနေတဲ့ နေရာဒေသတွေ ဆီကို တက္ကသိုလ်တွေ ရောက်ကုန်တာပေါ့လေ..။

အခု ဒီမှာ ကျောင်းတက်တော့ သေချာကြည့်မိတယ်။ ကျောင်းကို အလာခရီးရော၊ အပြန်ခရီးပါ သက်သောင့် သက်သာပါပဲ..။ အားလုံးဟာ လူငယ်တွေပီပီ ခောတ်မီမီ၊ လှလှပပ ၀တ်ပြီး ကျောင်းတက်နိုင်ကြတယ်။ ဖုန်မရှိ။ သဲမရှိ။ ဆက်သွယ်ရေးအတွက် ရထားရှိတယ်။ ကားရှိတယ်။ တယ်လီဖုန်းရုံတွေ ရှိတယ်။ တစ်ခုခုဖြစ်ရင် တက်ဖို့ ဆေးရုံရှိတယ်။ သွားဆေးရုံရှိတယ်။ အခမဲ့သုံးနိုင်တဲ့ အင်တာနက်ဝိုင်ဖိုင်တွေ လွှင့်ထားတယ်။ ကွန်ပျူတာ ပါမလာလို့ သုံးချင်တယ်ဆို အလကားသုံးနိုင်မယ့် ကွန်ပျူတာအခန်းတွေ ရှိတယ်။ တကယ့် သုတေသနလုပ်နေတဲ့ ဘွဲ့လွန်၊ ပါရဂူကျောင်းသားတွေအတွက် ကွန်ပျူတာတစ်ယောက်တစ်လုံး ရှိတယ်။ လိုအပ်ရင် လိုအပ်သလို အဆင့်မြင့်မြင့် ပေးထားတယ်။ တစ်ခုခုဖြစ်လို့ ပျက်ရင် နောက်တစ်လုံး ချက်ခြင်း ပေးတယ်။ ပရင့်တာရှိတယ်။ စက္ကူအလကားရတယ်။ စကင်ဖတ်လို့ရတယ်။ စာလုပ်ရလို့ ညောင်းလာရင် ကစားနိုင်ဖို့ ကြက်တောင်ကွင်း၊ တင်းနစ်ကွင်း၊ ဘေ့စ်ဘောကွင်း၊ ဘောလုံးကွင်း ရှိတယ်။ ကျောင်းလခသွင်းဖို့၊ ထောက်ခံစာယူဖို့ ဘယ်သူ့မှ အောက်ကျို့စရာမလိုဘူး။ စက်ရှိတယ်။ ကဒ်ထည့်လိုက်.. ဒက်ကနဲ ထွက်လာမယ်..။

ဒါတွေကို မြင်တော့ ကိုယ့်ဘ၀ကို ပြန်သတိရမိတယ်။ ကျောင်းလခသွင်းဖို့ ဖောင်ဖြည့်တာတို့၊ ငွေသွင်းတာတို့ ဆို အတော်မျက်နှာငယ်ရပါတယ်။ အထူးသဖြင့် ငွေစာရင်းဌာနပါ။ ဒါ ကျွန်တော်တစ်ကျောင်းတည်း မဟုတ်ဘူးနော်။ သူတို့ဟာ ကျောင်းတိုင်းမှာ ပါဝါသိပ်သုံးပါတယ်။ အခန့်မသင့်ရင် အအော်ခံရပါတယ်။ စာကြည့်တိုက်မှာ လိုချင်တဲ့စာအုပ်ကို ကိုယ်တိုင်ဝင်ယူလို့ မရပါဘူး။ ကက်တလော့ခ်မှာ စာအုပ်နာမည်ရယ် ရေးသူရယ် ထုတ်တဲ့နှစ်တွေကိုပဲ ရေးထားတယ်။ ဒါလိုချင်ရင် အဲဒီဟာကို ၀န်ထမ်းကိုပေးလိုက်။ သူက စာအုပ်သွားယူလာပေးမယ်..။ ဒီတော့ ကျွန်တော်ပြောမယ်.. စာအုပ်ဆိုတာ စာရေးသူမြင်တိုင်း၊ ခေါင်းစဉ်မြင်တိုင်း ကိုယ်နဲ့တည့်မယ်လို့ ပြောလို့မရပါဘူး။ အထဲက မာတိကာကို လှန်ကြည့်ရတယ်။ ကိုယ်ဖတ်ချင်တဲ့ အကြောင်းအရာပါလား.. ပါတယ်ဆိုရင်တောင်မှာ ဘယ်လောက်အတိုင်းတာ အထိပါလဲ.. ဆိုတာကို ကြည့်ပြီးမှ ငှားသင့်တယ် မငှားသင့်ဘူး ဆိုတာ ဆုံးဖြတ်လို့ ရတာပါ။ `ပညာရေးနဲ့ ခောတ်မီနိုင်ငံကို တည်ဆောက်မယ်` ဆိုရင်တော့ စဉ်းစားပေါ့။ စာဖတ်မယ့်သူကို စာဖတ်ချင်စိတ်ပျက်အောင် လုပ်နေသမျှ ထူးချွန်တဲ့ ကျောင်းသားလည်း ထွက်လာမှာ မဟုတ်ဘူးလေ..။ မိတ္တူ ကူးစက်.. တကျောင်းလုံး ခြေတိုအောင် လိုက်ရှာရင်တောင် တစ်လုံးတည်းရှိတယ်..။ စက်ပျက်နေရင် သေပြီ ဆရာပဲ..။

ဒီတော့ စဉ်းစားပေါ့ဗျာ..။ နိုင်ငံကို တိုးတက်အောင်လုပ်ဖို့ အဓိကလမ်းက ပညာရေးပဲ..။ သူများတွေကို မှီဖို့ သူများတစ်လှမ်းလှမ်းတိုင်း ကိုယ်က ငါးလှမ်းလှမ်းရမယ့်အချိန်မှာ ကိုယ့်ခြေလှမ်းတွေ နောက်ပြန်ဆုတ်နေလား လို့တော့ ပြန်တွေးဖို့လိုတာပေါ့။ စောစောက သီချင်းခွေထဲက ပိုဒါလီသိန်းတန်ရဲ့ `တစ်ချိန်တုန်းက တက္ကသိုလ်ဆီ` ဆိုတာလေးကို နားထောင်ရင်းနဲ့ အရင်ကလိုပဲ မော်ကြွားနိုင်မယ့် တက္ကသိုလ်ကြီးများ မြန်မာပြည်မှာ ပေါ်ပေါက်စေချင်မိတယ်..။ မပိုင်တော့တဲ့ မဆိုင်တော့တဲ့ အရာတစ်ခုကို ပိုင်ချင်ဆိုင်ချင်လွန်းပါတယ်ဆိုရင် ကျွန်တော့်အတ္တလို့ပဲ ဆိုပါတော့ဗျာ..။


ခင်မင်လျက်
နေ၀သန်

ကြည်နူးမှု မှတ်စုတစ်ပုဒ်

$
0
0
ထေရ၀ါဒဗုဒ္ဓသာသနာမှာ ကျွန်တော်တို့မြန်မာနိုင်ငံဟာ အတော်ကို ထွန်းကားတဲ့ နိုင်ငံလို့ ပြောနိုင်ပါတယ်။ စေတီပုထိုးတွေဟာ လက်ညှိုးထိုးမလွဲ နေရာတိုင်းမှာ တည်ထားကိုးကွယ်ကြပါတယ်။

အမိမြန်မာနိုင်ငံမှာ နေစဉ်ကတော့ နေရာတိုင်းမှာ စေတီပုထိုးတွေ တွေ့နေရတာမို့ ရိုးသလိုလို ဖြစ်ခဲ့ပေမယ့် မိဝေးဖဝေး တိုင်းတပါးမှာ နေရတဲ့အချိန်မှာတော့ စေတီပုထိုးဆိုတာ ဝေးလို့ ဘုန်းကြီးကျောင်းတောင် မရှိဖြစ်ခဲ့ ရပါတယ်။ `နှလုံးသားမှာ ဘုရားတည်` ဖို့က အရေးကြီးတာပါ။ စိတ်ထဲမှာ ရတနာသုံးပါးကို ကြည်ညိုခြင်းသာ ပဓာနပါလို့ ဘယ်သူကပြောပြော ကျွန်တော့်စိတ်ထဲမှာ ဘုရားပုထိုးတွေကို လက်တွေ့ကျကျ ဖူးချင်နေမိတာ ထိန်းမနိုင်လောက်အောင်ပါပဲ။

ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ မြန်မာပြည်ကို ကျွန်တော်အလည်ပြန်တော့ ရွှေတိဂုံစေတီကို အရင်ဖူးဖြစ်ခဲ့ပါတယ်။ ရွှေရောင်တွေ ၀င်းဝါပြီး သပ္ပါယ်လွန်းလှတဲ့ လေးဆူဓါတ်ပုံ ရွှေတိဂုံစေတီကို ဖူးရင်းနဲ့ မျက်ရည်တွေလည်လာမိပါတယ်။ ဘုရားပန်းဝယ်သူ၊ ပန်းကပ်သူ၊ ဆီမီးပူဇော်သူ၊ ရေသပ္ပါယ်သူ၊ တရားထိုင်၊ တရားမှတ်သောသူများ၊ ဓမ္မစကြာ၊ ပရိတ်ရွတ်ဖတ်နေသူများကို ငေးမောကြည့်နေရင်းနဲ့ အမိမြန်မာပြည်မှာ နေရတာလောက် ဘယ်မှာကံကောင်းနိုင်မလဲလို့ တွေးမိပါတယ်။ ဒီတစ်ခေါက် မြန်မာပြည်မှာ မလုပ်ဖြစ်ခဲ့သော၊ မကြုံဖြစ်ခဲ့သော လုပ်အားဒါန ကုသိုလ်တချို့ကို လုပ်နိုင်ခဲ့ပါတယ်။

လေးဆူဓါတ်ပုံ မြတ်ရွှေတိဂုံ

ကျွန်တော်ရန်ကုန်ကိုရောက်ပြီး ပထမဆုံးအပတ် စနေနေ့ညနေမှာတော့ သူငယ်ချင်းနဲ့အတူ ရွှေတိဂုံ အင်္ဂါထောင့်ကို ရောက်ခဲ့ပါတယ်။ ဒီနေရာမှာ စနေနေ့ညနေတိုင်း တံမြက်စည်းလှည်း ကုသိုလ်ယူလေ့ရှိတဲ့ ကလျာဏပါရမီအသင်းရဲ့ ဆုံမြေဖြစ်ပါတယ်။ ဒီအသင်းကို ၀င်လိုရင်တော့ မှတ်ပုံတင်နဲ့တကွ လစဉ်ဝင်ကြေးကို ပေးပြီး ၀င်နိုင်ပါတယ်။ ကျွန်တော်နဲ့ သူငယ်ချင်းကတော့ အချိန်အားရင်အားသလိုပဲ သွားနိုင်တာကြောင့် အသင်းတော့ မ၀င်ထားခဲ့ပါဘူး။ အဲဒီနေရာကိုရောက်တော့ ကျွန်တော်တို့အရွယ် လူငယ်၊ လူရွယ်တွေ စုရုံးထိုင်နေကြပါတယ်။ အားလုံးက ပုဆိုးတွေ၊ ထမီတွေကို ၀တ်ဆင်လို့ တကယ်ကို မျက်စိယဉ်လှပါတယ်။ သိရာကျွမ်းရာ အုပ်စုလိုက် ထိုင်စကား ပြောနေကြပါတယ်။ မကြာခင်မှာတော့ တံမြက်စည်းတွေ အစီးလိုက်လာချပေးပါတယ်။ တစ်ယောက်ကို တံမြက်စည်းနှစ်ချောင်းစီ ရွေးယူပြီး အသင့်ပြင် ကြပါတယ်။

မကြာခင် ခြောက်နာရီခွဲဝန်းကျင်လောက်မှာ မြောက်ဘက် စောင်းတန်းကို အရင်သွားကြပါတယ်။ ဘုရားစောင်းတန်းထိပ်မှာ ပထမဆုံးရောက်တဲ့ လူငယ်အယောက် ၂၀ ကျော်ကျော်က အရင်တန်းစီပါတယ်။ လုပ်အားဒါနပြုသူ လူငယ်တွေကို ရှေ့ကနေအော်ပြီး ကြီးကြပ်သူတစ်ယောက်ရှိပါတယ်။ အဲဒီလူကို `တန်းစည်း` လို့ခေါ်ပါတယ်။ သူကနေ ရှေ့ကနေ ဘယ်ဘက်ကို လှည်းပေးပါ.. ဘယ်နေရာမှာ အမှိုက်ကို စုပေးခဲ့ပါ စသဖြင့် အော်ပေးပါတယ်။ အဲဒီ ပထမတန်းရဲ့နောက်မှာ `ပုန်းကိုင်` ရှိပါတယ်။ သူကတော့ စုပေးထားတဲ့ အမှိုက်ကို ပုန်းထဲကျုံးထည့်ပါတယ်။ အဲဒီနောက်မှာတော့ ဒုတိယတန်းကို စီပြီး လှည်းလာပါတယ်။ အဲလိုမျိုး လေးတန်း တခါတလေ လူများလျှင် ငါးတန်းလောက်အထိရှိပါတယ်။ လူငယ်တစ်ယောက်စီက တံမြက် နှစ်ချောင်းကို ဘယ်လက်ရော၊ ညာလက်ရောကိုင်ပြီး ခပ်သွက်သွက် တန်းညှိပြီး လှည်းရပါတယ်။ အစပိုင်းမှာတော့ လက်ညောင်းပေမယ့် လုပ်အားဒါနအတွက် စိတ်ဓါတ်တက်ကြွပြီး လုပ်ရသမျှ မမောပန်းနိုင်ပါ။ ပြီးတော့ ခင်ရာမင်ရာစုပြီး ရယ်စရာမောစရာများကို ပြောကြတာမို့ တကယ်ကို ပျော်ရွှင်ကြည်နူး ရပါတယ်။

အရှေ့ဘက်စောင်းတန်း

မြောက်ဘက်စောင်းတန်းတလျှောက် မုခ်ဝအထိ လှည်းပြီးသွားရင်တော့ စောင်းတန်းအလယ် ရေအိမ်သွားတဲ့ လမ်းကြားကတဆင့် အရှေ့ဘက်မုခ်ကို ကူးပါတယ်။ အရှေ့ဘက်ကို အောက်ဘက်အထိလှည်းပြီးတော့ အလယ် ကားလမ်းကတဆင့် ဓါတ်လှေခါးနဲ့တက် ရင်ပြင်တော်ကတဆင့် တောင်ဘက်မုခ်ကို ကူးပါတယ်။ တံမြက်လှည်းသူတွေက လူငယ်တွေချည်းတော့မဟုတ်ပါ။ တခါတခါ လူကြီးအရွယ် အဒေါ်များကို တွေ့ရတာမို့ အသက်အရွယ်မရွေးသော လုပ်အားဒါနလေးဖြစ်ပါတယ်။ တောင်ဘက်စောင်းတန်းကို လှည်းပြီး မုခ်ဝကိုရောက်တော့ နောက်ဆုံးတန်းလှည်းပြီးတဲ့အထိ စုပြီးစောင့်ကြပါတယ်။ အားလုံးပြည့်ပြီဆိုတာနဲ့ တန်းစည်းများက ယဉ်ထိန်းရဲတွေကို အကူအညီတောင်းပြီး မီးပွိုင့်ကို ခဏရပ်ခိုင်းပြီး မဟာဝိဇယစေတီဘက်ကို အမြန်ကူးကြပါတယ်။ ဖိနပ်မပါ ခြေဗလာနဲ့ ခဲပြင်ကို ခပ်မြန်မြန်လေး ကူးရပေမယ့် နာရကျင်ရမှန်းမသိပဲ ပျော်ရွှင်ရပါတယ်။

မဟာဝိဇယစေတီ

မဟာဝိဇယစေတီအတွင်းလှိုဏ်ခုံးပေါ်မှ မြန်မာ့ရိုးရာ နက္ခတ်များ

မဟာဝိဇယစေတီရင်ပြင်တော်တွင် လှည်းကျင်းနေမှု

မဟာဝိဇယစေတီ ရင်ပြင်တော်ကိုရောက်တော့ ရှစ်နာရီ နည်းနည်းကျော်နေပြီ။ အားလုံး ရင်ပြင်တော်မှာ ခဏနား၊ ဘုရားရှိခိုး။ အသင်းရဲ့ လုပ်ဆောင်ချက်တချို့ကို ဥက္ကဌက ပြောသင့်တာပြောပါတယ်။ မကြာခင်တော့ ရင်ပြင်တော်တလျှောက် တန်းစီပြီး စလှည်းပါတယ်။ ကျွန်တော်တို့တွေကတော့ အမြန်ပဲ စေတီအထဲပိုင်းကို လှည်းရဖို့ တန်းဦးကြပါတယ်။ စေတီအတွင်းပိုင်း ပတ်လမ်းက ကျဉ်းတော့ လေးယောက်တစ်တွဲ၊ ဆန့်ကျင်ဘက် ပတ်ပြီး ပြန်ဆုံပါတယ်။ ပြီးတော့ အတွင်းလှိုဏ်ထဲမှာ လှည်းပြီး ကော်ဇော်တချို့ကို ဖုန်ခါသင့်တာခါ၊ အားလုံးသန့်ရှင်းရေးလုပ်ပြီး ဘုရားကန်တော့ပါတယ်။ အပြင်ဘက်ကိုရောက်တော့ ရင်ပြင်တော်ကို လှည်းနေတဲ့သူတွေက မပြီးသေးတာမို့ ခပ်သော့သော့ပဲ မဟာဝိဇယစေတီကနေ ရွှေတိဂုံဘက်ကို ကုန်းကျော်လူကူးတံတားကနေ တောင်ဘက်မုခ် ဓါတ်လှေခါးနဲ့ ရင်ပြင်တော်ကို တက်ပါတယ်။ အဲဒီအချိန်မှာတော့ ခြေလည်းညောင်း၊ လက်လည်းညောင်းနေပြီမို့ အနားယူရင်း အညောင်းဖြေကြပါတယ်။ ကိုးနာရီလည်း ထိုးလုပြီမို့ အိမ်ဝေးသော လူငယ်များက ပြန်ဖို့ပြင်ကြပါတယ်။ ကား တွေက ကိုးနာရီနောက်ပိုင်း အတော်ရှားတာကြောင့် အိမ်အမှီပြန်ဖို့ အသော့နှင်ကြပါတယ်။

ရွှေတိဂုံစေတီရင်ပြင်ပေါ်တွင် လှည်းကျင်းမှု

ကလျာဏပါရမီအသင်းမှာ လုပ်အားဒါနပါဝင်သူများအားလုံးကို အစာအဟာရ ကုသိုလ်လှူဒါန်းသူများဟာ အပတ်စဉ်ပြည့်နေပါတယ်။ ကိုးနာရီအမှီပြန်မယ့်လူငယ်တွေကို အရင်ဆုံး လှူဒါန်းသော အစားအစာများ ကျွေးမွေးပါတယ်။ ကျွန်တော်ပထမဆုံးလှည်းတဲ့ အပတ်က ထမင်းသုပ်နဲ့ ကော်ဖီတိုက်ပါတယ်။ ဆက်နေမယ့်လူငယ်များကတော့ မစားသေးပဲ ရင်ပြင်တော်ကို ဆက်လှည်းဖို့ စောင့်နေပါတယ်။ ရင်ပြင်တော်ကိုလှည်းဖို့ တစ်တန်းမှာ လူငယ် ၂၃ ယောက်ခန့်တန်းစီပြီး နှစ်တန်းလောက်က ရင်ပြင်တော်တလျှောက်၊ ကျန်သုံးတန်းလောက်က ရင်ပြင်တော် ကြိုကြားတလျှောက် လှည်းကြပါတယ်။ စေတီကို လက်ယာရစ်လှည်းပြီးသကာလမှာတော့ ကိုးနာရီကျော်နေပါပြီ။ ကျွေးမွေးတဲ့ အစားအစာတွေကို ပလုတ်ပလောင်းစား၊ အလုအယက်စားသောက်၊ ဟာသတွေပြောပြီး ဗိုက်ကို ကားနေအောင် စားကြပါတယ်။ ကျွန်တော်တို့တွေ တပျော်တပါးစားနေကြတာကို မြင်ရတဲ့ အလှူရှင်တွေလည်း ပိုပြီး ၀မ်းသာပီတိ ဖြစ်မိမယ်လို့ ထင်ပါတယ်။

ရွှေတိဂုံစေတီရင်ပြင်ပေါ်မှ နောက်ဆုံးတန်းပန်းဝင်လာသူများ

စားလို့သောက်လို့ ပြီးပြီဆိုရင်တော့ ဘုရားရှိခိုးပါတယ်။ အစားအစာလှူဒါန်းသူများကို ရည်စူးပြီး မေတ္တာပို့သပေးပါတယ်။ ပြီးတော့ မိမိအင်အားနဲ့ ပြုခဲ့မိသော ကုသိုလ်ကောင်းမှုအစုစုတို့ကို ၃၁ ဘုံ ကျင်လည်ကုန်သော သတ္တ၀ါအပေါင်းကို ရည်စူး၍လည်းကောင်း၊ ရောဂါဝေဒနာခံစားနေရသူ နာတာရှည်လူမမာများအားလည်းကောင်း ရည်စူးပြီး မေတ္တာပို့ပေးပါတယ်။ အားလုံးကို အမျှဝေပြီးတဲ့အခါ မြောက်ဘက်စောင်းတန်းကနေဆင်းပြီး မြေနီကုန်းအထိကို လမ်းလျှောက် ပြန်ပါတယ်။ လူငယ်တွေမို့ စကားတပြောပြောနဲ့ မကြာခင် မြေနီကုန်းကိုရောက်၊ အိမ်ဝေးတဲ့သူတွေက ဘတ်စ်ကားစီးပြန်၊ နီးတဲ့သူတွေက လက်ဖက်ရည်ဆိုင်ထိုင် စကားပြောပြီး အိမ်ရောက်တော့ သန်းခေါင်တိုင်ခါနီးနေပါပြီ။

အင်္ဂါထောင့်မှ ကလျာဏပါရမီအသင်း

တကယ်ကို ကြည်နူးစရာကောင်းသော လုပ်အားဒါနလေးပါ။ ရွှေတိဂုံစေတီတော်မှာ နေ့စဉ်ဘုရားဖူးတွေ မနည်းမနောလာကြတဲ့အခါ ရင်ပြင်တော်မှာထိုင်ပြီး ဘုရားရှိခိုးကြပါတယ်။ ဒီလိုရှိခိုးတဲ့ နေရာလေးကို သန့်ရှင်းအောင် ဆောင်ရွက်ပေးရတာမို့ ကုသိုလ်လည်း ထူးပါတယ်။ ပြီးတော့ ဗဟုသုတကြွယ်တဲ့ သူငယ်ချင်းတွေကိုလည်း ရတာမို့ ရွှေတိဂုံနဲ့ပတ်သက်တဲ့ မသိသေးသော အကြောင်းအရာများကိုလည်း မှတ်သားရပါတယ်။ စောင်းတန်းတလျှောက်ဖော်ထားသော ကနုတ်ပန်းတွေမှာ ဘယ်လက်ရာက အနုစိတ်ပြီး၊ ဘယ်လက်ရာက သိပ်မကောင်းတာမျိုး၊ ဘယ်တန်ဆောင်းဟာ ဘယ်ခေတ်လက်ရာမျိုး ဆိုတာတွေ၊ နောက် ညဘက်မှာ စိန်ဖူးတော်ကို အနီ၊ အပြာ၊ အစိမ်း၊ လိမ္မော်ရောင်တွေကို ဘယ်နေရာက ရပ်ပြီး ကြည့်ရင် မြင်ရတာမျိုးတွေကို ပိုပြီးသိလာရပါတယ်။

ရင်ပြင်တော်တလျှောက် လှည်းကျင်းရတာမို့ ဘုရားအမျိုးမျိုးကိုလည်း ဂရုတစိုက် လေ့လာဖြစ်ပါတယ်။ ကျောက်စာတွေကိုလည်း ဖတ်ရသလို ကမ္ဘာကျော် စဉ့်ကူးမင်း ခေါင်းလောင်းကိုလည်း စိတ်ဝင်တစား လေ့လာတတ်လာပါတယ်။ ဘုရင်မကြီး ရှင်စောပုတည်ခဲ့သော ဘုရားရှေ့က သစ်ပင်မှာ ဆုတောင်းရင်ပြည့်တယ်လို့ ဆိုတဲ့အတွက် ဆုတောင်းစာတွေ ပြည့်နှက်နေတာကိုလည်း တွေ့ခဲ့ရပါတယ်။

ထေရ၀ါဒဗုဒ္ဓဘာသာနိုင်ငံရယ်လို့ နာမည်ကြီးနေတဲ့ ကျွန်တော်တို့နိုင်ငံမှာ ကိုယ်ကိုယ်တိုင်က ထေရ၀ါဒလား၊ သရဏဂုံတည်နေသူလားဆိုတာကိုတော့ ကိုယ်ကိုယ်တိုင်ပဲ သိနိုင်မှာပါ။ ဆရာတော်တွေက ဟောပါတယ်။ သာသနာစစ်မစစ် ဘုရားမှာရှိတဲ့ ဂြိုလ်တိုင်တွေကိုပဲ ကြည့်ပါတဲ့။ တကယ်တော့ ဂြိုလ်တိုင်ဆိုတာ ဗြဟ္မဏ အယူပါ။ ဟိုးငယ်ငယ်ကတော့ ဘုရားပေါ်ရောက်ရင် ကိုယ့်မွေးနေ့ဂြိုလ်တိုင် ရောက်မှ ဘုရားရှိခိုးပါတယ်။ ကိုယ့်နံမဟုတ်တဲ့ ဘုရားမှာ ရှိခိုးရရင် မပြီးသလို ခံစားရတယ်။ အခုတော့ အရင်တက်ဖြစ်တဲ့ မုခ်မှာပဲ ရှိခိုးဖြစ် ပါတယ်။ ကိုယ့်မွေးနေ့နံဆိုတာကို ကျော်ကျော်သွားမိခဲ့ပါပြီ။

တစ်နေ့မှာ ဘုရားတွေကို အသေးစိတ်လေ့လာ နေရင်း ဘုရားရှေ့မှာ ကြက်အစိမ်း အမွေးနှုတ်ထားပြီး အကောင်လိုက်တင်ထားတာကို တွေ့တော့ အတော်ကို အံ့သြသွားမိပါတယ်။ ဓါတ်ပုံရိုက်လိုက်ချင်တာကို သူငယ်ချင်းက တားထားတာမို့ မရိုက်ခဲ့ရပေမယ့် အတော်ကိုတော့ ဘ၀င်မကျဘူးဖြစ်မိတယ်။ ဘုရားက ဘီလူးဘုရားပါ။ အရှေ့မြောက်ဘက်မှာရှိတဲ့ အဲဒီဘုရားမှာ အောက်နားမှာ ဘီလူးပုံတွေရှိပါတယ်။ ကပ်တဲ့သူက ဘီလူးတွေကို ရည်စူးပြီးကပ်တယ်ထင်ပါတယ်။ ဒါပေမယ့် ဘုရားပေါ်မှာ ဒီလိုရှေးရိုးစွဲ ယဇ်ပူဇော်နေတာကတော့ အတော်ကို အမြင်မသင့်ပါဘူး။ ဗုဒ္ဓဘာသာဝင်တစ်ယောက်မှာ `ကံ၊ ကံ၏ အကျိုးကို လက်ခံယုံကြည်ဖို့` အင်မတန်အရေးကြီးပါတယ်။ ကိုယ်ပြုသမျှကံ ကိုယ့်ထံပြန်လာမှာပါပဲ။ ကုသိုလ်ကောင်းမှုများတဲ့သူဟာ ချမ်းသာမှာ မလွှဲဧကန်ပါပဲ။ ဒါကိုမှ ကုသိုလ်ကောင်းမှုလုပ်ရမှာထက် `မစပါ၊ စောင်မပါ` ဆိုပြီး ယဇ်ပူဇော်နေသမျှ ကံနှင့်ကံရဲ့ အကျိုးကို ယုံကြည်ခြင်းမှာ သွေဖီနေတယ်ဆိုတာ နားလည်ဖို့လိုပါတယ်။

ဘာပဲပြောပြော ဒီတစ်ခေါက် မြန်မာပြည်ပြန်ဖြစ်တဲ့အခါမှာတော့ လုပ်အားဒါနကို ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့ရလို့ အတော်ကိုကြည်နူးမိပါတယ်။ အဲဒီအသင်းမှာ အမြဲတမ်း လာရောက်ပြီး တံမြက်လှည်းနေကြတဲ့ လူငယ်လူရွယ်များကိုလည်း လေးစားလျက်ပါ။ ကိုယ်ကျင့်တရားတွေ တိမ်းပါးနေပြီး၊ အပျော်အပါးဖက် အားစိုက်နေတဲ့ခေတ်မှာ ဒီလိုလူငယ်တွေ ရှိနေကြတာမို့ ဂုဏ်လည်းယူမိပါတယ်။ အမြဲတမ်းလည်း လုပ်အားဒါန ပြုနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်းနဲ့ မှတ်တမ်းတင်အပ်ပါတယ်။ ညီအစ်ကို မောင်နှမများလည်း မြန်မာပြည်ကို ရောက်ခဲ့လျှင် စနေနေ့တိုင်း ညနေ ခြောက်နာရီခွဲ ရွှေတိဂုံစေတီ အင်္ဂါထောင့်မှာ သွားရောက်လုပ်အားဒါနပြုနိုင်ကြပါတယ်ခင်ဗျာ။

ခင်မင်လျက်
နေ၀သန်

လူတို့၏ ထာဝရမိတ်ဆွေများအကြောင်း

$
0
0
ငယ်စဉ်က အမြဲအပြောခံရသော စကားလုံးရှိတယ်။ `နင်တို့အိမ်က တောထဲမှာ` ဆိုတာပေါ့။ ကျွန်တော့် မွေးရပ်မြေ တောင်ပေါ်မြို့လေးမှာ ကျွန်တော့်အိမ်မှာ အစွန်ဆုံးမှာရှိပါတယ်။ ပြီးတော့ လမ်းရဲ့ ဟိုးဘက်ဒီဘက်က ကျွန်တော်တို့ခြံဖြစ်တာရယ် လမ်းရဲ့အဆုံးမှာ ဖြစ်နေတာရယ်ကြောင့် အုပ်အုပ်ဆိုင်းဆိုင်းနဲ့ ၀င်းကြီးတစ်ခုလို ဖြစ်နေပါတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ရပ်ကွက်မှာ ခွေးတွေကို အိမ်လုံစေလိုတာကြောင့် မွေးမြူထားတာကြောင့် ခွေးလည်းပေါပါတယ်။ ဒီတော့ သူငယ်ချင်းတွေကို အလည်လာပါ ဆိုရင် `နင်တို့ဘက်က ခွေးတွေချည်းပဲ` ဆိုတဲ့ ငါ့စကားဘယ်နားရောက်လဲမသိသော အပြောမျိုးတွေကိုလည်း ခဏခဏကြုံလာရပါတယ်။ ဒီတော့ ငယ်ငယ်ကတည်းက ကိုယ့်အိမ်ကိုယ့်ယာနဲ့ ပတ်သက်ရင် သိမ်ငယ်စိတ်လေး ရှိနေခဲ့ပါတယ်။


ကျွန်တော်အထက်တန်းကျောင်းသားဘ၀မှာ ရန်ကုန်ကို စရောက်ဖူးခဲ့တယ်..။ အဲဒီမှာ မန္တလေးအထွက် ကားလမ်းတလျှောက် ပူပြီးဖုန်တွေထူ၊ အပင်ဆိုလို့ ဇီးပင်ကလွှဲလို့ သိပ်မပေါက်နိုင်တဲ့ အညာဆိုတာကို မြင်လိုက်ရတဲ့အခါ စိမ်းစိုနေတဲ့ ကျွန်တော့်ခြံလေးကို သိပ်သတိရသွားမိတယ်။ တမျှော်တခေါ် မြေပြန့်ကြီးနဲ့ ခြောက်သွေ့နေတဲ့ အညာဒေသကို မြင်လိုက်တဲ့အခါ ဘယ်နေရာကြည့်ကြည့် တောင်တန်းတွေနဲ့ သစ်ပင်တွေနဲ့ အုပ်ဆိုင်းစိမ်းစိုနေတဲ့ ကျွန်တော့်မြို့လေးကို သိပ်သတိရသွားမိတယ်။

အခု ဒီအရပ်ဒေသမှာ မြေဆိုတာရယ် ရှားလွန်းလို့ သစ်ပင်တောတောင်ဆိုတာလည်း အင်မတန်ရှားပါတယ်။ တခါတခါ သစ်တောတွေလို တောင်တွေလိုနေရာကို တကူးအက ခရီးထွက်နေရပြန်ပါတယ်။ စိုက်ပျိုးမြေရှားလို့ မြေကြီးတစ်ကီလိုကို ဒေါ်လာပေါင်းများစွာပေးဝယ်ကြပြီးတော့ ရတဲ့နေရာ ၀ရန်တာလေးမှာ ဖြစ်သလို အပင်တွေကို တယုတယ စိုက်တတ်တဲ့ သူတို့တတွေကိုကြည့်ပြီးတော့ အပင်တွေကို တကယ်ချစ်တတ်လာခဲ့ပါတယ်။ သစ်ပင်ပန်းမန်တွေဟာ မိတ်ဆွေကောင်းတွေပါ။ သူတို့ဟာ စကားမပြော တတ်ပါဘူး။ ဒါပေမယ့် စကားပြောတတ်တဲ့ လူသားတွေထက် စိတ်ချမ်းသာမှုကို ပိုပေးနိုင်ပါတယ်။ ဒီတော့ ဒီတစ်ခေါက် မွေးရပ်မြေကို ပြန်ဖြစ်တော့ ခြံထဲက သစ်ပင်ပန်းမန်တွေကိုကြည့်ပြီး မှတ်တမ်းတင်ခဲ့မိပါတယ်။ ပြီးတော့ ငါ့အိမ်လေးဟာ မြို့စွန်လေးမှာရှိပါလားဆိုတဲ့ သိမ်ငယ်စိတ်ထက်၊ ငါ့အိမ်လေးမှာ သစ်ပင်တွေ၊ ပန်းပင်တွေ အများကြီးပါပဲလားဆိုတဲ့ ဂုဏ်ယူမိတဲ့ စိတ်တွေ ပိုပြီး ဖြစ်လာပါတယ်။ သစ်ပင်ပန်းမန်တွေဟာ လူတွေကို ဘယ်လောက်လန်းဆန်းစေသလဲဆိုတာကို တကယ်ပဲ နားလည်သိရှိခဲ့ပါတယ်။


ဒါကတော့ ဇွန်ပန်းပါ....

သီးနေတဲ့ သင်္ဘောသီးတွေ။ အခု အချိန်ဟာ ကြံလည်းထွက်တဲ့ အချိန်မို့ သင်္ဘောသီးဟာ မချိုပါ။ ဒါကြောင့် အစိမ်းတွေကိုပဲ ဆွတ်ပြီး သင်္ဘောသီးထောင်းဆိုင်ကို ပို့ရပါတယ်။ ဒါပေမယ့် ရန်ကုန်မှာဝယ်စားတဲ့ အသီးတွေက ချိုနေတာပဲ..။ ဆေးထိုးထားသလားလို့တော့ ထင်မိပါတယ်။


ဒါက တတိုင်းမွှေးအဖူးလေးနဲ့ အပင်ပါ။ ငယ်ငယ်က ဒီအဖူးလေးကို ဘုရားပန်းတင်ဖို့ ခဏခဏ ချောင်းကြည့်ပါတယ်။ သိပ်မကြာခင်ဆို အာလာပါတယ်။ အာတာနဲ့ ခူးပြီးဘုရားပန်းတင်ပါတယ်။ ခဏနေဆို အကုန်လုံးပွင့်လာပါတယ်။ တတိုင်းမွှေးက သိပ်မခံပါ။ တစ်နေကုန်လောက်တာနဲ့ ပွင့်ဖတ်တွေ ကြွေတော့တာပါပဲ..။ ငယ်ငယ်က တတိုင်းမွှေး ကာတွန်းဂျာနယ်ကို အသည်းစွဲဖြစ်နေတော့ တတိုင်းမွှေးကို ပိုကြိုက်မိတယ်။ ကျွန်တော်တို့ကတော့ ကြက်ဥပန်းလို့လည်း ခေါ်ပါသေးတယ်။


ဒါက ရွှေပန်းအဖူးလေးပါ။ ရွှေပန်းတွေက သိပ်ပွင့်တာကြောင့် ဘုရားပန်းတင်ဖို့ တော်တော်ရရုံမက၊ တစ်ခါတစ်ခါ ဈေးထဲတောင် သွင်းရပါသေးတယ်။

ဒါက သရက်ဖူးတွေပါ။ သရက်သီးဟာ တကယ်တော့ ရှမ်းပြည်မြေနဲ့ မကိုက်တာလားမသိ..။ အစိမ်းမှာ အကုန်ကောင်းပြီးတော့ မှည့်ဖို့ အုပ်ထားတဲ့အခါမှာ ပိုးတွေတအားထိုးတတ်ပါတယ်။ ဒါကြောင့်လားမသိ ရှမ်းစကားမှာ `မတ်မုံ့` လို့ခေါ်ပါတယ်။ `မတ်` ဆိုတာ အသီးကိုခေါ်ပြီး `မုံ့` ဆိုတာ ပိုးကိုဆိုလိုတာပါ။ ပိုးထိုးသီးပေါ့။



ဒါက နာမည်ကြီး ဆားချိုသီးလုပ်တဲ့ ဆားငန်သီးလေးနဲ့ အပေါ်က ဆားငန်ပင်တွေပါ။ ဘေးက ဆားငန်ပွင့်ပေါ့။ ဆားငန်သီးတွေ ခြွှေတဲ့အချိန်ဆို ကောက်ရမှာ အလွန်ပျင်းပါတယ်။ အမေက တပြည်ကောက်နိုင်ရင် ဘယ်လောက်ပေးမယ်လို့ မက်လုံးဘယ်လောက်ပေးပေး ကောက်ချင်စိတ်မရှိတာပါ..။ အခုတော့ ခြံထဲက ဆားငန်ပင်တွေက သိပ်မသီးတော့ဘူးလို့ ပြောပါတယ်။


ဒါက မလေးရှားစကားလို့ပြောတာပဲ။ ဟိုးငယ်ငယ်ကတော့ ဒီလိုအနုအရွပန်းပင်တွေ အိမ်မှာ စိုက်ရိုးမရှိပါဘူး။ အခုတော့ အမေက ဒါလေးတွေကို ပျိုးထောင်ရတာ ကျေနပ်လို့ထင်ပါရဲ့.. ခြံထဲမှာ ပန်းပင်လေးတွေ များလာတယ်။

ဒါက မြန်မြန်နမ်းပါ ဆိုတဲ့ ကစ်မီကွိတဲ့..။ ဒီပန်းကို ငယ်ငယ်ကလည်း မကြိုက်ဘူး.. အခုလည်း မကြိုက်ဘူး..။




ဒါက တီဗွီမှာ ကြော်ငြာနေတဲ့ အာရှပင်မှည့်ဖျော်ရည်လုပ်တဲ့ ပင်မှည့်ပင်နဲ့ ပင်မှည့်သီးပေါ့..။ ဟိုးအရင် အဲလို စီးပွားရေးဆန်ဆန် မရောင်းကြခင်၊ နာမည်မကြီးခင်ကတည်းက ဒီအသီးတွေကို ကျွန်တော်တို့ ကြိုက်ခဲ့တာပါ။ အသီးကိုခွဲလိုက်ရင် အစေ့လေးတွေရှိတယ်။ အရည်လည်း ရွှမ်းတယ်။ ဒီအတိုင်းစားရင် အူတက်ပေါက်တတ်တာ မို့ များသောအားဖြင့် ဖျော်ရည်လုပ်သောက်တယ်။ ရေစစ်လေးပေါ်မှာ အဲဒီအသီးကိုခွဲပြီး အထဲက အသားတွေတင်.. ရေလေးနဲ့အပေါ်က ဖြည်းဖြည်းလောင်းချပြီး ဇွန်းလေးနဲ့နှယ်ပေးတဲ့အခါ အရည်တွေရလာတယ်။ ဒါကို သကြားလေးနဲ့ဖျော်သောက် ကောင်းမှကောင်း...။ မစားနိုင်လို့ ပိုရင် ရောင်း.. ဒီပင်မှည့်သီးတွေဟာလည်း ကျွန်တော့်မုန့်ဖိုးတွေကို ဖြည့်တင်းပေးခဲ့ဖူးပါတယ်။

ဒါက ငှက်ပျောပင်နဲ့ ငှက်ပျောသီးပါ။ ထူးဆန်းလို့များတင်သလားလို့တော့ မဟုတ်ဘူးပေါ့..။ ဒီနိုင်ငံမှာ သီးမွှေးက လွှဲရင် တခြားငှက်ပျောသီးတွေ မရှိတော့ လွမ်းလို့ပါ။ ငှက်ပျော်ကြော်ကြိုက်တဲ့ ကျွန်တော်က ဖီးကြမ်းတွေကို တမ်းတနေမိတာတော့ မဆန်းပါဘူးလေ..။

ဒါက ပိန္နဲသီး အပျော့သီးပါ။ ရောင်းစားနေတာတွေက အကျွတ်သီးတွေပါ။ ဒါကအပျော့သီး။ အပျော့သီးက စားလိုက်ရင် ပလွတ်ဆိုပြီး ပါးစပ်ထဲရောက်သွားတယ်။ ၀ါးရခက်တယ်..။ ပျော့ပျော့အိအိလေး..။ အကျွတ်သီးထက် ကျန်းမာရေးနဲ့ ပိုသင့်တော်ပါတယ်။


အိမ်နောက်ဖေး ဈေှးဆိုင်တည်ဆိုတာ ဒါမျိုးပါ။ ခရမ်းချဉ်သီးလိုပြီဟေ့ ဆိုရင် အဆင်သင့်ခူးလိုက်ရုံပဲ..။

ဒါက သံပုယိုပင်ပါ။ ဒီအမျိုးကို အဖေဘယ်ကရသလဲတော့မသိဘူး။ ကိုင်းကူးပြီး ခြံအနှံ့စိုက်ထားတာ အသီးတွေက လှိုင်လှိုင်ထွက်ပါတယ်။ ငယ်ငယ်က အမေပို့တဲ့ ပိုက်ဆံအလျင်မမှီတော့ရင် ဒါလေးတွေကို လိုက်ခူး၊ ပြီးတော့ လျှောက်သီးသုပ်ဆိုင်ပို့... ကျွန်တော့်စီးပွားရေးအပင်တွေပေါ့..။ အခုထိ သူတို့က သီးတုန်းပဲ။

ဒါက နဂါးမောက်ပင်။ မြန်မာပြည်မှာ နဂါးမောက်ရောဂါထလာတာ သိပ်မကြာသေးဘူး။ ကျွန်တော်တို့ မြို့ဘက်မှာဆို နဂါးမောက်ခြံတွေ ဒုနဲ့ဒေး။ နဂါးမောက်ပင်တွေကို ဒီလိုကွန်ကရစ်တိုင် (သို့) တိုင်ထောင်ပေးရပါတယ်။ အပေါ်က အပင်ကားအောင် အဲလို တာယာကွင်းလိုမျိုးထားပေးရင် ပိုကောင်းပါတယ်။ ခြံထွက် နဂါးမောက်သီးက တစ်လုံးပဲရသေးတယ်။ ချိုတယ်လို့ ပြောပါတယ်။ အဲဒီ နောက်မှ လှမ်းမြင်နေရတာလေးက ကျွန်တော်မွေးဖွားကတည်းက နေခဲ့သော အိမ်လေးပါ။

ဒါက ရန်ကုန်က သူငယ်ချင်းလက်ဆောင်ပေးတာကို အမေက ပျိုးထောင်ပြီး စိုက်ထားတဲ့ သစ်ခွ။


ဒါက မှန်ကူပင်နဲ့ မှန်ကူသီးလို့ခေါ်တယ်။ ဗမာလို မရှိဘူးလို့ထင်ပါတယ်။ ဒီဘက်ပိုင်းမှာ တစ်ခါမှကို မတွေ့ဖူးတာပါ။ မှန်ကူပင်က အချိုနဲ့ အချဉ်ရှိတယ်။ အချိုက စားမကောင်းဘူး. အချဉ်တွေကို ငယ်ငယ်က အင်္ကျီနဲ့လှိမ့်ပြီး စားကြတာ။ ပြီးတော့ ပါးပါးလေးလှီးပြီး ငါးပိ၊ အိမေ့တ်( မုန်ညှင်းဖြင့်လုပ်သော ရှမ်းထုတ်ကုန်) နဲ့ သုပ်စားရင် သိပ်ကောင်းတာ..။ ပြောရင်းနဲ့ သွားရည်ကျလာပြီ။


ဒါက ရှားစောင်းလက်ပတ်။ ကျွန်တော် ၇ တန်း ကစလို့ ၀က်ခြံသိပ်ပေါက်တာ..။ ကိုးတန်းလောက်တော့ ဒီအပင်တွေ ယူလာစိုက်ပြီးတော့ အဲဒီ ရှားစောင်းလက်ပတ် အစီးတွေကို မျက်နှာပေါ်သုပ်လိမ်းတာ။ အေးပြီး နေရောပဲ။ ၀က်ခြံလည်းပျောက်ပါတယ်။



ဒါက လေချိုပင်ပါ။ လိုက်ချီးပင်ပေါ့..။ ကျွန်တော်တို့က လေချိုသီးလို့ခေါ်တာကိုး။ ဒီအပင်က အသက်ကြီးပြီ။ အနှစ် ၂၀ ကျော်ပြီထင်တယ်။ အခုထိ သီးဆဲပါပဲ..။ ဒီအပင်တွေကို ခါချဉ်တွေ သိပ်ကြိုက်တာ။ လေချိုသီးခူးရင် ခါချဉ်မကြောက်မှ အပေါ်တက်ခူးနိုင်မယ်။ မဟုတ်ရင်တော့ အောက်ကနေ တုတ်နဲ့ထိုးပြီး ခူးတာ ပိုကောင်းပါလိမ့်မယ်။

ဒီနေရာလေးက အရင်စာတွေမှာ ကျွန်တော်ရေးခဲ့တဲ့ ပုလွေမှုတ်နေကျ နေရာလေး..။ ငါးပါတက်တွေကို ဖမ်းတာလည်း အဲဒီနေရာလေးပါ။ မြွေနှစ်ကောင် မိတ်လိုက်တာလည်း အဲဒီဝါးရုံဘေးနားလေးပါ။

ဒါက ငါးမွေးကန် သုံးကန်ထဲက တစ်ကန်ပါ။ အခုတော့ နွံတွေပြန်ဆယ်ထားတယ်။ ငယ်ငယ်ကတော့ ငါးကြင်း၊ ငါးမြစ်ချင်းနဲ့ ရွှေဝါငါးကြင်းတွေ မွေးတယ်။ ငါးခူ၊ ငါးရံ့တွေလည်း ရှိတယ်။ ပြီးတော့ ကန်ထဲမှာ ညီအစ်ကို နှစ်ယောက်တင်မကဘူး သူငယ်ချင်းတွေပါခေါ်ပြီး ရေကူးလေ့ရှိပါတယ်။ အခုတော့ ရေကူးလို့လည်း မကောင်းတော့ဘူး။ ငါးတွေလည်း မရှိတော့ဘူး။ အရာရာတိုင်းက ဖြစ်ပြီးရင် ပျက်တတ်တာပါပဲ..။

ဒါကအိမ်ဘေးက ရွက်လှတွေပါ။ ဘုရားပန်းထိုးစရာမရှိရင် အဆင်သင့်ယူထိုးရုံပါပဲ..။

ဒါတွေက အိမ်ဘေးမှာ အိုးတွေနဲ့စိုက်ထားတဲ့ ပိန်းပန်းတွေ။ အမြဲပွင့်နေတာမို့ ဘုရားပန်းအမြဲကပ်ရပါတယ်။

ငယ်ငယ်က အပင်တွေနဲ့နေပြီး ခူးဖို့၊ ရောင်းဖို့လောက်သာ စိတ်ဝင်စားခဲ့တာပါ။ ကြီးလာတော့ အလွန်ခင်တဲ့ သူငယ်ချင်းတစ်ယောက်က အပင်တွေကို ၀ါသနာအရမ်းပါတာမို့ သူနဲ့ခရီးတွေသွားရင်းကနေ အပင်တွေကို စိတ်ဝင်စားသွားမိပါတယ်။ သူက ရန်ကုန်သားမို့လို့ အိမ်မှာစိုက်စရာနေရာမရှိတာကြောင့် ကျွန်တော့်ခြံကို ရောက်လာရင် အသေးစိတ်ကို လိုက်လေ့လာတတ်ပါတယ်။ အမေနဲ့လည်း အပင်အကြောင်းတွေ ပြောဆို ဆွေးနွေးတတ်တာမို့ ပိုပြီး စိတ်ဝင်စားလာမိပါတယ်။ ဒါတွေကတော့ ကျွန်တော့်ခြံထဲက အပင်လေးတွေ အကြောင်းပါ။ နောင်ကြုံခဲ့ရင်တော့ ဒီတစ်ခါ ခရီးထွက်ဖြစ်ခဲ့တဲ့ မော်လမြိုင်က ဒူးရင်းခြံ၊ မင်းကွတ်ခြံ၊ ကြက်မောက်ခြံတွေအကြောင်းကို ပြောပြပါဦးမယ်။

ခင်မင်လျက်
နေ၀သန်

ပရော်ဖက်ရှင်နာလဇမ် ပုံရိပ် နှင့် လူသားတို့ ကမ္ဘာ

$
0
0


ဒီအကြောင်းကို ပြောဖို့ ခဏခဏစဉ်းစားမိတယ်။ သိပ်များ ကြီးကျယ်နေမလားလို့ တွေးမိတာနဲ့ မရေးဖြစ်ခဲ့တာ။ တကယ်တော့ ယဉ်ကျေးမှုဖွံ့ဖြိုးနေတဲ့ လူသားတွေရဲ့ လောကမှာ Professionalism ဆိုတာ အလွန်ကို အရေးပါ ပါတယ်။ ထပ်ပြောရရင် လူတစ်ယောက်ရဲ့ စိတ်ဓါတ်အရည်အသွေးကို ဒီပေတံသုံးပြီး တိုင်းတာတတ်ပါတယ်။ `OMG, you are not professional` ဆိုတဲ့ စကားဟာ လူတစ်ယောက်ရဲ့ အောင်မြင်မှုကို ငရဲမီးနဲ့ ပက်လိုက်သလို ထက်မြက်လွန်းတဲ့၊ အလွန်ခံပြင်းစရာကောင်းတဲ့ စကားပါ။

အဘိဓါန်တွေမှာ ဖွင့်ဆိုချက်ကို ကြည့်ရင်တော့ `Professionalism - the skill, good judgement and polite behavior` လို့ဆိုထားပါတယ်။ Professional ဆိုတဲ့စကားကိုတော့ ငယ်ငယ်ကတည်းက ရင်းနှီးခဲ့တာက ကျွမ်းကျင်မှုပေါ့။ လူ့အသိုင်းအ၀ိုင်းမှာ ထိပ်တန်းရောက်နေသော အလုပ်၊ လူအများ လေးစားရတဲ့ အလုပ်၊ လူတွေကို အကျိုးပြုတတ်သောအလုပ်၊ နောက် လူတိုင်းဖြစ်ချင်ပြီး ဖြစ်ဖို့မလွယ်တဲ့ အလုပ်လို့ နားလည်ခဲ့တာပါ။ ဒါကြောင့် ကျောင်းမှာ အက်ဆေးတွေ စရေးတတ်ကတည်းက ရည်မှန်းချက်ဆိုတဲ့ နေရာမှာ Professional Jobs တွေဖြစ်တဲ့ ဆရာဝန်၊ အင်ဂျင်နီယာ ဖြစ်ချင်တယ်ရယ်လို့ ရေးဖြစ်ခဲ့တယ်။

ခေတ်တွေပြောင်းလာတဲ့အခါမှာတော့ ဘယ်အလုပ်က ပရော်ဖက်ရှင်နယ်အလုပ်ဖြစ်တယ်လို့ ခွဲခြားသတ်မှတ်တာထက် ဒီအလုပ်မှာ ပရော်ဖက်ရှင်နယ်ကျအောင် လုပ်တတ်၊ မလုပ်တတ်ဆိုတာ ပိုအရေးကြီးလာပါတယ်။ အရင်က ဆရာဝန်ဆိုရင် ပရော်ဖက်ရှင်နယ်အလုပ်ရယ်လို့ သတ်မှတ်ခဲ့ပေမယ့် အခုအချိန်မှာတော့ ဘယ်ဆရာဝန်က ပရော်ဖက်ရှင်နယ်ကျတယ်၊ ဘယ်ဆရာဝန်က မကျဘူးရယ်လို့ ဖြစ်လာပါပြီ။ ထပ်ပြောရရင်တော့ ဘယ်အလုပ်မဆို ပရော်ဖက်ရှင်နယ်ကျကျ လုပ်တတ်၊ မလုပ်တတ်ဆိုပြီး ခွဲလာပါပြီ။ ဥပမာ- ငါးပိဖုတ်တောင် `ဆရာမပြ နည်းမကျ` ဖြစ်တတ်ပါတယ်။ ငါးပိဖုတ်တာပဲ အေးဆေးပါဆိုပြီး ဖုတ်ချင်ရာဖုတ်ရင် စားလို့ကောင်းချင်မှကောင်းမယ်။ ဒီတော့ ငါးပိကို ဘာနဲ့အရင်နှယ်၊ မီးကို ဘယ်လောက်ထားပြီး ဘယ်လိုဖုတ်၊ ပြီးရင် ပန်းကန်ထဲဘယ်လိုထည့်မယ်၊ ဒီငါးပိဖုတ်ကို သံပုရာသီးလေး ညှစ်ထည့်ရင် ကောင်းမကောင်း၊ ငါးပိကို ဖုတ်ပြီး ဒီအတိုင်းစားမယ့်ဟာဆို ဘယ်လိုဖုတ်၊ ဖုတ်ပြီးသားကိုမှ ပြန်ပြီးထောင်းမယ်ဆို ဘယ်လောက်ထိပဲ ကင် စသည်အားဖြင့် နည်းလမ်းအထွေထွေ ရှိပါတယ်။ ဘယ်လို အလုပ်မှာမဆို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားရင် ဒါကို Professional ကျတယ်လို့ ခေါ်ရပါတယ်။ အပေါ်မှာပြောသလိုဆို The Skill ပေါ့။ စွမ်းရည်ရှိရပါမယ်။

ဒီတော့ အခုကမ္ဘာမှာ အောင်မြင်နေပါတယ်ဆိုတဲ့ ကုမ္ပဏီတွေ၊ လူသားတွေဟာ Professional Skill တွေကို လက်ကိုင်ပြုပြီးတော့ လုပ်ငန်းကို တိုးတက်အောင်မြင်အောင် လုပ်နေကြပါတယ်။ ဒီတော့ အလုပ်တစ်ခုမှာ တော်တိုင်း ပရော်ဖက်ရှင်နယ်ဖြစ်သလားဆိုတော့ မဖြစ်ပြန်ပါဘူး။ Professionalism ဆိုတာ တော်တာတစ်ခုတည်းကိုပဲ ကိုယ်စားမပြုပါဘူး။ ဒီစကားလုံးလေးဟာ တစ်လုံးတည်းပေမယ့် အတော်ကို တာသွားပါတယ်။ ဒီတော့ ဒီခေါင်းစဉ်အောက်မှာ တခြားသော ဘယ်လိုအရည်အချင်းလေးတွေ ရှိသလဲဆိုတာ ကြည့်လိုက်ရင်တော့

-Trustworthy (ယုံကြည်စိတ်ချရသော၊ အားကိုးလောက်သော)
-Competent (အရည်အချင်း၊ ကျွမ်းကျင်မှု၊ ဗဟုသုတ၊ အခွင့်အာဏာ (စသည်) ရှိသော)
-Respectful (ရိုသေလေးစားသော)
-Act with integrity (တည်ကြည်မှု၊ ဂုဏ်သိက္ခာနှင့် ဆောင်ရွက်တတ်မှု)
-Considerate (ညှာတာထောက်ထားသော)
-Empathetic (မျှဝေခံစားတတ်သော)
-Courteous (ယဉ်ကျေးသော၊ ရည်မွန်သော)
-Dependable (မှီခိုထိုက်သော)
-Cooperative (ပူးပေါင်းပါဝင်ဆောင်ရွက်တတ်သော)
-Committed (အလုပ်တွင် နှစ်မြုပ်လုပ်ကိုင်တတ်သော)



အဲဒီထက် အသေးစိတ်ပြီး နားလည်လွယ်အောင်ပြောရရင် ပရော်ရှင်နယ်တစ်ယောက်ဖြစ်ဖို့ ဒီလိုအရည်အချင်း ရှိရပါမယ်။

- အလုပ်တစ်ခုကို ဘက်စုံထောင့်စုံ အမြင်မျိုးစုံ လေ့လာတတ်ရမယ်။
- ဘာတွေလိုအပ်နေပြီး ဘာကိုလိုချင်သလဲဆိုတာကို ဂရုတစိုက်နဲ့ ရှာဖွေတတ်တယ်။
- စမတ်ကျကျ ၀တ်ဆင်တတ်တယ်၊ ပြောဆိုတတ်တယ်၊ နေထိုင်တတ်တယ်။
- အလုပ်လုပ်ရာ ပတ်ဝန်းကျင်နေရာကို သန့်ရှင်းသပ်ရပ်ပြီး၊ အစီအရီနေရာတကျ ထားတတ်တယ်။
- အလုပ်လုပ်တဲ့နေရာမှာ အာရုံစူးစိုက်ပြီး၊ ရှင်းရှင်းလင်းလင်းပဲ ဦးတည်ချက်ကို ရောက်အောင်သွားတယ်။
- အမှားမခံတတ်ဘူး။
- ခက်ခဲတဲ့ အလုပ်တာဝန်တွေကို စိန်ခေါ်လုပ်ကိုင်တတ်တယ်။
- စီမံကိန်းအလုပ်တစ်ခုကို တတ်နိုင်သလောက် မြန်မြန်ပြီးအောင်လုပ်တယ်။
- အကောင်းမြင်ဝါဒ ရှိတယ်။
- ငွေရေးကြေးရေးနဲ့ စာရင်းအင်းတွေကို ဂရုတစိုက် ကိုင်တွယ်လေ့ရှိတယ်။
- တဖက်သားကို လေးစားတတ်တယ်။
- သူတပါးကို စိတ်ဝင်စားမှု၊ ချီးမွမ်းမှု၊ နူးညံ့စွာ ဆက်ဆံတတ်မှု စတဲ့ စိတ်သဘောတွေကို ပြသလေ့ရှိတယ်။
- ပန်းတိုင်မရောက်မချင်း ကြိုးစားလုပ်ကိုင်တယ်။

စသည်ဖြင့်ပေါ့။ ဆက်ပြောရမယ်ဆိုရင်တော့ အများကြီးပဲပေါ့။ Campbell ကတော့ ပြောပါတယ်။ `Professionalism is in the eye of the beholder`တဲ့။ သင်ဟာ ပရော်ဖက်ရှင်နယ် ကျမကျ ရှုသူ၊ မြင်သူရဲ့ မျက်လုံးက ဆုံးဖြတ်သွားပါလိမ့်မယ်။

ဒီတော့ ဒီစကားလုံးလေးကို စာဆန်ဆန်ထက် ဥပမာလေးတွေနဲ့ ကြည့်ရအောင်ပါ။ လူလျှောက် ပလက်ဖောင်းပေါ်မှာ တစ်ဖက်တစ်ချက်ကနေပြီးတော့ လူနှစ်ယောက် မျက်နှာချင်းဆိုင် လမ်းလျှောက်လာတယ်။ တစ်ဖက်က လက်ကိုင်ဖုန်းမှာ စာရိုက်ရင်းလျှောက်လာတယ်။ နောက်တစ်ဖက်က အိပ်ကြီးဆွဲပြီး လမ်းလျှောက်လာတယ်။ ဒီနှစ်ယောက်က ပခုံးခြင်းဝင်တိုက်မိကြရော။ ဒီတော့ တစ်ဖက်က ပြောတယ်.. `အားနာလိုက်တာရှင်။ ကျွန်မက ဖုန်းကိုအာရုံစိုက်နေတာနဲ့ တိုက်မိသွားတယ်။ ဘာဖြစ်သွားသေးလဲ မသိဘူး။ တောင်းပန်ပါတယ်ရှင်` လို့ပြောလိုက်တယ်။ ဒီတော့ တစ်ဖက်က `ဟာ.. ရပါတယ်ဗျာ..။ ကျွန်တော်ကိုယ်က ဒီလောက်လူရှုပ်နေတဲ့ လမ်းမှာ အိပ်ကြီးဆွဲလာတာဆိုတော့ တိုက်မိသွားတာပါ။ ကျွန်တော်လည်း တောင်းပန်ပါတယ်` လို့ ပြန်ပြောသတဲ့။ ဒီထဲမှာ ဘာကိုတွေ့ရလဲဆိုရင် တစ်ဖက်သားကို လေးစားတတ်ခြင်းနဲ့ စာနာထောက်ထားခြင်း ဆိုတာကို မြင်နေရပါတယ်။ ယဉ်ကျေး၊ ရည်မွန်တဲ့ လူ့အသိုင်းအ၀ိုင်းလေးကိုလည်း မြင်လိုက်ရပါတယ်။

လူနှစ်ယောက် ကိစ္စတစ်ခုနဲ့ တစ်နေရာမှာ ချိန်းတယ်။ မနက် ၁၀ နာရီမှာ ချိန်းတယ်ဆိုပါစို့။ ချိန်းထားတဲ့ နေရာမှာ လူတစ်ယောက်က ၁၀ နာရီမထိုးခင် ၁၀ မိနစ်အလိုကတည်းက ရောက်နင့်ပြီး စောင့်တယ်။ တစ်ယောက်က ၁၀ နာရီကျော်ပြီး ၁၅ မိနစ်အထိ မရောက်လာသေးဘူး။ နာရီဝက်နီးပါး လွန်ပြီးတော့မှ အူယားဖားယားနဲ့ ရောက်လာတယ်။ ပြီးတော့ `ဆောရီးနော်..။ ဘူတာနဲ့ အိမ်ကဝေးလို့ လမ်းလျှောက်နေတာနဲ့ ကြာသွားတယ်` လို့ဆိုတယ်။ တစ်ဖက်က ပြုံးပြုံးလေးနဲ့ `ရပါတယ်` လို့ပဲ ဆိုလိုက်ပါတယ်။ ဒီဖြစ်ရပ်လေးမှာ ဘာတွေဖြစ်သွားကြသလဲ။ လူတစ်ယောက်ဟာ ကတိတစ်ခုပေးခါနီးမှာ ကိုယ်လုပ်နိုင်ရဲ့လား၊ ဖြစ်နိုင်ရဲ့လားဆိုတာကို အရင်စဉ်းစားပြီးမှ ကတိတစ်ခုကို ပေးရမယ်။ ကတိပေးပြီးတဲ့အခါ ဘူတာနဲ့ အိမ်ဝေးလို့ သွားရမယ့်အချိန်ဟာ နာရီဝက်ဆိုရင် နာရီဝက်ကြိုပြီး အိမ်ကထွက်ရမယ်။ ရထားအချိန်၊ ကားအချိန်တွေ တွက်ချက်ပြီး ကတိအတိုင်းသွားရပါမယ်။ တစ်ဖက်သားက ကိုယ့်ကိုစောင့်လိုက်ရလို့ ပေးလိုက်ရတဲ့အချိန်ဟာ သူ့အတွက် တန်ဖိုးအင်မတန်ကြီးတဲ့ အရာကို ဆုံးရှုံးသွားတာလည်း ဖြစ်နိုင်တယ်။ ဒီတော့ ဒီနေရာမှာ ကတိမတည်မှု၊ တဖက်သားကို ကိုယ်ချင်းမစာမှု၊ တဖက်သားကို မလေးစားမှု စတာတွေကို မြင်နေရပါတယ်။ တကယ်လို့ ဒီနှစ်ယောက်ဟာ သူငယ်ချင်းတွေမို့ ဆိုရင်တော့ ကိစ္စသိပ်မကြီးပေမယ့် လုပ်ငန်းရှင်တွေ တွေ့ဆုံပွဲလိုနေရာမှာဆိုရင်တော့ တစ်ဖက်သားဟာ ကိုယ့်ကုမ္ပဏီနဲ့ အလုပ်တွဲလုပ်ချင်ပါတော့မလား၊ စာချုပ်ချုပ်ချင်ပါတော့မလား။ တစ်ဖက်သားကတော့ `ယုံကြည်စိတ်ချမှုမရနိုင်သော ကုမ္ပဏီ` လို့ပဲ ခေါင်းစဉ်တပ်သွားပါလိမ့်မယ်။

လူသားတွေမှာ တစ်ဖက်သားကို လေးစားတတ်ဖို့ သိပ်အရေးကြီးပါတယ်။ လူတစ်ယောက်က ကိုယ့်ကို ပွဲတစ်ခုတက်ဖို့ ဖိတ်တယ်။ ကိုယ်မသွားချင်ဘူး။ ဒီတော့ မသွားချင်ဘူးဆိုရင် မသွားဖြစ်တဲ့အကြောင်းလေးကို တစ်ဖက်သားကို အလေးထားပြီး အကျိုးအကြောင်းပြန်ရမယ်။ ဒါဟာ လူ့ကျင့်ဝတ်တစ်ခုပါပဲ။ `ငါလုပ်စရာရှိလို့၊ မလာနိုင်တော့ဘူးနော်` ဆိုတဲ့ အကြောင်းကြားစာလေးတစ်ကြောင်းဟာ တစ်ဖက်သားအတွက် လူတစ်ယောက်စာ လျှော့ပြီး ပြင်ဆင်ဖို့ရသွားတာပေါ့။ ဒါကတော့ တစ်ဖက်သားကို လေးစားမှုနဲ့ ထောက်ထားညှာတာမှုတွေပေါ့။

Professional လူသားတစ်ယောက်ဖြစ်ဖို့ Campbell ကတော့ ဒီလိုနည်းလမ်းပေးသွားပါတယ်။


- ကိုယ့်ကိုယ်ကို လေးစားပါ။
- လူ့ကျင့်ဝတ်ဆိုင်ရာ တာဝန်ဝတ္တရားကို လက်ခံတတ်ပါ။
- တခြားသူတွေကို လေးစားပါ။
- အတွေ့အကြုံကို လေးစားပါ။
- တခြားသူတွေရဲ့ လုပ်ပိုင်ခွင့်ကို လေးစားပါ။

ဒီအထိကြည့်ရင် လေးစားပါ ဆိုတာတွေကိုပဲ မြင်ရတဲ့အတွက် လူလူချင်း လေးစားတတ်ရင်ကိုပဲ ခရီးအင်မတန် ပေါက်နေပါပြီ။ လုပ်ငန်းခွင်မှာ ဘယ်လို ပရော်ဖက်ရှင်နယ်ဖြစ်အောင်နေမလဲ ဆိုတဲ့ ကွန့်ဖရင့်မှာ ပြောသွားတာပါ။ အဆုံးသတ်မှာ အနှစ်ချုပ်သွားတဲ့ စကားလုံးက နှစ်သက်စရာ ကောင်းပါတယ်။

- Start with Self Respect
- Determine your values
- Pay attention to how you communicate

တဲ့။



ဒါပေမယ့် `ဒူးနေရာဒူး တော်နေရာတော်` ဆိုသလိုပေါ့။ ထမီစွန်တောင်ဆွဲပြီး ကက်ကက်လန် ရန်ဖြစ်တတ်တဲ့ ဒေသမှာ ပရော်ဖက်ရှင်နယ်အကြောင်းသွားပြောရင် `ကျွဲပါးစောင်းတီး` သလိုဖြစ်နေမှာပေါ့။ ဒီတော့ Determine your values တဲ့။ ကိုယ့်တန်ဖိုးကို ဖြတ်ပါပေါ့။ ကိုယ်ဟာ နယ်ပယ်အသီးသီးမှာ အောင်မြင်တဲ့ လူတစ်ယောက်ဖြစ်ဖို့ဆိုရင်တော့ ကိုယ့်ရဲ့ ပုဂ္ဂလိက အရည်အသွေးဟာ အရေးကြီးပါတယ်။

လူတစ်ယောက်ရဲ့ အောင်မြင်မှုဟာ ပေါင်းလိုက်ရင် နိုင်ငံတစ်ခုရဲ့ အောင်မြင်မှုဖြစ်တယ်။ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုအတွက် အင်မတန်ကောင်းတဲ့ အားသာချက်တစ်ခုဖြစ်တယ်။ ဒါကြောင့် Professionalism ဆိုတာကို သင်ရိုးအနေနဲ့တောင် ကျောင်းတွေမှာ ပြဌာန်းပြီး သင်ကြားကြရတယ်။ အခု အနီးစပ်ဆုံးကြည့်ရင် မော်ဒယ်လ်သင်တန်း။ မြန်မာတွေရဲ့ မျက်စိမှာ မော်ဒယ်လ်ဆိုတာ Cat Walk လျှောက်ရုံ သင်ပေးတာမဟုတ်ဘူး။ စားပုံစားနည်း၊ ၀တ်ပုံဝတ်နည်းနဲ့ အရေးကြီးဆုံးက ပြောဆိုပုံပြောဆိုနည်းပါ သင်ပေးတာပါ။ Hotel and Management တွေမှာလည်း စားသုံးသူတွေကို ဘယ်လို ဆက်ဆံမလဲ၊ ယုတ်စွအဆုံး စားပွဲထိုးရင်တောင် ဘယ်ဘက်ကနေပြီး ဟင်းခွက်ချပေးရမလဲ၊ မှာထားတဲ့ ဟင်းလျာတွေပေါ် မူတည်ပြီး ဘယ်ပွဲကို အရင်ချပေးရမလဲ စသဖြင့် နည်းစနစ်တွေရှိပါတယ်။ ဒီတော့ ဘယ်အလုပ်မှာမဆို ကိုယ်ဟာ ပရော်ဖက်ရှင်နယ်ကျကျ မလုပ်တတ်သ၍ နောက်ကောက်ကျကျန်ခဲ့မှာ အသေအချာပါပဲ။ ဒါကြောင့် Susie Kay က သူ့ရဲ့ စာအုပ်နာမည်ကို `Professionalism: The ABC to Success` `ပရော်ဖက်ရှင်နယ်လဇမ်။ ။ အောင်မြင်မှုဆီသို့ အခြေခံသော့ချက်` လို့ဆိုထားပါတယ်။

ရွှင်လန်းချမ်းမြေ့ပါစေ

ခင်မင်လျက်
နေ၀သန်
(ပုံများကို Google မှယူပါတယ်)


စုစည်းမှတ်ရာ ထိုထိုစာ

$
0
0
ကျွန်တော်တို့ စာပေတွေဖတ်ရှုတဲ့အခါ မှတ်သားလွယ်တဲ့အရာမှန်သမျှ ခေါင်းထဲဝင်ပါတယ်။ ဒါပေမယ့် အသုံးမပြုတာ ကြာတဲ့အခါ၊ ဆက်စပ်ပြောဆိုမှု နည်းတဲ့အခါမှာ မေ့လျော့သွားတတ်ပြန်ပါတယ်။ တချို့ အကျင့်ကောင်းတဲ့သူတွေမှာကျတော့ မှတ်စုစာအုပ်လေးတွေနဲ့ ရေးရေးပြီး မှတ်ထားတတ်တာမို့ အရေးကြုံရင် ပြန်လှန်ကြည့်ရုံနဲ့ လိုရာကို အသုံးချနိုင်ပါတယ်။ တချို့တွေကျ ဥာဏ်ကောင်းတာမို့ ဖတ်ပြီး စိတ်ထဲမှတ်ထားလိုက်တာနဲ့ မှတ်မိနေတတ်ပါတယ်။ ကျွန်တော့်မှာ အဲလို မှတ်ဥာဏ်ကလည်း မကောင်း၊ မှတ်စုနဲ့ မှတ်တဲ့အလေ့ကလည်း မရှိတာနဲ့ ဖတ်ပြီးသားစာတွေဟာ အချက်အလက်နဲ့ပြောပါဆိုရင် တစ်ခုမှ မမှတ်မိတော့ဘူး။ အင်တာနက်ကောင်းမှုကြောင့် ဒီဘက်ခေတ်မှာ လိုချင်တာကို ဂူဂဲလ်ကနေ ရှာယူနိုင်ပေမယ့် ရုတ်တရက် သုံးရမယ့်နေရာမျိုး၊ ပြောဆိုရမယ့်နေရာမျိုးမှာ ဒီလိုပြန်ပြန်ရှာနေဖို့လည်း မလွယ်ပါဘူး။ တချို့ ဆရာကြီးတွေ၊ ပညာရှင်ကြီးတွေမှာ စကားပြောရင်းကနေ ဟိုဟာလေး ဆွဲထည့်ပြော၊ ဒီဟာလေး ဥပမာပြောနဲ့ စကားပြောကို ချောနေတာမို့ အဲဒါတွေကိုကြည့်ရင်း သိပ်သဘောကျမိတာ..။ ဒီတော့ ကိုယ့်ဘာသာကိုယ် ပြန်တွေးမိတယ်.. ကိုယ့်စိတ်ထဲကို အကြောင်းအရာတွေ ထပ်ခါထပ်ခါ သွင်းပေးနိုင်ရင် မှတ်မိနိုင်ပါတယ်လို့စဉ်းစားမိတယ်..။

အခု ဒီစာလေးမှာတော့ ကျွန်တော်တို့နဲ့ ရင်းနှီးကျွမ်းဝင်တဲ့ အကြောင်းလေးတွေကို စုပြီး မှတ်ထားတဲ့ သဘောပါပဲ။ တခါတလေ ဟိုးငယ်ငယ်ကတည်းက နားထဲကို တိုက်ရိုက်ကျွမ်းဝင်ပေမယ့် စိတ်မ၀င်စားမိတာရော၊ အလေးမထားမိတာရောကြောင့် အဓိပ္ပါယ်တွေ သေသေချာချာ မသိခဲ့ပါဘူး။ ဒီလို အကြောင်းလေးတွေကို စုပြီး မှတ်စုထုတ်ရေးသားချင်ပါတယ်။

နာယကဂုဏ်ခြောက်ပါး

ငယ်ငယ်ကတည်းက ကျောင်းတွေမှာ ဆရာကန်တော့ပွဲပဲဖြစ်ဖြစ်၊ အခမ်းအနားတစ်ခုလုပ်ပြီဆိုရင် နာယကဂုဏ်နဲ့ ပြည့်စုံတဲ့ ဆရာကြီး၊ ဆရာမကြီးများဆိုတာ အမြဲပါလေ့ရှိပါတယ်..။ ဆရာကန်တော့ပွဲမှာ ရှေ့က တိုင်စာဆိုဖို့ ရေးထားတဲ့ ကန်တော့ချိုးတွေမှာလည်း ဒါမျိုးလေးက ပါတတ်တယ်..။ နာယကဂုဏ်ဆိုတာ ထပ်ခါထပ်ခါ ကြားဖူးနေပေမယ့် ဘာရယ်ဆိုတာတော့ မသိခဲ့ပါဘူး။ မသိတော့ သိချင်လားဆိုတော့လည်း မသိချင်ခဲ့ပါဘူး။ ဒီတော့လည်း မရှာဖွေခဲ့ဘူးပေါ့။ ဒါပေမယ့် အကြောင်းရယ်အကျိုးရယ် တိုက်ဆိုင်လာတော့ ခွေးအကြီး လှည်းနင်းထားသလို အထစ်အထစ်နဲ့ ဘာမှ မပြောတတ်တော့ဘူး။ ဒီတော့ အကြီးအကဲတွေမှာ ရှိအပ်တဲ့ နာယကဂုဏ်ခြောက်ပါးဆိုတာ အောက်ပါအတိုင်းဖြစ်တယ်လို့ လောကနီတိ ဂါထာပုဒ်ရေ ၁၁၉ ကဆိုပါတယ်။

(၁) သည်းခံခြင်း
(၂) နိုးကြားခြင်း
(၃) ထကြွလုံ့လရှိခြင်း
(၄) သနားခြင်း
(၅) ဝေဖန်ပိုင်းခြားခြင်း
(၆) မြော်မြင်စဉ်းစားခြင်း

အဌာရသ ၁၈ ရပ်

ငယ်ငယ်တုန်းက ပုံပြင်တွေဖတ်ပြီဆိုရင် မင်းသားလေးက အရွယ်ရောက်လာတဲ့အခါမှာ ဒိသာပါမောက္ခကြီးဆီ သွားပြီး မင်းသားတို့ တတ်အပ်တဲ့ အဌာရသ ပညာရပ်တွေကို သင်ကြားရသတဲ့။ ဒီလို တတ်ကျွမ်းပြီးလို့ သေချာပြီလို့ ဆရာကြီးက ယူဆတဲ့အခါမှ တိုင်းပြည်ကို ပြန်ရသတဲ့။ ကျွန်တော်အသက် ၂၀ ကျော်ပါပြီ။ အဲလိုပုံပြင်တွေကို ၁၁ နှစ်လောက်ကတည်းက ဖတ်လာတာပါ။ တစ်ခါမှ အဌာရသပညာရပ် ဆိုတာ ဘာတွေပါလိမ့်လို့ မစဉ်းစားခဲ့ဖူးဘူး...။ ဘယ်သူ့ကိုမှ အပြစ်မတင်ပါဘူး။ စူးစမ်းလေ့လာတတ်တဲ့ အလေ့ကိုယ့်မှာမရှိတာမို့ ကိုယ်ဟာညံ့လေခြင်းလို့ပဲ တွေးမိတယ်။ အဲဒီတော့ အဌာရသ ၁၈ ရပ်တွေဟာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

(၁) အကြားအမြင်အတတ် (ဗေဒင်အတတ်)
(၂) ဓမ္မသတ် အတတ်
(၃) ဂဏန်းသင်္ချာအတတ်
(၄) တံစဉ်း စူး ဆောက် အတတ်
(၅) နီတိကျမ်း အတတ်
(၆) ယာယီ ယတြာ စသော ဗျာကရိုဏ်းအတတ်
(၇) စောင်း ညှင်း (ငြင်း) စသော အတီးအမှုတ်အတတ်
(၈) လက်သစ်အတတ် (လက်ဆစ်ချိုးရေတွက်ခြင်းအတတ်)
(၉) လေးအတတ်
(၁၀) ရှေးစကားအတတ်
(၁၁) ဆေး အတတ်
(၁၂) ရယ်ရွှင်မှု အတတ်
(၁၃) ဗေဒင် အတတ်
(၁၄) လှည့်ပတ်တတ်သော အတတ်
(၁၅) ဆန်းကျမ်း အတတ် (ဝိစိတိ ဇဂဏီစသော ဆန်းတို့ကိုပြဆိုသော ပိင်္ဂလ စသောကျမ်းအတတ်)
(၁၆) သံတမန် အတတ်
(၁၇) မန္တန်အတတ်
(၁၈) သဒ္ဒါကျမ်း အတတ်

တို့ပဲဖြစ်ပါတယ်။

ဖိုးသုည ခုနှစ်ယောက်

လောကနီတိမှာ ဖော်ပြထားတာနဲ့ပတ်သက်လို့ သဘောကျမိတဲ့ အချက်တချို့ကိုလည်း ဖော်ပြချင်ပါသေးတယ်။ အဲဒါကတော့ ဖိုးသုည ခုနှစ်ယောက်ပါ။

(၁) အအိပ်ကြီးသူ
(၂) မေ့လျော့တတ်သူ
(၃) သက်သောင့်သက်သာ ဇိမ်ခံနေတတ်သူ
(၄) ရောဂါရနေသောသူ
(၅) ပျင်းရိသူ
(၆) အလိုကြီးသူ
(၇) အသေးအဖွဲ အလုပ်တွေနှင့် အချိန်ကုန်နေသူ

တဲ့။ ပစ္စုပ္ပန်အလုပ်တွေမှာ အပေါ်က အချက်တစ်ချက်ချက်နဲ့ ညှိနေရင်တော့ အရင်ဆုံး အခွင့်အရေးတွေ လက်လွတ်ဆုံးရှုံးရမှာပါပဲ..။



အထက်က အကြောင်းအရာတွေက လောကနီတိကို ညွှန်းပြီး မှတ်ထားတာပါ။ `နီတိ` ဆိုတာ ရှေ့ဆောင်၊ လမ်းပြဆိုတဲ့ သဘောပါ။ `လောကနီတိ` ဆိုတော့ လူ့ဘောင်လောက၏ ရှေ့ဆောင်လမ်းပြ ဆိုတဲ့ သဘောပေါ့။ မြန်မာ့ပညာရေးစနစ်မှာ ပြဌာန်းခဲ့ဖူးတဲ့ `ပြည်သူ့နီတိ` ဆိုတာကတော့ တိုင်းသူပြည်သား တစ်ယောက် နိုင်ငံသားကောင်းပီသအောင် ကျင့်ကြံနေထိုင်အပ်သော ရှေ့ဆောင်၊ လမ်းပြဆိုတဲ့ သဘောမို့ ကျွန်တော်တို့ လူငယ်တွေ မမေ့သင့်ပါဘူး။

ဆက်ပြီးမှတ်ရရင်တော့ ခဏခဏလည်း မှတ်တယ်။ ခဏခဏလည်း မေ့တယ်။ အမြဲလည်း သုံးတဲ့ အရာတွေပါပဲ။ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေ ဘုရားရှိခိုးတဲ့ သြကာသ ကန်တော့ချိုးပါ။ ငယ်စဉ်ကတည်းက ကျောင်းမှာ၊ အိမ်မှာ မိဘဆရာတွေက တိုင်ပေးလို့တတ်လာခဲ့တယ်။ `သြကာသ၊ သြကာသ၊ သြကာသ ကာယကံ ၀စီကံ.. မနောကံ` စသဖြင့်ပေါ့..။ အမြဲဆိုဖြစ်တယ်။ ဘုရားရှိခိုးတိုင်း ရွတ်တယ်။ သိချင်တော့ မှတ်တယ်။ မှတ်ရင်းကနေ မေ့တယ်.။ ၀ဲလည်ချာလည်လိုက်နေတာ အခုထိပါပဲ။ အဲဒါလေးကိုလည်း ဒီမှာ မျှဝေရင်းနဲ့ ထပ်ပြီး မှတ်သားချင်ပါသေးတယ်။

သြကာသ

`သြကာသ` ဆိုတာ `ရှိခိုးပါရစေ၊ ခွင့်ပြုပါ` ဆိုတဲ့ သဘောပါ။ တချို့တွေက သုံးကြိမ်ရွတ်ဆိုတယ်။ တချို့ ဒေသတွေမှာ နှစ်ကြိမ်ရွတ်ဆိုပါတယ်။

ကံသုံးပါး

ကာယကံ - ကိုယ်ဖြင့်ပြုအပ်သော အလုပ်
ဝစီကံ - နှုတ်ဖြင့်ပြုအပ်သော အလုပ်
မနောကံ - စိတ်ဖြင့် ပြုအပ်သော အလုပ်

`သြကာသ` အချိုးပြီးလို့ နောက်တစ်ပိုဒ်မှာ ရွတ်ဆိုတဲ့ `အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုး ငါးပါး၊ ၀ိပတ္တိတရားလေးပါ၊ ဗျသနတရားငါးပါး` တို့မှ ကင်းလွှတ်ဖို့ ဆုတောင်းတာလေးရှိတယ်။ အဲဒါလေးတွေကို ထုတ်နုတ်မှတ်သားရရင်ဖြင့်

အပါယ်လေးပါး

အပါယ်ဟူသည်မှာ `အပါယ` ဟူသော ပါဠိစကားမှ ဆင်းသက်လာသည်။ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် ဆိုတဲ့ အပါယ်ဘုံလေးဘုံကို ဆိုလိုပါတယ်။ ၃၁ ဘုံမှာ ဒုက္ခတိဘုံလေးဘုံ ဖြစ်ပါတယ်။

ကပ်သုံးပါး

(၁) သတ္တန္တရကပ် - တုတ်၊ ဓား၊ သေနတ်စသော လက်နက်အားဖြင့် ပျက်စီးရသော ခေတ်ကာလ။
(၂) ရောဂန္တရကပ် - ကျောက်ရောဂါ၊ ၀မ်းရောဂါစသော ရောဂါအားဖြင့် သေကြေပျက်စီးရသော ခေတ်။
(၃) ဒုဗ္ဘိက္ခန္တရကပ် - ငတ်မွတ်ခေါင်းပါး အစာရှား၍ သေကြေပျက်စီးရသော ခေတ်။

ရပ်ပြစ်ရှစ်ပါး

(၁-၂-၃) ဘုရားပွင့်တော်မူနေစဉ် ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ(အသူရကာယ်ကား ပြိတ္တာဘုံတွင် ထည့်ရေသည်) ဟူသော အပါယ်ဘုံ၌ ဖြစ်ရခြင်း။
(၄) ဘုရားရှင်ပွင့်တော်မူစဉ် အသက်ရှည်သော အသညသတ်ဘုံနှင့် အရူပဘုံ၌ ဖြစ်နေရခြင်း (အသညသတ်ဗြဟ္မာများသည် ရုပ်ခန္ဓာသာရှိ၍ စိတ်ဝိညာဉ်မရှိ၊ အရူပဗြဟ္မာများသည် စိတ်ဝိညာဉ်သာရှိ၍ ရုပ်မရှိ၊ ထို့ကြောင့် သူတို့သည် ဘုရားကိုလည်း မဖူးနိုင် တရားကိုလည်း မနာနိုင်ကြပေ)
(၅) ပစ္စန္တရစ်ခေါ်သော ပြည်နယ်စွန်းများနှင့် လူရိုင်းများ၏ အရပ်ဒေသ၌ ဖြစ်နေရခြင်း။
(၆) ဘုရားရှင်ပွင့်တော်မူနေစဉ် မိစ္ဆာဒိဌိဖြစ်နေရခြင်း။
(၇) ဘုရားရှင်ပွင့်တော်မူနေစဉ် တရားကို သိနိုင်လောက်သည့် ဥာဏ်မရှိဘဲ ထူထူ အအ ဖြစ်နေရခြင်း။
(၈) မဇ္ဈိမဒေသ၀ယ် တတ်သိနားလည်သည့် ဥာဏ်ရှိသူဖြစ်သော်လည်း ဘုရားမပွင့်သောအခါ၌ လူဖြစ်ရခြင်း။

ရန်သူမျိုးငါးပါး

(၁) ရေ
(၂) မီး
(၃) မင်းဆိုး
(၄) သူခိုး
(၅) အမွေခံ သားဆိုး၊ သမီးဆိုး တို့ဖြစ်ပါတယ်။

လောကနီတိ အဆုံးအမအရတော့ ရန်သူမျိုး ခြောက်ပါးရှိပါတယ်။ အဲဒါတွေက

(၁) မီး
(၂) ရေ
(၃) မိန်းမ
(၄) လူမိုက်
(၅) မြွေဆိုး
(၆) မင်းမျိုးမင်းနွယ် တို့ပဲ ဖြစ်ပါတယ်။

ဝိပတ္တိတရား လေးပါး

(၁) ကာလ၀ိပတ္တိ - မင်းဆိုး မင်းယုတ် အုပ်ချုပ်သော ကာလ။
(၂) ဂတိဝိပတ္တိ - အပါယ်လေးပါး၌ လားရောက်ရခြင်း။
(၃) ဥပဓိဝိပတ္တိ - ရုပ်ဆင်းအင်္ဂါ ဟူသော ဥပဓိ ချို့တဲ့ခြင်း။
(၄) ပယောဂ၀ိပတ္တိ - (ပြုလုပ်မှု၊ ပြောဆိုမှု၊ ကြံစည်မှုကို ပယောဂ ဟုခေါ်သည်) ယင်းပယောဂ၏ ချို့တဲ့ခြင်း။

ဗျသနတရား ငါးပါး

(၁) ဥာတိဗျသန - ဆွေစုမျိုးစု ပျက်စီးခြင်း။
(၂) ဘောဂဗျသန - စည်းစိမ်ဥစ္စာ ပျက်စီးခြင်း။
(၃) ရောဂဗျသန - အနာရောဂါဟူသော ပျက်စီးခြင်း။
(၄) သီလဗျသန - ကိုယ်ကျင့်သီလ ပျက်စီးခြင်း။
(၅) ဒိဌိဗျသန - အယူပျက်စီးခြင်း

မဂ်ဥာဏ်

(၁) သောတာပတ္တိမဂ်
(၂) သကဒါဂါမိမဂ်
(၃) အနာဂါမိမဂ်
(၄) အရဟတ္တမဂ်

ဖိုလ်ဥာဏ်

(၁) သောတာပတ္တိဖိုလ်
(၂) သကဒါဂါမိဖိုလ်
(၃) အနာဂါမိဖိုလ်
(၄) အရဟတ္တဖိုလ်

နိဗ္ဗာန်ဟူသည်မှာ ရုပ်၊ နာမ်တို့၏ ဖြစ်မှုပျက်မှုအားလုံး ချုပ်ပျက်ဆိတ်သုဉ်း ကင်းငြိမ်းခြင်း ပင်ဖြစ်သည်။

အဲဒီအထိက သြကာသ ကန်တော့ချိုး ဒုတိယအပိုဒ်က ဆုတောင်းတွေပါ။ ဒါတွေ ဘာလို့ လေးလေးနက်နက် သိသင့်သလဲဆိုတဲ့ အချက်ရှိပါတယ်။ ဗုဒ္ဓဘာသာဝင်တွေရဲ့ ဆုတောင်းခြင်းဟာ ဘုရားဆီက ဒါပေးပါလို့ တောင်းဆိုတာမျိုးမဟုတ်ပါဘူး။ ကျွန်တော်တို့တွေ တစ်ခုခုကို ဆုတောင်းလိုက်ပြီဆိုရင် ဒါကို ရအောင်လုပ်မယ်လို့ သန္နိဌာန်ချလိုက်သလိုပါပဲ။ `မဂ်ဥာဏ်၊ ဖိုလ်ဥာဏ် မြတ်နိဗ္ဗာန်ကို အမြန်ဆုံး ရနိုင်ပါစေ` လို့ တစ်ခါဆုတောင်းလိုက်ရင် နိဗ္ဗာန်ရောက်အောင် ကျင့်ကြံအားထုတ်နိုင်ဖို့ ကိုယ့်ကိုယ်ကို တစ်ခါ သတိပေးတာပါပဲ။

နေ့တိုင်းဘုရားရှိခိုးတဲ့သူဟာ နေ့တိုင်းသတိပေးနေသလို ဖြစ်နေတဲ့အတွက် ကျင့်ကြံအားထုတ်မိလာပါတယ်။ တကယ်လို့ ဒီဘ၀မှာ ခန္ဓာမချုပ်လို့ နောင်ဘ၀ဆက်ဖြစ်လာခဲ့မယ်ဆိုရင် နိဗ္ဗာန်လမ်းကို ပိတ်ပင်တားဆီးနိုင်မယ့် အပေါ်က `အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုး ငါးပါး၊ ၀ိပတ္တိတရားလေးပါ၊ ဗျသနတရားငါးပါး` တွေနဲ့ ကင်းဖို့လိုပါတယ်။ ဒီအရာတွေကနေ ကင်းမှ၊ တရားကိုလည်း နာနိုင်မယ်၊ ယုံကြည်နိုင်မယ်၊ ကျင့်ကြံနိုင်မယ်၊ မဂ်လမ်းကို တက်နိုင်မယ်။ ဒီ့အတွက် ဒီအရာတွေကနေ ကင်းလွှတ်ဖို့ ဆုတောင်းတယ်။ ဒီအရာတွေက လွှတ်ချင်လို့ဆုတောင်းတဲ့အခါ ဒီအရာတွေဟာ ဘာတွေလဲ ဆိုတာ စိတ်က ရှင်းရှင်းလေး သိနေဖို့လိုပါတယ်။ ဒါကြောင့် ဒီအချက်လေးတွေကို စုစည်းမှတ်သားချင်မိတာပါ။

နောက် ခင်ပွန်းကြီး (၁၀) ပါးကို မပြစ်မှားမိဖို့ ဆုံးမထားတာတွေ ရှိပါတယ်။ အဲဒီ ခင်ပွန်းကြီးဆယ်ပါးဟာ ဘာတွေလဲဆိုတော့

ခင်ပွန်းကြီး (၁၀) ပါး

(၁) သမ္မာသမ္ဗုဒ္ဓဘုရားရှင်
(၂) ပစ္စေကဗုဒ္ဓ
(၃) အဂ္ဂသာဝက၊ မဟာသာဝက ရဟန္တာအရှင်မြတ်
(၄) ရဟန္တာအရှင်မြတ်အပေါင်း
(၅) မိခင်
(၆) ဖခင်
(၇) လိမ္မာစေရန် ကျိုးကြောင်းပြ ဆုံးမတတ်သော ဆရာ
(၈) သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ကို ဆည်းပူးဖြည့်ကျင့်လျက်ရှိသော လူပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ်၊ အရိယာပုဂ္ဂိုလ်
(၉) တရားဓမ္မတို့ကို ဟောပြောပေးတတ်သော ဆရာ
(၁၀) ထမင်းတစ်လုတ်၊ ရေတစ်မှုတ်ဖြင့် ကျေးဇူးပြုဖူးသော ကျေးဇူးရှင်

တို့ပင်ဖြစ်သည်။

နောက်ဆုံးအနေဖြင့် လောကနီတိပါ ဆုံးမစကားများထဲမှာ ကိုယ်နဲ့ အကိုက်ဆုံး ဂါထာပုဒ်လေးကို ရေးပြချင်ပါတယ်။

---- လူသိရှင်ကြားမပြောရာ -----

- စီးပွားပျက်စီးသွားခြင်း
- စိတ်နှလုံး ပူပန်ခြင်း
- မယားဖြစ်သူ ဖောက်ပြန်ခြင်း
- အလှည့်စားခံရခြင်း
- မထီမဲ့မြင် အပြုခံရခြင်း

ပညာရှိတို့သည် ဤငါးချက်ကို လူသိရှင်ကြားမပြောဆိုရာ။

ဆိုတာလေးပါ။ တစ်ခုခုဖြစ်တိုင်း ထစ်ကနဲ ဘလော့ခ်ပေါ်တက်ရေးချင်နေတဲ့ ကိုယ့်အကျင့်ကို မြင်ယောင်မိပြီး ပြုံးမိပါတယ်။ လိုက်နာကျင့်သုံးနိုင်အောင်လည်း ကြိုးစားပါဦးမည်။

ရွှင်လန်းချမ်းမြေ့ပါစေ....

ခင်မင်လျက်
နေ၀သန်

ခင်ပွန်းကြီး ဆယ်ပါးကို ဤနေရာမှမှတ်သားမိပါသည်။
သြကာသ ကန်တော့ချိုးရှင်းလင်းချက်ကိုမောင်အေးချမ်းဆီမှ ယူပါသည်။

ရွှံ့ရုပ်ကလေးများ

$
0
0


ဆရာမအတန်းထဲဝင်လာတော့ အားလုံးက လက်အုပ်လေးတွေ ချီလို့ နှုတ်ဆက်ကြသည်။ အတန်းသား အားလုံးက ဆရာမလက်ထဲက စာရွက်ထုပ်ဆီကို မျက်လုံးရောက်နေကြပေမယ့် ၀ိုင်ကတော့ ဆရာမခေါင်းမှ ပန်းကိုပဲ ငေးစိုက်ကြည့်နေမိသည်။ ဘာလို့လဲတော့မသိ.... ပင်ထက်မှာသာ ၀င့်ဝင့်ကြွားကြွား ပေါက်ဖွားဖူးပွင့် တတ်သည့် ပင်မြင့်သဇင်၏ အလှနှင့် ဆရာမမျက်နှာကို ထပ်ခါတလဲလဲ ယှဉ်ကြည့်နေမိသည်။

`ဒီနေ့ ငါတို့ သင်္ချာအမှတ်သိရတော့မယ်ထင်တယ်.. ၀ိုင်`

ဘေးမှ လေသံတိုးတိုးဖြင့် တံတောင်တွတ်ရင်း ပြောနေသည့် `လရောင်` ကိုကြည့်ရင်း ၀ိုင်စိတ်ပျက်သွားမိသည်။ အင်းလေ... လရောင်တစ်ယောက်တည်းမှမဟုတ်။ အားလုံးကလည်း ဒီနေ့ ကြေငြာမယ့် သင်္ချာအမှတ်ကိုပဲ စိတ်ဝင်စားနေကြတာပဲ။ ၀ိုင်ကတော့ စိတ်မ၀င်စား။ အထူးသဖြင့် သင်္ချာဖြစ်နေတာကြောင့် ပိုပြီးတော့ စိတ်မ၀င်စား။ ကျောင်းသားတစ်ယောက်ရဲ့ သင်္ချာအရည်အသွေးကို အဲဒီအဖြေလွှာအမှတ်တွေက ဆုံးဖြတ်ပေးနိုင်လိမ့်မယ်လို့လည်း ၀ိုင်မယုံကြည်။

ဝိုင်နဲ့ လရောင်ဆိုတာ ဟိုးငယ်ငယ်ကတည်းက အိမ်ချင်းကပ်ရပ်နေ၊ စားအတူ၊ သွားအတူပေမယ့် အကျင့်ချင်းကတော့ လားလားမျှ မတူ။ လရောင်က စာသိပ်ကြိုးစားသည်။ ကျက်စာဆိုလည်း ကျက်စာ၊ တွက်စာ ဆိုလည်း တွက်စာ အမြဲတမ်း အမှတ်အပြည့်.. အဆင့်က ထိပ်တန်းက..။ ဒီတော့ လရောင်နဲ့ ယှဉ်တိုင်း ၀ိုင်ဟာ လူဆိုးတစ်ယောက်အမြဲဖြစ်နေခဲ့ရသည်။ လရောင်နဲ့ယှဉ်ပြီး ဆဲဆိုရိုက်နှက်ခံခဲ့ရသည့် ရက်ပေါင်းတွေလည်း မနည်းတော့..။ အခုဆို ကိုးတန်းကျောင်းသားတွေ ဖြစ်လာခဲ့ပြီ..။ လရောင်က စာကြိုးစားတုန်း... ၀ိုင်ကလည်း ကျစ်ကန်ကန်နေတုန်း...။ ဒီလို ဆန့်ကျင်ဘက်နှစ်ယောက်ဟာ တပူးတွဲတွဲနေလေ့ရှိတဲ့ သူငယ်ချင်းတွေ ဖြစ်နေတာ အံ့သြစရာလည်း ကောင်းသည်။

လက်ထဲရောက်လာသည့် အဖြေစာရွက်ကိုကြည့်ရင်း ပြုံးရွှင်နေသည့် လရောင်ကိုကြည့်ရင်း ၀ိုင်တစ်ချက် ပြုံးလိုက်မိသည်။ သေချာတာပေါ့... ဒီကောင် အမှတ်အပြည့်ရနေမှာ..။ ကိုယ့်လက်ထဲက စာရွက်ကို ကြည့်လိုက်တော့ ပေးမှတ်ထက် များစွာလျော့နေသော အမှတ်..။ စာမေးပွဲဖြေကတည်းက ၀ိုင်တစ်ပုဒ်မှ မမှားခဲ့။ မှားတယ်လို့လည်း စိတ်ထဲလုံးဝ မခံယူ..။ ဒီတော့ လျော့နေတဲ့အမှတ်တွေဟာ ဘာလို့လဲဆိုတာ ချက်ချင်း သိလိုက်သည်။ ဒါပေမယ့် ၀ိုင့်အတွက်တော့ ဒါဟာထူးဆန်းတဲ့ ကိစ္စမှ မဟုတ်တော့တာ..။ ဟိုးငယ်ငယ်ကတည်းက ခေါက်ရိုးကျိုးနေတဲ့ လောကထဲမှာ ကိုယ်ကိုယ်တိုင်က ပြန့်ဖြူးနေတဲ့ စာရွက်တစ်ရွက် ဖြစ်ချင်ခဲ့တာ ကိုယ့်အမှားပဲ ပြောရတော့မလား..။

ဝိုင်မှတ်မိပါသေးသည်။ ခြောက်တန်းကပေါ့..။ သင်္ချာသင်တဲ့အချိန်မှာ ဆရာမက ရှေ့က ပုစ္ဆာတွက်ပြသည်။ ပါးစပ်ကလည်း ရှင်းပြ၊ ရွတ်ပြရင်း ကျောင်းသားတွေကပါ လိုက်ရွတ်လိုက်တွက်ရသည်။ တွက်ရင်း နောက်ဆုံး အဖြေထုတ်တဲ့အခါမှာ `ဿီးယားဖော် အန်းစား` ဆိုပြီး `ထို့ကြောင့်` အဓိပ္ပါယ်ရတဲ့ အစက်လေးသုံးစက် ရေးပြီး အဖြေကို ရေးပါသည်။ ဆရာမက အဲလို ရွတ်တော့ ကျောင်းသားများကလည်း လိုက်ရွတ်တာပေါ့..။ ဒါပေမယ့် ၀ိုင်က မှားနေတာကို လိုက်မရွတ်နိုင်တာကြောင့် `ဆရာမ ဿဲဖော် ဖြစ်ရမှာ` လို့ လှမ်းပြောလိုက်မိသည်။ ဒီတော့ `ဂွပ်` ခနဲ ခေါင်းကို ပူထူအောင် ခေါက်ခံလိုက်ရသည်။ ၀ိုင့်စိတ်ထဲမှာ ဆရာမတွေရဲ့ အမှားကို ကျောင်းသားတွေ လိုက်မမှားစေချင်တာပဲ သိသည်။ ဘယ်သူ့ကိုမှ အရှက်မခွဲချင်သလို တတ်သိသည့် ပုံစံမျိုးဖြင့်လည်း မနေလို..။ အဲဒီနေ့က စလို့ ၀ိုင်ဆိုတာ ဆရာမတွေရဲ့ အမြင်မှာ သတိထားစရာ ကောင်လေးတစ်ယောက် ဖြစ်လာခဲ့သည်.။

`The essence of Mathematics is its freedom`

သင်္ချာပညာမှာ လွတ်လပ်မှုဆိုတာ ရှိရမည်။ သင်္ချာဆိုတာ ပြဿနာကို ဖြေရှင်းတတ်အောင် လေ့ကျင့်ပေးသည်။ အဖြေတစ်ခုကို ရောက်အောင် နည်းလမ်းအမျိုးမျိုးဖြင့် သွားနိုင်အောင် လွတ်လပ်ခွင့်ပေးသည်။ ဒါပေမယ့် သူ့ရဲ့ စည်းမျဉ်းတွေကိုတော့ လိုက်နာရမည်ပေါ့။

ဝိုင်တို့ ငယ်ငယ်ကတည်းက ဆရာမသင်ပေးတဲ့ ပုံစံအတိုင်း ပုစ္ဆာတွေ တွက်ရသည်။ ပြီးတော့ အဲလိုပုံစံတွေကို ဆင်တူကူးလို့ အိမ်စာတွေ လုပ်ခဲ့ရသည်။ အဲဒီ နည်းအတိုင်း တသွေမတိမ်း စာမေးပွဲမှာ ဖြေရသည်။ အမှား မပါအောင် ဖြေနိုင်လျှင် အမှတ်အပြည့်ရသည်။ အမှတ်အပြည့်ရလျှင် အဆင့်တက်သည်။ အဆင့်တက်လျှင် ဆရာမတွေ ချစ်တာ ခံရသည်။ ဆရာမတွေက ချစ်လျှင် ကိုယ့်သတင်းက မွှေးနေတတ်သည်။ ကိုယ့်သတင်းက မွှေးနေလျှင် မိဘတွေက ဂုဏ်ယူကြသည်။ မိဘတွေက ကိုယ့်အတွက် ဂုဏ်ယူလျှင် ကိုယ်လိုချင်တာ မှန်သမျှ မညည်းမညူဝယ်ပေးလာတတ်သည်။ ဒီလိုနှင့် ကျောင်းသားတွေဟာ ဆရာမစကားကို တသွေမတိမ်းနားထောင်ပြီး ချမှတ်ထားတဲ့ ဘောင်ထဲကို မ၀င်ဝင်အောင် ကြိုးစားလာကြတော့သည်။

ဝိုင်နားလည်ထားတာကတော့ အခြေခံပညာရေးဆိုတာ ဘ၀မှာ ရုန်းကန်လှုပ်ရှားတတ်ဖို့ သိသင့်သိထိုက်တာကို သင်ပေးလိုက်ခြင်းလို့ပါ။ ဘယ်ဘာသာရပ်ကိုမဆို နားလည်ဖို့သာ အဓိကလို့ ထင်သည်။ ငယ်ငယ်ကတည်းက စာဆိုလျှင် အသံထွက်ကျက်မှ ကြိုက်သည့် မိဘနှစ်ပါးနဲ့ စာကို အသံတိတ်ဖတ်ပြီး နားလည်အောင်လုပ်ကာ မှတ်သားတတ်သည့် ၀ိုင်တို့ကြားမှာ ပဋိပက္ခအမြဲ ဖြစ်ခဲ့ကြသည်။ ဒီကြားထဲမှာ ဘယ်ပညာရှိက ထွင်ခဲ့သည်မသိတဲ့ `အသံထွက်ကျက်ရင် နားကယဉ်၊ ရေးကျက်ရင် လက်ကယဉ်` ဆိုတဲ့ စကားလုံးတွေအလယ်မှာ ၀ိုင် အလူးလူးအလဲလဲ ခံခဲ့ရသည်။

ဒါကြောင့် ငယ်ငယ်ကတည်းက ၀ိုင်အရမ်းပျော်သော စာသင်ချိန်က မြန်မာစာပဲ ဖြစ်ခဲ့သည်။ ၀ိုင်သင်ခဲ့ဖူးတဲ့ မြန်မာဆရာတွေက တယူမသန်ကြ...။ ကဗျာတစ်ပုဒ်ကို ရှင်းပြသည်။ စကားပြေ ပြန်နိုင်ဖို့ လမ်းဖွင့်ပေးသည်။ ကိုယ်ပိုင်အတွေးအခေါ်နှင့် ရေးတတ်သည့် စကားပြေတွေကို ပိုမိုလေးစားသည်။ စာစီစာကုံးအတွက် စာများများဖတ်ခိုင်းသည်။ စာဖတ်များပါက အတွေးအခေါ်မြင့်လာတာမို့ ဦးနှောက်ဖွံ့ဖြိုး လာသည်။ ဒါကြောင့် မြန်မာဆရာတွေကို ၀ိုင်အရမ်းလေးစားသလို ကျောင်းတွင်း နံရံကပ်စာစောင်၊ စာစီစာကုံးပြိုင်ပွဲတွေမှာ ၀ိုင်ဆိုတာ မရှိမဖြစ် ဖြစ်နေခဲ့သည်။ နှစ်စဉ် အတန်းတိုင်းမှာ ၀ိုင့်ရဲ့ ရမှတ်တွေက မြန်မာစာမှာ ဂုဏ်ထူးအမြဲထွက်သလောက် တခြားသော သိပ္ပံဘာသာရပ်တွေမှာ အောင်မှတ်သာသာပဲ ဖြစ်နေခဲ့သည်။

`ဟေ့ကောင်.. ၀ိုင်.. လူဆိုတာ တသမတ်တည်း သွားလို့မရဘူး။ ရောမရောက်ရင် ရောမလို ကျင့်ရမယ်... `

လရောင်ပြောနေကျ စကားလုံးတွေ...။ လရောင်ရဲ့ အကျင့်ကတော့ ရှင်းသည်..။ မိဘတွေကိုလည်း အငြိုညင်မခံ၊ ဆရာမတွေကိုလည်း အငြိုညင်မခံ..။ ဒီဆရာက ဒါကြိုက်ရင် ဒါလေးလိုက်လုပ်လိုက်သည်။ သူ့စိတ်ထဲမှာ လက်ခံတာ လက်မခံတာ မှန်တာ မှားတာ အဓိကမဟုတ်..။ ဒီဆရာမက ဒါကိုဒီလိုရေးဆိုလျှင် ရေးလိုက်သည်။ ပြီးတော့မှ... `၀ိုင်... ဒါကြီးက တမျိုးကြီး.. ငါတော့ သဘောမကျဘူး..` ဟု ၀ိုင့်ကို လာလာပြောတတ်သည်။ အဲဒီအခါ `သဘောမကျရင် မလုပ်နဲ့ပေါ့ကွာ.. မင်းဆိုတဲ့ကောင်က သူများ အီးရှူမယ့် ကောင်` ဟု ပြန်ပက်လေ့ရှိသည်။

ဝိုင်တို့ ကိုးတန်းရောက်တော့ တန်းခွဲတွေက အလွန်များသည်။ ကျောင်းပေါင်းစုံက စုလာသည့်အတွက် သိပ္ပံ၊ ၀ိဇ္ဇာအတန်းတွေ မနည်းမနောရှိတာမို့ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာတွေက ဆရာတွေ ခွဲပြီး တာဝန်ယူရသည်။ တခြားဘာသာရပ်တွေမှာ ဆိုးဆိုးရွားရွားမဟုတ်ပေမယ့် သင်္ချာမှာတော့ အတော်ပင် စိတ်ညစ်စရာကောင်းသည်။ ၀ိုင်တို့ ကိုးတန်းမှာ သင်္ချာဆရာမ လေးယောက်ရှိသည်။ တစ်ယောက်နဲ့ တစ်ယောက်က မတည့်အတူနေ ဆိုသလို အသင်အပြပြိုင်ကြ၊ ကျူရှင်ပြိုင်ကြနှင့် ရှုပ်ရှပ်ခတ်နေသည်။ ဒီတော့ ကိုယ့်အတန်းမှာ သင်သည့် ဆရာမရဲ့ တွက်နည်းကိုပဲ မှတ်သားဖြေဆိုကြရသည်။ ကျူရှင်နှင့်ကျောင်း ဆရာမတူသည့် ကျောင်းသားများမှာ ပို၍ သနားစရာ ကောင်းနေတော့သည်။ ကျူရှင်မှာက ပုံစံတစ်ခု၊ ကျောင်းမှာက ပုံစံတစ်ခု..။ ပုံစံတွေကြားမှာ ကြပ်ညှပ်နေကြသည်။ ကျူရှင်ယူတာက ဆယ်တန်းအတွက် အခြေခံ ကောင်းအောင်၊ ကျောင်းပုံစံလိုက်နာရတာက အမှတ်မနည်းအောင်...။ ဒီလိုနဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်၊ ကိုယ်ပိုင်အတွေးအခေါ်တွေဟာ ပြာတွေဖုံးလို့ ပျောက်ကွယ်သွားကြတော့သည်..။

အခုလည်း သင်္ချာအမှတ်ပြည့်ရသူတွေက ပြုံးလို့ပျော်လို့..။ ၀ိုင်ကတော့ ဘာတွေကြောင့် အမှတ်လျော့သွားသလဲဆိုတာ လိုက်ကြည့်မိသည်။ တစ်ပုဒ်က အဖြေမထိုးလို့..။ အဖြေမထိုးလို့ တစ်မှတ်လျော့နေတဲ့ ကိစ္စကို ၀ိုင်ငယ်ငယ်ကတည်းက နားမလည်..။ သင်္ချာတစ်ပုဒ်ရဲ့ ရည်ရွယ်ချက်က ပြဿနာကို ဖြေရှင်းဖို့ဖြစ်သည်။ အဖြေဆိုတာကို ထုတ်နိုင်ပြီဆိုလျှင် ပြီးပြီလို့ ၀ိုင်ထင်သည်။ အခုတော့ အဖြေဆိုတာ သပ်သပ်တစ်ကြောင်းရေးပေးရပြန်သည်။ အခုတော့ ၀ိုင်အဖြေမရေးထားလို့ တစ်မှတ်လျှော့ခံရသည်။ ထားပါတော့.. ဒါက တစ်မှတ်မို့လို့..။ နောက်တစ်ပုဒ်ကတော့ တစ်ပုဒ်လုံး အမှတ်မရ..။ ၀ိုင်မျက်လုံးပြူးသွားသည်။ ဂျီသြမေတြီဆိုတာ ၀ိုင်သိပ်နှစ်ခြိုက်တဲ့ ဘာသာရပ်ပါ။ စက်ဝိုင်းတွေ၊ မျဉ်းတွေ တည်ဆောက်ပြီး အဖြေကို စဉ်းစားတွက်ယူရတာ ၀ိုင့်အတွက် အတော်ရင်ခုန်ဖို့ကောင်းသည်။ အခု ၀ိုင်ကိုယ်တိုင် စဉ်းစားတွက်ထားသည့် ပုစ္ဆာတစ်ပုဒ်.. တစ်မှတ်မှမရ..။ ၀ိုင်စိတ်ထဲ ထောင်းကနဲ ဖြစ်သွားသည်။

`ဆရာမ...`

ဝိုင့်ရဲ့ အော်သံကြောင့် တစ်ခန်းလုံး ငြိမ်သွားသည်။

`ကျွန်တော်မေးစရာရှိလို့..။ ဒီတစ်ပုဒ်က ဘာလို့ တစ်မှတ်မှမရတာလဲ...`

ဆရာမက ၀ိုင့်အဖြေလွှာကို ကြည့်ရင်း....

`ငါ အဲလိုသင်ထားသလား..။ အတန်းထဲမှာ သေသေချာချာ တွက်ပြထားတယ်..။ ပုစ္ဆာတစ်ပုဒ်ကို ဘယ်လိုရေးမယ်.. ဘယ်လိုတွက်မယ.်. ဘယ်လို အဖြေထုတ်မယ်.. ဆိုတာ သေချာသင်ထားတယ်..။ မင်းဖြေထားသလို ငါသင်ထားသလား...`

ဝိုင် ထင်ထားသလိုပါပဲ..။ သူသင်သည့် နည်းအတိုင်း မဖြေတာကြောင့် ၀ိုင်အမှတ်မရတာပါ..။

`မင်းတို့ ကျူရှင်မှာ သင်ထားတဲ့ နည်းလမ်းတွေနဲ့ လာမဖြေနဲ့..။ မင်းတို့အတန်းကို သင်နေတဲ့ သင်္ချာဆရာမဟာ ငါပဲ..`

ခပ်ပြတ်ပြတ်ပြောနေသည့် ဆရာမကိုကြည့်ရင်း.. ၀ိုင်တစ်ချက်တော့ ၀င်ပြောလိုက်မိသည်။

`ဆရာမ.. ကျွန်တော် ဘယ်ကျူရှင်မှ မတက်ဘူး..။ ဘယ်သူ့နည်းကိုမှလည်း ဂရုမစိုက်ဘူး..။ အခု ဒီပုစ္ဆာဟာ အဖြေလည်းမမှားဘူး..။ ကျွန်တော့်စိတ်ကူးနဲ့ ကျွန်တော်ကြိုးစားပမ်းစား တွက်ထားတာ..။ နောက် ဆရာမတို့က သူ့နည်းငါ့နည်းနဲ့ ဒီလောက်ဖြစ်နေရအောင်.. အဲဒီ သင်္ချာတွေကို ဆရာမတို့ ထွင်ထားတာမို့လို့လား... `

မခံချင်စိတ်ကြောင့် မာဆတ်နေသည့် ၀ိုင့်စကားအဆုံးမှာ တစ်ခန်းလုံး တိတ်ဆိတ်သွားတော့သည်။ ဆရာမမျက်နှာမှာ နီရဲခက်ထန်လာတော့သည်။

`မင်း.. တော်တော်မိုက်ရိုင်းပါလား..။ မင်း အခုချက်ချင်း ရုံးခန်းကို လိုက်ခဲ့ပါ..။ မင်းမိဘကို ချက်ခြင်းခေါ်ပါ..`

ဝိုင်ဂရုမစိုက်..။ အခြေခံပညာဆိုတာ ဘ၀မှာ မှန်မှန်ကန်ကန် ရဲရဲရင့်ရင့် လုပ်ကိုင်တတ်ရအောင် လေ့ကျင့်ပေးရမယ်လို့လည်း ၀ိုင်ခံယူထားသည်။ `လူကြီးသူမရှေ့မှာ ရိုသေစွာ ခေါင်းငုံ့သွားပါ` ဆိုတဲ့ ပြည်သူ့နီတိသင်ခန်းစာဟာ လူကြီးသူမက မှားနေတဲ့အခါ ခေါင်းငုံ့ငြိမ်ခံနေဖို့ မဟုတ်ဟု ၀ိုင်ထင်သည်။

အဲဒီနေ့က ၀ိုင်ရုံးခန်းမှာ အရိုက်ခံရသည်။ ကျောင်းရှေ့လူမြင်ကွင်းမှာ အရိုက်ခံရသည်။ နောက်နောင် ဆရာမတွေအပေါ်မှာ ပြန်ပြီးခံမပြောဖို့ ၀န်ခံလက်မှတ်ရေးထိုးရသည်။ မိဘတွေအနေနဲ့ သားသမီးကို ဒီလိုမျိုးမဖြစ်အောင် ဆုံးမသွန်သင်ဖို့ အဖေရော အမေပါ ၀န်ခံလက်မှတ် ထိုးခဲ့ရသည်။

`မိဘကို အရှက်ခွဲလေခြင်း` ဆိုပြီး ဒေါသခက်ထန်နေသည့် အဖေ့လက်သီးဒဏ်ကိုလည်း ၀ိုင်ခံခဲ့ရသည်။ အဖေနှင့်အမေကတော့ ဆရာမကို မှန်တယ်လို့ မဆိုလိုပေမယ့် သူတို့ဘယ်လောက်မှားမှား ကိုယ်က မသိသလိုလေးနဲ့ ပညာသားပါပါ ရှောင်နေစေချင်သည်။ ဒီလိုမျိုး နေတတ်ဖို့လည်း ဟိုးငယ်ငယ်ကတည်းက ၀ိုင့်ကို အတန်တန်ဆုံးမခဲ့သည်။ ၀ိုင်ကိုယ်တိုင်က ခေါက်ရိုးကျိုးနေပြီဖြစ်တဲ့ အသိုင်းအ၀ိုင်းထဲမှာ အလိုက်သင့် မျောမနေချင်...။

ညဘက်မှာ ၀ိုင့်ဆီကို လရောင်ရောက်လာခဲ့သည်။ မျက်ဝန်းမှာ သနားရိပ်တွေ၊ စာနာရိပ်တွေနှင့် ၀ိုင့်ကို လာဖြေသိမ့်သည်။

`၀ိုင်ရာ... ငါမင်းကို အတန်တန်ပြောခဲ့တာပဲ...။ လူ့လောကမှာ ရှင်သန်ဖို့ဆိုတာ အလိုက်သင့်လေး နေတတ်ဖို့ လည်း လိုတယ်..။ မင်းကို ငါမှားတယ်လို့ပြောတာ မဟုတ်ဘူး..။ အမှန်တရားဆိုတာ နေရာတိုင်းမှာ ရှေ့တန်းတင်တိုင်း ကောင်းတယ်များ ထင်နေလား..။ ဘယ်သူတွေ ဘယ်လိုအမှားတွေလုပ်ခဲ့လုပ်ခဲ့.. လူတွေကပဲ အဲဒီအမှားတွေကို ဖော်ထုတ်သွားလိမ့်မယ်..။ အခု ဖြစ်ခဲ့တာမှာ သူ့နည်းအတိုင်းမတွက်လို့ မင်းကိုအမှတ်မပေးတာ.. ဒါသူ့အမှား. ဒါကို ရန်ပြန်တွေ့ပြီး စကားလုံးနဲ့ ထိုးနှက်လိုက်တာ မင်းအမှားဖြစ်သွားပြီ ၀ိုင်..။ လောကမှာ သူများအမှားကို ကိုယ့်အမှားမဖြစ်အောင် နေတတ်ဖို့လည်း လိုတယ်.. ၀ိုင်..။ အဲဒါလည်း မင်းစကားအတိုင်း အခြေခံပညာဆိုတာ ဒီလိုနေတတ်အောင်လည်း သင်ပေးရပြန်တယ်.... `

ဝိုင်သက်ပြင်းတိုးတိုးလေး ချမိသည်။

`လရောင်.. မင်းကိုတော့ ငါယုံတယ်..။ မင်းက ကိုယ်တိုင်လည်း စာဖတ်တယ်.. တွေးတယ်..။ ပြီးတော့ အလိုက်သင့်လည်း နေတယ်..။ ဒီတော့ ဘယ်လိုစနစ်မဆို မင်းကို ဖျက်ဆီးနိုင်စွမ်းမရှိဘူး..။ ဒါပေမယ့်.. ငါတို့နဲ့ အတန်းတူတွေ.. နောက်.. တက်လာမယ့် ညီငယ်ညီမငယ်လေးတွေ... သူတို့တွေ ပျက်စီးသွားမှာ စိုးတယ်ကွာ..။ ဟိုနေ့က Sunday Talk မှာ မင်းကြည့်လိုက်ရလား..။ လူတစ်ယောက်ရဲ့ မှတ်ဥာဏ်ဟာ ၁၆ နှစ်အထိ ခေါင်းထဲဝင်ခဲ့တာတွေကို တသက်လုံး စွဲသွားတာတဲ့..။ ဥပမာ.. မြန်မာပြည်က လက်ဖက်ရည်ကို မင်း ၁၆ နှစ်လုံးသောက်ခဲ့တယ်..။ သိပ်ကြိုက်ခဲ့တယ်..။ အသက်ကြီးလာလို့ မင်းနိုင်ငံခြားမှာနေပြီး လက်ဖက်ရည်သောက်ရင် မြန်မာပြည်က လက်ဖက်ရည်လောက် ခံတွင်းမတွေ့ပဲ ငယ်ငယ်ကသောက်ခဲ့တဲ့ လက်ဖက်ရည်ကိုပဲ တန်းတန်းစွဲနေတာတဲ့..။ ငါတို့အရွယ်တွေရဲ့ ဦးနှောက်တွေဟာ နုနယ်သေးတယ်.. လရောင်..။ ဒီအချိန်မှာ မှားယွင်းတဲ့အယူအဆတွေ သွပ်သွင်းခံရရင် ငါတို့ဘ၀တလျှောက်လုံးဟာ ရင်လေးစရာပဲကွာ.... `

ဝိုင့်စကားအဆုံးမှာ နှစ်ယောက်လုံး ငြိမ်သက်သွားကြသည်။ အပြင်က အုံးမောင်းခေါက်သံတွေတောင် ကြားနေရပြီ..။ ၀ိုင့်အခန်းလေးကနေ အပြင်ဘက်ကို လှမ်းမြင်နေရသည်..။ တိတ်ဆိတ်တဲ့ ညမြင်ကွင်းလေးမှာ ငွေစန္ဒာလမင်းက ရောင်စဉ်တွေကို ၀ိုးတ၀ါးဖြန့်ကျက်လို့.... လရောင်က ခုတင်ပေါ်မှာ လှဲပြီး မျက်နှာကျက်ကို ငေးစိုက်လို့.... ၀ိုင်ကတော့ လရောင်ဆမ်းနေသည့် ကောင်းကင်ပြင်ကို ငေးစိုက်ကြည့်လို့... ...

ဝိုင့်ပါးစပ်မှ တီးတိုးရွတ်သံလေး ထွက်လာသည်...


ကမ်းစပ်ကို မင်
လမုပင် အခြေကြီးနဲ့၊ အသီးတွေ ဖြိုး။
ကမ်းခြေကို ဒီရေတိုး၊ ပြိုလဲမှာစိုး။

ကမ်းစပ်ကို မင်
ဓနိပင် ယိုင်ငိုက်လို့၊ ခိုင်လိုက်ကယ်ဖြိုး။
ဓနိခိုင် အလက်ထဲက၊ ခွဲရမှာစိုး။

ကမ်းစပ်ကို မင်
လတာပြင် ငါးပျံလူးလို့၊ ပျော်မြူးကြရိုး။
ဒီတက်လျှင် လတာနုန်း၊ ဒီဖုံးမှာစိုး။

စိုးပါဘု သူ့မူရာ။
ချောင်းတစ်ခွင် ပင်လယ်ဝက၊ ပန်းလှဗေဒါ။
ဆန်တက်ချိန်မှာ၊ ဆန်လာနိုင်ပါဘိ။
စုန်ဆင်းချိန်မှာ၊ စုန်လာနိုင်ပါဘိ။
သူ့လမ်းစဉ် သူမြင်ရဲ၊ သူစွဲတတ်ဘိ။

ဆရာဇော်ဂျီရဲ့ ဗေဒါလမ်းကဗျာထဲက `သူ့လမ်းစဉ်` ဆိုတဲ့ ကဗျာလေးပါ..။ ၀ိုင့်မျက်နှာကို လရောင်ငေးကြည့် လိုက်မိသည်။ ၀ိုင်ဘာလို့ ဒီကဗျာကို ရွတ်နေသလဲဆိုတာ သဘောပေါက်မိသည်။ ၀ိုင်ရော လရောင်ပါ ဗေဒါပင်လို ဖြစ်ချင်သည်။ ဒီရေတက်တက်၊ ဒီရေကျကျ စုန်နိုင်ဆန်နိုင်တဲ့ ခွန်အားတွေ ရချင်မိသည်။ ဒီရေတိုးတာနဲ့ ပြိုလဲမှာစိုးနေရသည့် လမုပင်၊ လတာပြင်လို ဘ၀တော့ မရောက်ချင်...။ တကယ်တော့ ၀ိုင်တို့တွေဟာ ပုံမပေါ်သေးတဲ့ ရွှံ့နွံဘ၀မှာပဲ ရှိပါသေးသည်။ ဘယ်သူတွေက ဘယ်လိုပုံစံဖြစ်အောင် ဒီရွှံ့တွေကို ထုဆစ်ပေးမှာလဲ။ ဘယ်သူတွေက အလှပဆုံး၊ အသေသပ်ဆုံး အရုပ်လေးဖြစ်အောင် ထုလုပ်ပေးမလဲ..။ ဘယ်သူတွေက အရုပ်မဖြစ်ခင်မှာ.. ကျိုးပဲ့ ပျက်စီးသွားပြီး ဘယ်သူတွေက အလှပဆုံးသော အရုပ်လေးများ ဖြစ်သွားမည်လဲ....။

တိတ်ဆိတ်အေးချမ်းနေသည့် ညခင်းလေးမှာ ၀ိုင်နဲ့ လရောင်ဆိုတဲ့ ကောင်လေးတွေရဲ့ အတွေးတွေထဲမှာတော့.... အေးမြမှုတွေ ရှိနေနိုင်ပါ့မလား.... သူတို့ကိုယ်တိုင် ဘယ်လိုပုံစံ အသွင်းခံရမလဲဆိုတာကို မချင့်မရဲဖြစ်နေကြမလား.... သူတို့ကိုယ်တိုင် ဘယ်လိုရွှံ့ရုပ်လေးတွေ ဖြစ်သွားမလဲဆိုတာကိုပဲ တွေးနေမလား..... ဒါကိုတော့ သူတို့ကိုယ်တိုင်ပဲ သိပါလိမ့်မည်။

ခင်မင်လျက်
နေ၀သန်

ထမင်းစားလက်မှတ်

$
0
0

(၁)

`တီးတီး... `

အိမ်ရှေ့မှ ကားဟွန်းသံ..။ ဖတ်လက်စ ဂျာနယ်ကို ခေါက်သိမ်းရင်း အိပ်နေတဲ့ ဖျာပေါ်မှ ကုန်းရုန်းထလိုက်သည်။


အသံပြဲပြဲဖြင့် အော်ရင်းဝင်လာသည့် သူငယ်ချင်းနှစ်ယောက်ကို ကြည့်ရင်း တီတိုးဆဲလိုက်မိသည်။

`မင်းတို့ အဖေ ငါဒီမှာကွ..။ လခွီးမှပဲ.. တိုးတိုးလုပ်တာမဟုတ်ဘူး.။ မေမေအိပ်နေတယ်ကွ.. `

ပြောသာပြောရသည်။ အိပ်ခန်းထဲမှ မေမေ့အသံကို ကြားရတော့ မေမေတောင် နိုးနေပြီထင်သည်။ ငပြည့်နဲ့ ဇင်မျိုးတို့က အိမ်ရှေ့ ဆက်တီမှာ ထိုင်ရင်း စပ်ဖြဲဖြဲလုပ်နေကြသည်။ ဒီကောင်တွေက ဒီအတိုင်းပဲ..။ ဟိုးငယ်ငယ်ကတည်းက ဖြိုးနဲ့ ပေါင်းသင်းလာတာကြောင့် အိမ်သားတွေလိုပင်..။ အိမ်ကိုလာလျှင် အော်ကြီးဟစ်ကျယ်နှင့်..။

`အ၀တ်လဲ ဟေ့ကောင်..။ ဟော့ပေါ့သွားစားမယ်..`

ဖြိုး တစ်ချက်တော့ တုံ့သွားရသည်။ `ဟော့ပေါ့` ဆိုတာမျိုးက တစ်ခါစားလျှင် လေးငါးသောင်းလောက် ကျတာမို့လား..။ အခု ဖြိုးလက်ထဲမှာ ငွေမရှိ..။ ဒီကောင်တွေကလည်း အရမ်းချစ်ရတဲ့ သူငယ်ချင်းတွေမို့ ဘယ်လို ငြင်းရမလဲ မသိ..။ ဖြိုး ရုတ်တရက် တွေဝေနေမိသည်။ ပြန်လည် တုံ့ပြန်ဖို့ စကားလုံးတွေ ရုတ်တရက် ဆွံ့အနေမိသည်။

`မသွားချင်ပါဘူးကွာ..။ မင်းတို့ကလည်း.. အေးအေးဆေးဆေး အိမ်မှာနေပါရစေဦး..။ မင်းတို့တွေက သေဌေးသားတွေ..။ မင်းတို့ သုံးသလို ငါလိုက်သုံးလို့ မဖြစ်ဘူးကွ... `

ဒီလိုပဲ ရယ်သွမ်းပြီး ပြောလိုက်မိသည်။ တကယ်လည်း ဟုတ်ပါသည်။ ငပြည့်နှင့် ဇင်မျိုးက ဖြိုးထက်စာလျှင် အတော်ကို ပြည့်စုံချမ်းသာကြပါသည်။ ငပြည့်ဆိုလျှင် မိဘတွေက ကိုယ်ပိုင်ကုမ္ပဏီနှင့်..။ အစ်ကို အစ်မတွေကလည်း နိုင်ငံရပ်ခြားတွေမှာ.။ ဇင်မျိုးဆိုလျှင်လည်း အဖေက ရာထူးကြီး ၀န်ထမ်းတစ်ယောက်။ အမေကလည်း မင်္ဂလာဈေးမှာ အထည်ဆိုင်တွေ ဖွင့်ထားသည်..။ ဟိုးငယ်ငယ်ကတည်းက လိုချင်တာ အကုန်ရနေတာမို့ အသုံးအဖြုန်းလည်း ကြီးကြသည့် သူငယ်ချင်းနှစ်ယောက် ကြားမှာ ဖြိုးအမြဲ ချင့်ချိန်ပြီး နေထိုင်ရသည်။

`ဟာ. မလိုက်လို့ ဖြစ်မလားကွ..။ ငါတို့မှာ ဒီသူငယ်ချင်းတွေပဲ ရှိတာ..။ ငါတို့ ရှင်းမှာပါကွ.. ။ လဲမှာသာ လဲစမ်းပါကွာ...။ ရှည်မနေနဲ့...`

ဒီလို စကားတွေလည်း ဖြိုးခဏခဏ ကြားခဲ့ဖူးပြီးပြီ။ ဖြိုးအပေါ်မှာ ဒီကောင်တွေ ဘယ်လောက်ခင်မင် တွယ်တာတယ်ဆိုတာ ဖြိုးကောင်းကောင်းသိတာပေါ့..။ သူတို့ အသုံးတွေနောက် မလိုက်နိုင်တဲ့ ဖြိုးအတွက် အကုန်အကျခံခဲ့ရပေါင်းလည်း များနေပြီဆိုတာ ဖြိုးနားလည်သည်။ တကယ်တော့ ဖြိုးလည်း ယောက်ျားလေး တစ်ယောက်ပဲလေ..။ သူငယ်ချင်းတွေနဲ့ စားသောက်ပြီဆိုလျှင် ရှင်းချင်မိတာပေါ့..။ သူငယ်ချင်းတွေချည်း ကျွေးနေတာကို စားနေရတာကိုလည်း ဖြိုးမြိုမကျမိတော့..။ ဒါကြောင့်လည်း ဒီကောင်တွေ လာတိုင်း ရှောင်ဖယ်ဖယ် လုပ်မိသည်။

`ဟုတ်ပါတယ်.. သားရယ်..။ သူငယ်ချင်းတွေ ခေါ်နေတာ.. လိုက်သွားလေ..။ သားပြည့်တို့.. သိပ်မိုးမချုပ်နဲ့ နော်..။ မင်းတို့ ဦးက ခရီးသွားတယ်.။ အိမ်မှာ အန်တီရယ်.. မင်းတို့ ညီမလေးပဲ ရှိတာ..။ ဖြိုးကို စောစောတော့ ပြန်ပို့နော်..`

အိပ်ခန်းထဲမှ ထွက်လာပြီး ပြောနေသည့် မေမေ့စကားကို ဖြိုးမပယ်ရှားဝံ့တော့..။ အခန်းထဲဝင်ပြီး အ၀တ်လဲလိုက်မိသည်။ ခဏနေတော့ မေမေပါဝင်လာပြီး ဖြိုးလက်ထဲကို ပိုက်ဆံတစ်ထုပ် ထည့်ပေးသည်။ တစ်ထောင်တန်အုပ်...။ ဖြိုး မေမေ့ကို ကြည့်ရင်း ခေါင်းခါချင်မိသည်။ ဒီငွေတွေဟာ တစ်အိမ်လုံးမှာ ရှိတဲ့ ငွေများလေလား..။ မေမေ့မျက်လုံးတွေက ဖြိုးကို စိတ်ချလက်ချသာသုံးဟု ပြောနေသယောင်ယောင်..။

`သားစိတ်မပူနဲ့..။ မေမေ့သားကို မျက်နှာ မငယ်စေချင်ဘူး..။ သူငယ်ချင်းတွေကို ဒီနေ့ သားပဲ ဒကာခံ ကျွေးလိုက်နော်..။ မေမေ့လက်ထဲမှာလည်း ငွေရှိသေးတယ်.။ ဖေဖေလည်း မကြာခင် ပြန်လာတော့မှာပဲ..။ ချင့်ချင့်ချိန်ချိန်တော့ သုံးပေါ့နော်...။ သားကို မေမေယုံတယ်..။ ဘီယာတွေလည်း သိပ်မသောက်လာနဲ့..။ ကဲ.. သွား.... ညလည်း မိုးမချုပ်စေနဲ့...`

ငပြည့်တို့ ကြားမှာစိုးလို့ အသံတိုးတိုးလေးဖြင့် မှာနေသည့် မေမေ့ကို ကြည့်ရင်း ဖြိုးသိပ်သနားသွားသည်။

`သားကို စိတ်ချပါ မေမေ..။ စောစောပြန်လာမယ်..။ ညီမလေးကိုလည်း သားပြန်လာရင် စာမေးမယ်လို့၊ စာကျက်ထားလို့နော်.. ဒါဆို သားသွားပြီ..`

မေမေ့ နဖူးကို ဖွဖွလေး နမ်းပြီး ဖြိုးထွက်လာခဲ့မိသည်။ အကောင်းစား ဆစ်(ခ်)နပ်စ်ကားပေါ်ကို ဖြိုးတက်ထိုင်ပြီး ထွက်ကြည့်နေသည့် မေမေ့ကို လက်ပြနှုတ်ဆက်နေမိသည်။ ပျဉ်ထောင်၊ သွပ်မိုးအိမ်လေးက ဖြိုးကို တစ်ခုခုများ ပြောချင်နေသည်လား... ။ တရိပ်ရိပ်ပြေးနေသည့် ကားနှင့် တ၀ုန်းဝုန်းဖွင့်ထားသည့် ကက်ဆက်သံကြားမှာ ဖြိုးတို့ရပ်ကွက်လေးက မှုန်ရီရီ ကျန်ရစ်ခဲ့လေပြီ။


(၂)

တကယ်တော့ ဖြိုးတို့က သာမန်မိသားစုလေးပါ။ ဖေဖေက ပွဲရုံတစ်ခုမှ လူယုံစာရေးတစ်ဦး ဖြစ်ပြီးတော့ မေမေက ကျောင်းဆရာမတစ်ဦးပါ။ ဖေဖေရယ်၊ မေမေရယ်၊ ဖြိုးရယ်၊ ညီမလေးရယ်... ဒီမိသားစုလေးဟာ သိပ်ကို ပျော်ဖို့ကောင်းတာပေါ့..။ ငွေရေးကြေးရေး မချမ်းသာပေမယ့် မေတ္တာတော့ ချမ်းသာသည်။ သားသမီးတွေကို ပညာတတ်သိပ်ဖြစ်စေချင်သည့် ဖေဖေ၊ မိတ်ဆွေတွေရဲ့ အဆက်အသွယ်နဲ့ ဖြိုးတို့မောင်နှမကို တီတီစီမှာ ပညာသင်ကြားစေခဲ့သည်။ ကားကောင်းတွေ တ၀ီဝီနှင့် အတန်းဖော်တွေကြားထဲမှာ ဖြိုးတို့ထမင်းချိုင့်လေးကို ဖွယ်ဖွယ်ရာရာဖြစ်အောင် မေမေ အမြဲပြင်ဆင်ပေးခဲ့သည်။ အဲဒီကျောင်းမှာပဲ ငပြည့်နဲ့ ဇင်မျိုးဆိုတဲ့ ချစ်သူငယ်ချင်းနှစ်ယောက်ကို ဖြိုးရရှိခဲ့သည်။

ဖြိုးတို့အိမ်က မြောက်ဒဂုံမှာပါ..။ ကိုယ်ပိုင်ခြံလေးနဲ့... ဆိတ်ငြိမ်တဲ့ရပ်ကွက်လေးထဲမှာ ဖြိုးတို့ သိပ်ပျော်ခဲ့သည်။ ဒီလိုပဲ ငပြည့်နဲ့ ဇင်မျိုးတို့ကလည်း ဒီရပ်ကွက်လေးထဲကို ချောင်းပေါက်မတတ် ရောက်ဖြစ်ခဲ့သည်။ ဆယ်တန်းမှာ ကိုယ်ပိုင်ဝိုင်းနှင့် စာသင်ခဲ့တုန်းက ဖြိုးတို့အိမ်မှာပဲ သင်ဖြစ်ခဲ့သည်။ သူတို့ကိုယ်တိုင်က ကားနှင့် ဒရိုက်ဘာနှင့် လာနိုင်တာမို့... ဖြိုးတို့အိမ်မှာပဲ သင်ခဲ့ကြတာပါ..။ တကယ်လို့ သူတို့အိမ်မှာ ၀ိုင်းလုပ်ခဲ့ရင် ဖြိုးလာရခက်မှာကို တွေးမိ၊ ပူပန်မိကြတဲ့ သူငယ်ချင်းနှစ်ယောက်ကို ဖြိုးတကယ်ပဲ ကျေးဇူးတင်မိသည်။ ဒီလိုနဲ့ ဖြိုးမင်းသော်၊ ပြည့်မောင်မောင်နှင့် ဇင်မျိုးသန့်ဆိုတဲ့ သူငယ်ချင်းသုံးယောက်ဟာ ဆေးတက္ကသိုလ် (၁) မှာ ဆေးကျောင်းသားဘ၀ကိုလည်း အတူတူ ဖြန်သန်းခွင့်ရခဲ့ပြန်ပါသည်။

ဆေးကျောင်းတက်နေတုန်းကလည်း အမြဲတမ်းလိုလို သုံးယောက်သား အတူတူစာကျက်ဖြစ်ခဲ့သည်။ ဖြိုးတို့ အိမ်မှာ ကျက်ရင်ကျက်၊ ဒါမှမဟုတ် တစ်အိမ်အိမ်မှာ စုကျက်ဖြစ်လျှင်လည်း ဖြိုးကို လာကြိုပေးတတ်ကြသည်။ ဒီလို ဖြိုးအပေါ်မှာ ခင်မင်ရှာသည့် သူငယ်ချင်းနှစ်ယောက်ကို ငြင်းဆန်ဖို့ ခက်ခဲလွန်းလှတာ မဆန်းဘူးဟု ဖြိုးထင်သည်။ ဖြိုးတို့အိမ်မှာ ကိုယ်ပိုင်ကားဆိုတာ မရှိပေမယ့် အထည်လဲ ကားစီးနေတဲ့ သူငယ်ချင်းနှစ်ယောက်ကြောင့် ဘတ်စ်ကားဆိုတာကို ဖြိုးသိပ်မရင်းနှီးခဲ့ပါ..။ ဆေးကျောင်းသားတစ်ယောက် အတွက် လိုအပ်တဲ့ စာအုပ်စာတမ်းကအစ နိုင်ငံခြားကိုမှာတိုင်း ဖြိုးအတွက် တစ်အုပ်ဆိုတာ အမြဲပါသည်။ဒီစာအုပ်တွေက ကော်ပီဆိုလျှင်တောင် ဈေးအတော်ကြီးတာမို့ ဖြိုးမယူချင်ပေမယ့် ကိုယ့်ကိုချစ်တဲ့ သူငယ်ချင်းတွေကိုကြည့်ပြီး ငြင်းဆန်နိုင်စွမ်းမရှိခဲ့..။ အခုလည်း ပြောချင်တာတွေပြော၊ ရယ်ချင်တာတွေ ရယ်နေတဲ့ သူငယ်ချင်းနှစ်ယောက်ကိုကြည့်ပြီး အတွေးစတွေ ဖြတ်လိုက်မိသည်..။ ကိုယ့်ဝမ်းနာတာကို သူငယ်ချင်းတွေ မသိစေချင်...။

တရှိန်ထိုး ပြေးနေတဲ့ ကားလေးနဲ့အတူ ဖြိုးရဲ့ စိတ်လေးကို လွှင့်ထားလိုက်မိသည်။

(၃)

`ငါ ဂျမေကာကို ထွက်တော့မယ်...`

ရုတ်တရက်ပြောချလိုက်သည့် ဇင်မျိုးစကားကြောင့် အံ့သြသွားသည်။

`ဟုတ်တယ်..။ ငါတို့ ကျောင်းပြီးတာလည်း နှစ်နှစ်ရှိတော့မယ်..။ အခုထိ ပို့စတင်လည်း မကျသေးဘူးလေ..။ ရမလား မရလားလည်း မသေချာဘူး...။ ဒီတော့ ငါ့အစ်မအဆက်အသွယ်နဲ့ ငါဟိုက ဆေးရုံတစ်ခုခုမှာ သွားလုပ်မယ်..။ နောက် အဆင်ပြေလာရင်တော့ MSc တွေဆက်တက်ရင် ဆက်တက်မှာပေါ့ကွာ... `

ဟုတ်တော့လည်း ဟုတ်ပါသည်။ ဖြိုးတို့ ကျောင်းပြီးတာ ကြာခဲ့ပြီ။ `ဆမ` လက်မှတ်လေး ရလာပေမယ့် ဘယ်အချိန် တာဝန်ကျမည်လည်း မသိ..။ ပြီးတော့ ဖြိုးတို့က ၀ါသနာပါလို့ ဆေးကျောင်းတက်ခဲ့ကြသည်။ ဆေးပညာကို စိတ်ဝင်စားသည်...။ မကျန်းမာတဲ့ လူနာတွေကို ကုသချင်လို့ ဒီကျောင်းကို ရွေးဖြစ်ခဲ့သည်။ သူများတွေတော့မသိ.. ဖြိုးအတွက်ကတော့ ဆေးကျောင်းပြီးဖို့ ဖေဖေရော မေမေပါ အလွန်ပင်ပန်းခဲ့ရသည်။ ဆေးကျောင်းသားတစ်ယောက်ရဲ့ ၆ နှစ်တာ ကျောင်းစားရိတ်က နည်းနည်းနောနော မဟုတ်..။ ပြီးတော့ မပြည့်စုံသည့် ဖြိုးတို့ မိသားစုအတွက် ပိုပြီး ၀န်ပိခဲ့ရသည်။

အခုလည်း `ဆမ` ရပြီးကတည်းက ဖြိုးတို့သုံးယောက်လုံး အထူးကုဆေးခန်းတစ်ခုမှာ ၀င်လုပ်ဖြစ်ခဲ့ကြသည်။ လခ တစ်လကို တစ်သိန်းစွန်းစွန်းလောက်ရပေမယ့် ကိုယ်လို ဆရာဝန်ပေါက်စလေးတွေဟာ နေရာရဖို့ မလွယ်ခဲ့..။ လာသမျှ လူနာတွေဟာ အထူးကုဆရာဝန်တွေနဲ့သာ ကုသကြတာမို့.. ဖြိုးတို့ဟာ ခိုင်းရာသာ လုပ်နေရတဲ့ ဘ၀ဖြစ်လာခဲ့သည်။ ဒါပေမယ့် ဘာလုပ်ရလုပ်ရ၊ ပညာရသည့်မည်သည့် အလုပ်မဆို ဖြိုး လုပ်ချင်ပါသည်။ ခက်သည်က ပုဂ္ဂိုလ်ရေးအရ လေးစားမှုမရှိသည်ကိုတော့ ဖြိုးသည်းမခံနိုင်..။ ကြာလာတော့ နပ်စ်နှင့် ဆရာဝန် နင်လာငါလားတွေ ဖြစ်လာခဲ့ရသည်။ နေ့စဉ် အလုပ်မှာ စိတ်ဆင်းရဲလို့ တခြားအလုပ်ပြောင်းဖို့လည်း မလွယ်..။ သူလိုကိုယ်လို ကျောင်းဆင်းတွေက ဒုနဲ့ဒေး..။

ဒီတော့ ဖြိုးတို့ဘ၀က ပိုစတင်ကျမည့်ရက်ကိုသာ မျှော်လင့်နေရသည်။ ဖြိုးကတော့ ဘယ်မှာ တာဝန်ကျကျ သွားဖို့ အဆင်သင့်ပြင်ထားသည်။ `အထူးကု ဆရာဝန်ကြီး ဖြစ်အောင် ကြိုးစားပါ သား` လို့ အမြဲ တဖွဖွ မှာနေသည့် ဖေဖေ့မျက်နှာကို မြင်ယောင်မိသည်။ မြန်မာပြည်မှာ MSc ဆက်တက်နိုင်ဖို့ အလုပ်တာဝန် သတ်မှတ်နှစ် ထမ်းဆောင်ရမည်မလား..။ ဒီတော့ ဖြိုးမှာ ရွေးစရာ လမ်းမရှိ..။ ချမ်းသာသည့် သားသမီးတွေလို နိုင်ငံခြားမှာ ကျောင်းဆက်တက်ဖို့လည်း မဖြစ်နိုင်..။

အခုတော့ တိကျစွာ ဆုံးဖြတ်ချက်ချလိုက်သည့် ဇင်မျိုးအတွက် ဂုဏ်လည်းယူမိသည်။ သူငယ်ချင်းရဲ့ တက်လမ်းအတွက်၊ ရှေ့ရေးအတွက် ၀မ်းသာမိသလို အမြဲမခွဲတမ်း ပေါင်းခဲ့ကြသည့် သူငယ်ချင်းတစ်ယောက်နှင့် ခွဲခွာရတော့မှာကိုတော့ ၀မ်းနည်းမိသည်။

`ကောင်းတာပေါ့.. သူငယ်ချင်းရယ်..။ ဟိုမှာလည်း ငါတို့ရှေ့က အစ်ကိုကြီးတွေ ရှိတာပဲ..။ တချို့ဆို အမေရိကားတောင် ရောက်ကုန်ပြီ..။ မင်းအတွက် တကယ်ပျော်မိတယ်... `

ဇင်မျိုးလက်ကို တင်းတင်းဆုပ်ရင်း ဖြိုးကြည်နူးစွာ ပြောမိသည်။

`ဟုတ်တယ် ငဖြိုး..။ ဒီနေ့ ငါတို့ ဟော့ပေါ့လာစားတာ အဲဒီအကြောင်းတွေ မင်းကိုပြောပြဖို့ပါ..။ ငါလည်း အော်စီကို သွားတော့မယ်..။ ဟိုမှာ ဆေးသိပ္ပံကျောင်းတစ်ကျောင်းကို ၀င်ဖို့လုပ်မယ်..။ လောလောဆယ်တော့ ငါ့ဦးလေးအိမ်မှာပဲ နေဖြစ်မယ်..။ ပြီးတော့မှ ကျောင်းလျှောက်ပေါ့..`

ဖြိုးအံ့သြမိပြန်သည်..။ ငပြည့်ကပါ သွားတော့မှာပါလား..။ ဒီသူငယ်ချင်းသုံးယောက် တကယ်ကို ခွဲခွာရတော့မှာ ပါလား..။ ဖြိုး မျက်ရည်ဝဲမိသည်..။ ငပြည့်နဲ့ ဇင်မျိုးကို ရွှန်းရွှန်းစားစားကြည့်မိရင်း...

`မင်းတို့အတွက် တကယ်ဂုဏ်ယူပါတယ်.. သူငယ်ချင်းတို့ရယ်..`

ဒီနေ့စားတဲ့ ဟော့ပေါ့ဟာ သိပ်ကို အရသာရှိလှပါသည်။ စူးရှနာကျင်နေသည့် ရင်ဝထဲကို ပူပူနွေးနွေး အသားတုံးတွေ ပစ်ထည့်ဝါးမြိုမိရင်း နာကျင်မှုကို ဖြိုး ဖြေဖြောက်နေမိသည်။ ဒီနာကျင်မှုဟာ သူငယ်ချင်းတွေနဲ့ ခွဲခွာရမှာ တစ်ခုတည်းကြောင့်လား ဆိုတာကိုတော့ ဖြိုးကိုယ်တိုင်လည်း ဝေခွဲမရ...။ `ဖြိုး.. မင်းကော ဘာဆက်လုပ်မလဲ..` လို့ ဖြိုးသိပ်ကြောက်တဲ့ မေးခွန်းတွေ မေးမလာခဲ့တဲ့ သူငယ်ချင်းတွေကို ကြိတ်ပြီး ကျေးဇူးတင်မိသည်..။

ဖြိုးတို့.. ဟော့ပေါ့တွေ အများကြီးစားဖြစ်ကြသည်..။ ဘီယာတွေ အများကြီးသောက်ဖြစ်ကြသည်..။ စကားတွေ အများကြီးပြောဖြစ်ကြသည်... ။ ပြီးတော့.... ကျသင့်သလောက် ဘီလ်ကို တစ်သိန်းအုပ်ထဲကနေ ကျေကျေနပ်နပ်ကြီး ဖြိုးရှင်းလိုက်မိသည်...။

အိမ်အပြန်လမ်းလေးမှာတော့.. အားလုံး တိတ်ဆိတ်လို့နေသည်...။ မလှမပ မှောင်မည်းလို့နေသည့် ရန်ကုန်မြို့ပေါ်မှာ လရောင်ဖျော့ဖျော့လေးက မ၀ံ့မရဲ ဖြန့်ကျဲလို့...။ တိတ်တိတ်ကလေး ကားမောင်းနေသည့် ငပြည့်..။ ကူရှင်ပေါ်မှီရင်း အပြင်ကို ငေးနေသည့် ဇင်မျိုး..။ မျက်လုံးကို မှိတ်ထားသည့်.. ဖြိုး... အားလုံး ရင်ထဲမှာ ဘာတွေများ တွေးနေကြမလဲ......


(၄)

ဖြိုးကို အိမ်ရှေ့အထိ လိုက်ပို့ပေးပြီးတဲ့နောက် ငပြည့်နှင့် ဇင်မျိုးတို့ ပြန်သွားကြသည်။ ခြံဝင်းတံခါးကို ဖွင့်အ၀င်.. ဖြိုးငိုင်ကျသွားသည်..။ အိမ်... သိပ်အကောင်းစား အိမ်ကြီးမဟုတ်ပါ..။ ပျဉ်ထောင်အိမ်... သွပ်မိုးလေးနဲ့... သိပ်ချစ်ဖို့ကောင်းတဲ့အိမ်.. သိပ်သာယာတဲ့ အိမ်လေး..။ ဒီအိမ်ကို ဖေဖေ့ချွေးနဲစာနဲ့ ၀ယ်ခဲ့သည်။ ဆယ်တန်းအောင်ရုံကလွှဲလို့ တက္ကသိုလ်ဆက်မတက်ဖြစ်တဲ့ ဖေဖေ့ အိမ်ပါ..။ တနည်းအားဖြင့် ဘွဲ့ရမဟုတ်သည့် ဖေဖေ့အိမ်..။ အနည်းဆုံးတော့ အိမ်လေးတစ်လုံးကို ဖေဖေပိုင်ဆိုင်ခဲ့ပါသေးသည်..။

ဖြိုးကကော.... ဖြိုးက ဆရာဝန်တစ်ယောက်လေ...။ လူတိုင်းက ချီးကျူးဂုဏ်ယူတဲ့ အကြည့်တွေနဲ့ အထင်ကြီး လေးစားခံရတဲ့ ဆရာဝန်တစ်ယောက်...။ ဒီဆရာဝန်တစ်ယောက်က အိမ်တစ်လုံးဝယ်နိုင်ဖို့ ဝေးစွ... တစ်လရတဲ့ လခ ကိုယ်တိုင်သုံးဖို့တောင် လောက်ငှရဲ့လား.. မသိ..။ ဘွဲ့ရပြီးကတည်းက မေမေ့အဖို့ အိမ်စားရိတ်တောင် မပေးနိုင်သေးတဲ့ ဘ၀ကို ဖြိုးမလုံမလဲ ဖြစ်မိသည်..။

အိမ်တံခါးဝမှာ အပေါင်းလက္ခဏာလေးနှင့် ကပ်ထားသော ဆိုင်းဘုတ်တစ်ခု..။ ဘာတဲ့ `ဒေါက်တာ ဖြိုးမင်းသော် (MB.,BS, Ygn)` တဲ့လား။ `ဟက်` ကနဲ ဖြိုးရယ်လိုက်မိသည်..။ ဖြိုးတစ်ချက် ရှိုက်လိုက်တော့.. ပါးပြင်ပေါ် မျက်ရည်တွေ အလိုလိုကျလာမိသည်..။ ဖြိုးဘာကို မကျေမနပ် ဖြစ်နေတာလဲ..။ အခု အထိ ဖြိုးတတ်နိုင်သလောက် ကြိုးစားခဲ့ပြီးပြီ..။ ဦးနှောက်သေးသေးလေးတစ်လုံးကို အနှစ် ၂၀ ကျော်လုံးလုံး ဖြိုးကောင်းကောင်း အသုံးချပြီးခဲ့ပြီ..။ ဖြိုးဖြစ်ချင်တဲ့ ဆရာဝန်ဘ၀ မရောက်သေးလို့လား. ဒါမှ မဟုတ်.. ငပြည့်တို့လို ချမ်းချမ်းသာသာနဲ့ နိုင်ငံခြားထွက်ပြီး ပညာဆက်မသင်နိုင်တော့လို့လား... ဒါမှမဟုတ်.. ဖြိုးသိပ်ချစ်တဲ့ မိသားစုကို ဆရာဝန်တစ်ယောက်အနေနဲ့ မထောက်ပံ့နိုင်သေးလို့လား.. အဖြေကို ဖြိုးမသိ... ဖြိုးသိတာကတော့... တံခါးဘောင်ကို မှီရင်း တိတ်တဆိတ် ရှိုက်ငိုနေမိတာပါပဲ...။

လမင်းကြီးက သာလို့... ဖြိုးကို တိတ်တဆိတ် လှမ်းပြုံးပြနေသည်..။ ၀မ်းနည်းစွာ ကျဆင်းလာတဲ့ မျက်ရည်ကို ဖြိုး နာကျင်စွာ သုတ်လိုက်မိသည်..။ အိမ်တံခါးကို ဖွင့်ပြီးဝင်လိုက်တော့... မေမေက တီဗွီကြည့်နေသည်..။ ညီမလေးက စာကျက်နေသည်..။ မေမေနှင့် ညီမလေးကို နှုတ်ဆက်ပြီးတဲ့နောက်.. ဖြိုးမျက်လုံးက ညနေက ဖတ်ခဲ့သည့် ဂျာနယ်ဆီသို့ရောက်သွားခဲ့သည်..။ ဖြိုးလှန်လိုက်မိသည့်... စာမျက်နှာက.. အိမ်ခြံမြေဈေးကွက်...။ ဘာတဲ့.. `ရန်ကုန်မြို့မှ ဈေးအကြီးဆုံး ကွန်ဒိုတိုက်ခန်းများ စတင်ရောင်းချ`.. ဈေးနှုန်းကို ကြည့်လိုက်တော့.. `သိန်းပေါင်း သုံးထောင်ကျော်...` အိပ်ခန်းလေးခန်းပဲ ပါသည့်... တိုက်ခန်းတစ်ခန်းရဲ့ ဈေးနှုန်း...။ ဖတ်ရင်း .. ဖတ်ရင်း.. ဖြိုး.. ဟက်ဟက်ပက်ပက် ရယ်မောလိုက်မိသည်...။

တဟားဟားနှင့် ရယ်မောနေသည့် ဖြိုးကို မေမေရော ညီမလေးပါ.. နားမလည်နိုင်သည့် အကြည့်တို့ဖြင့် ကြည့်နေမလား...။ ဂျာနယ်ဖြင့် ဖုံးထားသည့် ဖြိုးမျက်ဝန်းမှာ မျက်ရည်တွေ အပြည့်နဲ့ ဆိုတာကိုတော့ ဘယ်သူများ မြင်နိုင်မှာလဲလေ....


ခင်မင်လျက်
နေ၀သန်

လသာသော ည

$
0
0

(၁)
`မေမေ... သားသေးပေါက်ချင်တယ်... လိုက်ပို့ပေး..`

သုံးနှစ်သားအရွယ် ကျွန်တော်ရယ်ပါ...။ ရန်ကုန်နှင့်ဝေးရာ နယ်ဒေသမှာမို့ အိမ်သာနှင့် အိမ်ဆိုတာ တကွဲတပြားစီ ထားလေ့ရှိသည်။ ဒီတော့ ညဘက်တွေမှာ ကျွန်တော်တစ်ယောက်တည်း အိမ်သာမသွားဝံ့ပါ..။ ဒါကြောင့် ဧည့်သည်တွေနှင့် စကားပြောနေသည့် မေမေ့လက်မောင်းကို ဆွဲခေါ်ရင်း လိုက်ပို့ခိုင်းမိသည်။

`ဟာကွာ... ယောက်ျားတဲ့ကွာ.. အပြင်တောင် တစ်ယောက်တည်းမသွားရဲဘူး..။ မင်းမှာေ×ွးကော ပါရဲ့လား`

အိမ်ဘေးက ဦးမောင်ပါ..။ ကျွန်တော့်ကို မထိတထိလှမ်းစနေသည့် ဦးမောင်ကို နှုတ်ခမ်းမဲ့ပြရင်း မေမေ့ကို အတင်းဆွဲခေါ်လာခဲ့သည်။

မေမေက ၀န်ထမ်း..။ တာဝန်ကျရာ ပြောင်းရွှေ့ရင်း ဒီရွာလေးကို ရောက်လာခဲ့သည်။ ရိုးသားသည့် ရွာသူရွာသား တွေအလယ်မှာ ကျန်းမာရေးဆရာမ တစ်ဖြစ်လဲ မေမေဟာ ရွာ၏ အားထားရာလည်း ဖြစ်ပါသည်။ အစိုးရက ပေးထားသည့် ဆေးခန်းဝင်းထဲမှာ ကျွန်တော်တို့ နေထိုင်ဖို့ အိမ်လေးတစ်လုံးလည်း ပေးထားသည်။ ကုန်းမို့မို့လေးမှာ အိမ်ကရှိတာကြောင့် အိမ်သာသွားဖို့ နည်းနည်းတော့ အောက်ကို ဆင်းလျှောက်ရသည်။ ဘေးပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်လျှင် အုပ်စိုင်းနေသည့် တောအုပ်တို့က မှောင်မှောင်မည်းမည်းနှင့် ခြောက်ခြားဖွယ်ရာပင်...။

`မေမေ.. သားကို စောင့်နော်...`

အိမ်သာထဲမှာ အပေါ့သွားရင်း နောက်ဆံတင်းကာ မေမေ့ကို လှမ်းပြောမိသည်။

`အေးပါကွယ်... မေမေရှိတယ်..`

အဲလို အချိန်မှာ ကြားလိုက်ရတဲ့ မေမေ့အသံဟာ ကျွန်တော့်အတွက် တကယ်အားဆေးတစ်ခွက် ဖြစ်ပါသည်။ ကျွန်တော်အပေါ့သွားပြီးတဲ့အခါ မေမေ့ဆီကို ၀ုန်းကနဲ ပြေးသွားမိသည်။ ညဘက် မှောင်မှောင်မည်းမည်းဆိုလျှင် ဘာကိုကြောက်မှန်းမသိ ကြောက်နေမိတတ်သည်။ ပိုဆိုးတာက ကောင်းကင်မှာ လက ထိန်ထိန်သာနေတာမို့ ဘေးပတ်ဝန်းကျင်က လယ်ကွင်းတွေကအစ အကုန်လုံးကို ၀ိုးတ၀ါး လှမ်းမြင်နေရသည်။ လယ်ကွက်ထဲက ပုံထားသည့် စပါးပုံတွေက တခါတခါ မကောင်းဆိုးဝါး တစ်ကောင်နှင့် တူလွန်းလှနေသည်။ ရုတ်တရက် အိမ်ဘေးနား သစ်တောအုပ်ထဲမှ သစ်ပင်တွေကြား ပွတ်တိုက်သွားသည့် အသံများကို ကြားလိုက်ရသည်။

`ဟော...`

ကျွန်တော့်နှုတ်ခမ်းအ၀ိုင်းသား၊ မျက်လုံးလေးပြူးပြီး လှမ်းကြည့်မိသည်။ ပြီးတော့ မေမေ့လက်ကို တင်းတင်းဆုပ်လို့..။ ရှေ့ကို ပြေးထွက်ပြီး ကျောကို မေမေ့ဘက်အပ်ထားမိသည်။ အသံတွေ ရုတ်တရက် ငြိမ်သက်သွားပြီး.... အော်သံတစ်စုံက ထွက်ပေါ်လာလေသည်။ ဇီးကွက်နှစ်ကောင်၏ အော်သံကို ကြားတော့ ကျွန်တော့်ကိုယ်လေး တုန်သွားလေသည်။ ပြီးတော့ မေမေ့ကို ထားခဲ့ကာ အိမ်တွင်းသို့ ဒရောသောပါး ၀င်ပြေးသွားမိသည်။ အိမ်ရှေ့ ဧည့်သည်တွေစကားဝိုင်းအထိ ပြေးဝင်သွားခဲ့ပြီး အဘွားပေါင်ပေါ် တက်ထိုင်နေမိသည်။ ကြောက်စိတ်ကြောင့် ကျွန်တော့်ရင်တွေ တထိတ်ထိတ်တုန်လို့........။

ကျွန်တော်ကြောက်နေတာကို လှမ်းရယ်ရင်း စနေသည့် ဧည့်သည်တွေကို လက်သီးရွယ်ပြလိုက်မိသည်။ မှန်ပါသည်..။ ကျွန်တော် ဒီရွာလေးမှာ လသာသောညတွေကို ပိုကြောက်မိသည်။ နွေရာသီ ပူအိုက်သည့် အချိန်တွေမှာ ပြူတင်းပေါက်တွေကို ဖွင့်ထားလိုက်တိုင်း ဟိုးအဝေးကိုပါ လှမ်းမြင်နေရသည်ကို ဘယ်လိုမှ မခံစားနိုင်..။ အဲဒီထဲမှာ ဇီးကွက်အော်သံကို ကြားရလျှင် နေစရာနေရာ ကျွန်တော့်မှာ မရှိတော့ပါ...။

ဒါကြောင့် လသာသော ညကို ကျွန်တော်မနှစ်ခြိုက်ခဲ့ပါ..။

(၂)

`ပေါက်စရေ... ဆော့မယ်ဟေ့...`

ပေါက်စဆိုတာ ငယ်ငယ်က ရပ်ကွက်ထဲမှာခေါ်တဲ့ ကျွန်တော့်နာမည်ပေါ့။ အဲတုန်းက ကျွန်တော်ဆယ်နှစ်သားအရွယ်..။ နယ်မြို့လေးတွေ ဖြစ်တဲ့အတွက် တလင်းပြင်တွေဟာလည်း ကျယ်ပြောလှပါသည်။ ဒီတော့ လသာတဲ့ညတိုင်းမှာ ကျွန်တော်တို့ ကလေးတွေဟာ တစ်ခုမဟုတ် တစ်ခုတော့ ဆော့ကြစမြဲပါ..။ ကျောင်းဖွင့်ရက်တွေမှာ စာမကျက်ပြီးမချင်း မဆော့ရပေမယ့် စနေတနင်္ဂနွေမျိုးကျ တားမနိုင်ဆီးမရ ထွက်ဆော့ဖြစ်ကြသည်။

ကျွန်တော်နေတဲ့ ကျောင်းက မြို့ထဲမှာမို့ ဒီရပ်ကွက်ထဲက ငယ်ပေါင်းတွေနဲ့ ကျောင်းမတူကြပါ။ ဒါကြောင့် ရပ်ကွက်ထဲမှာ ဒီလို ဆော့တဲ့အချိန်ပဲ တွေ့ဖြစ်ကြသည်။ ကျွန်တော်တို့ အမျိုးစုံဆော့ကြပါသည်။ နေ့လည်နေ့ခင်းတွေဆို သေနတ်ပစ်တမ်း၊ တူတူပုန်းတမ်း၊ သြဇာစေ့တောက်တမ်း စသဖြင့် ဆော့ပါသည်။ အပေါင်းအသင်းက မိန်းကလေးတွေ များနေပါက အိုးပုတ်ခွက်တမ်းပါ ကစားရသေးသည်။ လသာတဲ့ ညတွေမှာတော့ ကျွတ်ပေါက်တမ်း၊ ထုပ်စည်းတိုးတမ်း ကစားကြသည်။

အဲဒီထဲမှာ အဆော့ဖြစ်ဆုံးက ကျွတ်ပေါက်တမ်း..။ `ကျွတ်` ဆိုတာ တင်းနစ်ဘောလုံးအဟောင်းကို ဆိုလိုတာပါ။ ဒီလိုဆော့တဲ့အခါ အသင်းနှစ်သင်းရှိရပါသည်။ ဦးဆုံးဆော့တဲ့အခါ ရှောင်ရှီးခုတ်ရပါသည်။ ပြီးတော့ အလယ်မှာ နို့ဆီဘူးတွေကို တစ်ခုပေါ် တစ်ခုဆင့်ပြီး ခြောက်ဗူးခုနှစ်ဗူးလောက် ဆင့်ရပါသည်။ နိုင်တဲ့အသင်းက ကျွတ်ကို ကိုင်ပြီး အဲဒီဆင့်ထားတဲ့ နို့ဆီဗူးတွေကို ထိအောင်ပေါက်ရသည်။ သုံးခေါက် ပေါက်ခွင့်ရှိသည်။ တစ်ကြိမ်မှာ ထိလို့ ဗူးတွေ အကုန်လုံးပြိုကျသွားရင် ပြေးရပါတော့သည်။ ရှုံးတဲ့အသင်းက ကျွတ်ကို ကိုင်ပြီး နိုင်တဲ့အသင်းထဲက လူတွေကို ထိအောင်လိုက်ပေါက်ရပါသည်။ အားလုံးကို ထိအောင်ပေါက်ပြီးပါက နိုင်ပြီဖြစ်သည်။

ဒီတော့ အပြေးသန်တဲ့သူတွေကို ထိအောင်ပေါက်ဖို့ မလွယ်သလို ထိရဲ့နဲ့ မထိဘူးဟု ဘူးခံအငြင်းသန်သူတွေလည်း မနည်း..။ ပြီးတော့ အားကောင်းမောင်းသန်သူတွေက မညှာမတာ ပေါက်တတ်တာမို့ ကျောတွေအောင့်၊ အသားတွေ နာရသူတွေလည်း မနည်း။ ဒီတော့ ကျွန်တော်တို့ရဲ့ ဆော့ပွဲလေးဟာ အမြဲတမ်း ဆူညံပွက်လော ရိုက်နေတတ်ပါသည်။

အခုလည်း သူငယ်ချင်းတွေ လာခေါ်တာမို့ စနေနေ့လည်း ဖြစ်တာမို့ လကလည်း သာနေတာမို့ ကျွန်တော်ချက်ချင်းပဲ လိုက်ပါသွားခဲ့သည်။ ထုံးစံအတိုင်း ကျွတ်ပေါက်တမ်း..။ ဆော့ရင်းဆော့ရင်း ချွေးတွေလည်း ရွှဲ၊ ငြင်းကြခုန်ကြနဲ့ ပျော်စရာ အရမ်းကောင်းတာမို့ အချိန်ကိုလည်း မကြည့်မိ..။

`သားငယ်ရေ....`

အဝေးက အော်သံကိုကြားတော့ သူငယ်ချင်းတွေက `မင်းအမေထင်တယ်..` ဟုပြောကြသည်။ ရင်ထဲ ထိတ်ကနဲ ဖြစ်သွားသည်။ နာရီကို ကြည့်မိတော့ ဆယ်နာရီခွဲပြီ..။ တုန်တုန်ရီရီဖြင့် အားလုံးကို ကောင်းကောင်းနှုတ်မဆက်နိုင်ပဲ ကမန်းကတန်း ပြေးသွားမိသည်။

`ဟမ်.. ဘယ်အချိန်ရှိပြီလဲ..။ ဆော့ဆိုလည်း အချိန်နဲ့ အခါနဲ့ ဆော့ပါလား..။ အခု လူအိပ်ချိန်တောင် ရောက်နေပြီ။ အဆော့က မက်တုန်း..။ နင့်ကို ငါကြည့်မရတာကြာပြီနော်.. စာမေးပွဲ အမှတ်တွေကလည်း ကောင်းအောင်ဖြေတာမဟုတ်.. ကဲဟာ.. ကဲဟာ`

ပြောရင်းဆိုရင်း ခြေသလုံးတွေမှာ ကြိမ်တုတ်ရာက တဖြန်းဖြန်း ကျရောက်လာလေသည်။ နာကျင်တာရော၊ မေမေ့ကို ကြောက်တာရယ်ပါ ပေါင်းပြီး အော်ဟစ်ငိုယိုမိသည်။ အပြင်မှာကတော့ လက ထိန်ထိန်ကို သာလို့...။

ထို့ကြောင့် လသာတဲ့ညတွေကို မုန်းပါသည်.။

(၃)


ထိုသို့ မုန်းခဲ့သည့် လသာသော ညတွေကို ချစ်တတ်ဖို့ ကျွန်တော်ကြိုးစားခဲ့ဖူးပါသည်။ အဲဒီတုန်းက ကျွန်တော် ရှစ်တန်းကျောင်းသားဘ၀မှာပေါ့....။

`သားတို့သမီးတို့ရေ။ မြတ်ပန်းခိုင်တဲ့..။ ဒီအတန်းကို အခုမှပြောင်းလာတဲ့ ကျောင်းသူသစ်..။ သူငယ်ချင်းအသစ်ကို ဂရုစိုက်ကြနော်...`

ဖြူစင်ဝင်းလဲ့နေတဲ့ ပါးနုနုလေးတွေကို ကျွန်တော်ငေးကြည့်နေမိသည်။ ပန်းနုရောင်နှုတ်ခမ်း ဖူးဖူးလေးနှင့် ဆံပင်တိုတို ဆံကုပ်လေးနှင့်.. သိပ်ကို လှပတဲ့ နတ်သမီးလေးလိုပါပဲ..။ တဒိတ်ဒိတ်ခုန်သွားမိသည့် ကျွန်တော့်ရင်အစုံကို ကျွန်တော်ရှက်ရွံ့စွာ ဖုံးထားလိုက်မိသည်။ ဒါပေမယ့်.. တကယ်ဝန်ခံမိပါသည်.. သူလေး သိပ်လှသည်....။

`လူသတင်း လူချင်းဆောင်` တဲ့လား..။ သိပ်လှတဲ့သူမ ကျွန်တော်တို့အခန်းထဲမှာ ရှိနေတာကို သိတော့ အခန်းရှေ့မှာ ယောင်ချာယောင်ချာနှင့် လာငေးသူတွေ ဒုနဲ့ဒေးကြားမှာ ကျွန်တော့်ရင်တွေ မချိတင်ကဲဖြစ်ရသည်။ သူ့ကို လာဝိုင်းငမ်းနေသည့် သကောင့်သားတွေကို ကြည့်ရင်း စိုးရိမ်မှုတွေ သူမမျက်ဝန်းမှာ ထင်းထင်းမြင်လိုက်ရတော့ ကျွန်တော်တကယ်ကို သနားမိသည်။

`သား.. သီဟ..။ သမီးလေး မြတ်ပန်းက အိမ်က လာကြိုမှာ နောက်ကျလို့တဲ့..။ အဲဒါ သားက အတန်းခေါင်းဆောင်ဆိုတော့ သမီးလေးကို အိမ်က လာမကြိုမချင်း အဖော်လုပ်ပေး..။ ဒီအခန်းထဲမှာပဲ စောင့်မနေနဲ့.. ဆရာမတို့ နားနေဆောင်နားမှာ လိုက်စောင့်ပေးလိုက်... `

အတန်းပိုင်ဆရာမရဲ့ တာဝန်ပေးမှုနဲ့ သူမရဲ့ ခပ်နွေးနွေးအပြုံးတစ်ချက်ကို ရလိုက်ချိန်မှာ ကျွန်တော်တကယ်ပဲ ထိတ်ကနဲ ၀မ်းသာသွားသည်။

`ကျေးဇူးတင်ပါတယ်နော်.. ` ဆိုတဲ့ နူးညံ့တဲ့ စကားလုံးတွေ ရင်ထဲကို နွေးထွေးစွာ စီးဝင်ပြီးသွားတဲ့နောက်... ဘာပြန်ပြောရမည်မသိပဲ ကျွန်တော် ပြန်ပဲ ပြုံးပြလိုက်မိသည်။ ရင်ထဲမှာတော့ ကျောင်းဆင်းမည့်အချိန်ကို ရင်ခုန်စွာ စောင့်နေမိသည်.။

ကျောင်းဆင်းတော့ သူမဘေးမှာ အဖော်ပြုလျှောက်လာရင်း...

`ကျွန်တော့်နာမည်က သန့်သီဟပါ..။ မြတ်ပန်းက ကျောင်းပြောင်းလာတာ နောက်ကျတော့ စာတွေ မမှီတာတွေ၊ လိုချင်တာတွေ ပြောလေ..။ ကျွန်တော်ကူးပေးမယ်.. `

သူမက နူးညံ့စွာပြုံးရင်း..

`ဟုတ်ကဲ့ပါ.. သီဟ..။ မြတ်ပန်းလိုချင်တဲ့ စာအုပ်တွေ သီဟဆီက ငှားမယ်လေ..။ အခု ဒီနေ့ မြန်မာစာ ငှားလိုက်လို့ရလားဟင်.. ။ ဟို.. သီဟ စာကျက်မယ်ဆိုရင်လည်း နောက်နေ့မှ ယူမယ်လေ..`

`ဟာ.. ရပါတယ်..။ ယူသွားပါ..။ ကျွန်တော် ဒီနေ့ည တခြားစာတွေ ကျက်ထားလို့ရပါတယ်..။ ဒါနဲ့ မြတ်ပန်း ဖေဖေက ၀န်ထမ်းလား..။ ဒီအချိန်ကြီး ကျောင်းပြောင်းရတာဆိုတော့...`

`အင်း.. ဟုတ်တယ်..။ ဖေဖေက ဗျူဟာမှူးပါ..။ အရင်ကတော့ မြတ်ပန်း ရန်ကုန်မှာပဲ ကျောင်းတက်မယ်လို့ စဉ်းစားသေးတယ်.။ နောက်တော့ မိသားစုလိုက် မခွဲချင်တာရယ်နဲ့.. ပြောင်းဖြစ်လာတာ... `

သူမ၏ စကားလုံးတွေဟာ သိပ်ကို နူးညံ့လွန်းပါသည်။ ကျွန်တော့်လွယ်အိတ်ထဲက မြန်မာစာစာအုပ်ကို ထုတ်ပေးလိုက်မိရင်း ဘာဆက်ပြောရမလဲ စဉ်းစားမိသည်။ သူမမျက်နှာကို တစ်ခါကြည့်လိုက်တိုင်း ရင်အစုံက တဒုန်းဒုန်း ခုန်ခုန်သွားတာကို ဘယ်လိုမှ မတားဆီးနိုင်..။

`သီဟ..။ ဒါက မြတ်ပန်းရဲ့ အိမ်ဖုန်း..။ သီဟဖုန်းရှိရင်လည်း ပေးထားလေ..။ ညကျ စာကူးရင်း တချို့နားမလည်တာကို ဖုန်းနဲ့ မေးမယ်.. ရလားဟင်`

`ဟာ.. ရတာပေါ့..။ ကျွန်တော့်အိမ်ဖုန်းပေးထားမယ်..။ မေးစရာရှိရင် ဖုန်းသာဆက်လိုက်... အားမနာနဲ့နော်..`

သူမအိမ်ဖုန်းကို တစ်ချက်ကြည့်ရင်း အလိုလို အလွတ်ရသွားမိသည်။ အဲဒီနေ့က သူမအိမ်က ကားလာကြိုတော့ လက်ပြနှုတ်ဆက်သွားတဲ့ သူမကို ကျွန်တော့်မျက်လုံးထဲက ထွက်နိုင်တော့မှာ မဟုတ်တော့ပါလေ..။

အဲဒီနေ့ညက ကျွန်တော် အလိုလိုပျော်နေမိသည်။ စာကျက်ရင်း တယ်လီဖုန်းသံများ မြည်လာမလားဟု အကြိမ်ကြိမ် ခေါင်းထောင်ကြည့်မိသည်။ အပြင်ဘက်ကို လှမ်းကြည့်တော့.. လရောင်တွေက လင်းလက်နေလို့.. သြော်.. လပြည့်နေ့လေးပဲ..။ ဒါပေမယ့် ဒီနေ့ လသာတာလေးကို ကျွန်တော်အလိုလို ချစ်နေမိသည်..။

`ကိုကို... ကိုကိုရေးထားတဲ့ ကဗျာစာအုပ်လေး ခဏငှားပေး`

စာကျက်နေသည့် ကိုကို့နားသွားပြီး တောင်းလိုက်မိသည်။ ကျွန်တော်က ကဗျာဥာဏ်မရှိတာမို့.. ဘယ်လို ခံစားချက်ရှိရှိ ဘယ်လိုကြိုးစားကြိုးစား ကဗျာတစ်ပုဒ်ရယ်လို့ ဘယ်တော့မှ ဖြစ်မလာပါ..။ ဒါကြောင့် အမြဲတမ်း ကိုကို့ရဲ့ ကဗျာစာအုပ်တွေ ခိုးဖတ်ရင်း အငှားခံစားခဲ့ရသည်။ အခုလည်း.. ဒီလို လသာနေတဲ့ အချိန်လေးမှာ ကိုကို့ကဗျာတွေဖတ်ရင်း.. မြတ်ပန်းအကြောင်းတွေးရင်း... ရင်တွေ ခုန်ချင်နေမိသည်။

`စာကျက်ပြီးပြီလား..။ မေမေဆူရင် ငါနဲ့မဆိုင်ဘူးနော်.။ အဲဒီ ကဗျာစာအုပ် အသိမ်းခံရရင် မင်းနဲ့ငါသိမယ်`

ဆူရင်း ဆောင့်ရင်း လှမ်းပေးနေသည့် ကိုကို့ကို စိတ်မဆိုးနိုင်..။ အိမ်ရှေ့က ဒန်းလေးပေါ်ကို စီးရင်း ကော်ဖီတစ်ခွက်ကို ကျိုက်ရင်း ကဗျာတစ်ပုဒ်ကို ဖတ်ရင်း လကလေးကို ငေးမောကြည့်ရင်း ရင်တွေ ခုန်နေမိသည်..။ လောကကြီးက လှလိုက်တာ... လသာသောညတွေဟာ ဒီလောက် ချစ်စရာကောင်းမှန်း ကျွန်တော်မသိခဲ့မိတာ.. နှမြောမိသည်..။

`သားငယ်.. ဖုန်းလာတယ်... သားသူငယ်ချင်း.. မြတ်ပန်းတဲ့`

ကျွန်တော်ထိတ်ကနဲ ၀မ်းသာသွားသည်။ သူမ၏ ချိုမြိန်သော အသံကို ကြားခွင့်ရတော့မည်။

`ဟဲလို.. သီဟလားဟင်..။ မြတ်ပန်းလေ.. သီဟကို ပြောစရာရှိတယ်..။ ဖေဖေကလေ အရေးကြီးကိစ္စနဲ့ ရှေ့တန်းထွက်ရတော့မယ်..။ တစ်အိမ်လုံးလည်း လိုက်ပြောင်းရတော့မယ်..။ စစချင်းတော့ ဒီမှာပဲနေခဲ့မလားပေါ့.. ဒါပေမယ့် နေခဲ့လည်း မကြာခင်လိုက်ပြောင်းရမှာမလား..။ ဒီတော့ နေသားမကျသေးခင် ဖေဖေနဲ့ အတူတူလိုက်သွားမယ်တဲ့..။ အဲဒါ မနက်ဖြန်စောစောကို မြတ်ပန်းတို့ အရင်သွားနှင့်မယ်..။ ပစ္စည်းတွေတော့ ဖေဖေ့တပည့်တွေ နောက်ကနေ သယ်လာခဲ့ပေးမယ်တဲ့..။ ဒီနေ့ မြတ်ပန်းကို အားလုံးကူညီပေးတဲ့အတွက် သီဟကို ကျေးဇူးတင်တယ် သိလား..။ တစ်ရက်ပဲ ကျောင်းတက်လိုက်ရပေမယ့် အရမ်းခင်ဖို့ကောင်းတဲ့ သူငယ်ချင်းတစ်ယောက်ရလိုက်တာ မြတ်ပန်းအရမ်းဝမ်းသာတယ်.. ။ အဲဒါ သီဟစာအုပ်ကို မနက်ဖြန် ဖေဖေ့တပည့်နဲ့ ထည့်ပေးလိုက်မယ်..။ သူလာပေးလိမ့်မယ်နော်... `

ဆက်တိုက်ပြောချသွားသည့် မြတ်ပန်းရဲ့ စကားအဆုံးမှာ ကျွန်တော်စကားလုံးတွေ မဲ့နေမိသည်...။ တယ်လီဖုန်း ခွက်ကို ချလိုက်ပြီးပေမယ့် ရင်အစုံက ဘာကိုမှ ခံစားနိုင်စွမ်းမရှိပဲ.. ဟာနေမိသည်..။ ကိုကို့ကဗျာစာအုပ်ကို ကိုကို့ဆီ ၀ုန်းကနဲ ပစ်ပေးလိုက်ပြီး အိမ်ရှေ့ကို ပြေးထွက်လာခဲ့မိသည်။ အော်ဟစ်ဆူပူလိုက်သော ကိုကို့အသံကိုလည်း မမှုနိုင်တော့ အိမ်ရှေ့ဒန်းလေးဆီကို ပြေးလာခဲ့မိသည်..။ အဲဒီနေရာလေးမှာ ကျွန်တော့်ရင်ခုန်သံကို ပြန်ရှာမိသည်။ သောက်လက်စ.. ကော်ဖီတစ်ခွက်ကလွှဲလို့ ဘာဆို..ဘာမှမရှိ... အရာရာဟာ.. နတ္ထိ....။

ကောင်းကင်ပြင်မှာ လကလေးကတော့ အစွမ်းကုန်သာလို့နေသည်..။ လမင်းကြီးက ကျွန်တော့်ကို လှောင်ပြောင်နေလေမလား....။

လသာသော ညတွေဟာ.. ဒီလိုပဲ မူယာမာယာများတတ်လေသလား...။

တကယ်တော့ လသာသော ညကို ချစ်တတ်ဖို့ ကျွန်တော်ကြိုးစားခဲ့ပေမယ့်.. အထမမြောက်ခဲ့ပါလေ...။

ထို့ကြောင့်.. လသာသော ညကို ကျွန်တော်တကယ် ကြောက်ရွံ့နေမိပါသည်။


(၄)

ပုဆိုးလေးကို ပြင်ဝတ်လိုက်မိပြီး စလွယ်လေးကို သေသေချာချာ ပြန်ပတ်မိသည်။ မှောင်ရီဝိုးတ၀ါး ညနေခင်းချိန် ရွှေတိဂုံဘုရားက အလွန်ကို သပ္ပါယ်လွန်းလှသည်။ ဘုရားဖူးသူ၊ ရေကပ်သူ၊ ပန်းကပ်သူများဖြင့် စည်ကားနေသည်ကို ကြည့်မိရင်း မြန်မာလူမျိုးတို့ရဲ့ ဘာသာတရားကိုင်းရှိုင်းမှုကို လေးစားမိသည်။

ဒီနေ့ စနေနေ့...။

စနေနေ့တိုင်းမှာ ကျွန်တော်တို့ ရွှေတိဂုံဘုရားမှာ တံမြက်လှည်းနေကျဖြစ်သည်။ `ကလျာဏပါရမီ` အသင်းသူ၊ အသင်းသားများပေါင်းပြီး ရင်ပြင်တော်၊ မုခ်သုံးမုခ်နှင့် မဟာဝိဇယစေတီတော်ပါမကျန် တံမြက်လှည်းကုသိုလ် ယူလေ့ရှိကြသည်။

`ဟို.. ဒါ တံမြက်လှည်းအသင်းလားမသိဘူးနော်..။ ကျွန်မတို့ တံမြက်လှည်းချင်လို့..။ ဘယ်လို စာရင်းပေးရမလဲ ပြောပြပေးပါလားဟင်..`

နူးညံ့ချိုမြိန်နေတဲ့ အသံလေးတစ်သံကို ကြားရတော့ ကျွန်တော် ထိတ်ကနဲ လှည့်ကြည့်မိလိုက်သည်။ ဒီပါးမို့မို့လေးတွေ... ဒီအသံလေးတွေ.. နောက် ဒီမျက်ဝန်းတွေ...။ သူမကို ကျွန်တော်ငေးစိုက်ကြည့်နေမိသည်။

`မြတ်ပန်း.... `

ကျွန်တော့်နှုတ်ခမ်းမှ တီးတိုးထွက်လာတဲ့ အသံကြောင့် သူမအံ့သြသွားသည်ထင်သည်..။ ပြီးတော့ ကျွန်တော့်ကို စူးစူးစိုက်စိုက်ကြည့်ရင်း... သူမမျက်လုံးတွေ အရောင်လက်လာခဲ့သည်..။ ပြီးတော့ ကျွန်တော်တို့ နှစ်ယောက် နှစ်ခြိုက်သဘောကျစွာ ရယ်မောလိုက်မိကြသည်...။

သူမက အခုတော့ ဆေးကျောင်းသူကြီးဖြစ်လို့...။ ကျွန်တော်ကတော့ YUFL ပြီးလို့ နိုင်ငံခြားထွက်ဖို့ လုံးပန်းနေသူ...။ ငယ်ငယ်က အကြောင်းတွေ၊ သူမပြောင်းရွှေ့ခဲ့ရသည့် ဒေသအကြောင်းတွေ.. အပြန်ပြန်ပြောပြရင်း ကျွန်တော်တို့ တံမြက်လှည်းကုသိုလ် ယူခဲ့ကြသည်..။ သူမနှင့် ဘေးချင်းယှဉ်လျက် သူမမျက်နှာကို ခိုးခိုးကြည့်ရင်း ကျွန်တော့်ရင်ခုန်သံတွေ တိုးလို့ မြန်လာခဲ့ရသည်..။

မှတ်မှတ်ရရ အဲဒီနေ့ညက... လပြည့်ကျော်တစ်ရက်နေ့....။ ထွန်းလင်းတောက်ပနေသည့် လရောင်အောက်မှာ သူမနှင့် ကျွန်တော် ပျော်ရွှင်စွာ ရယ်မောခဲ့ကြပါသည်။

သူမကို သိပ်ချစ်မိတဲ့ အကြောင်းတွေ ကျွန်တော် ဒိုင်ယာရီထဲမှာ အမြဲရေးဖြစ်ခဲ့သည်...။ သူမနှင့် ပြန်ဆုံခဲ့ရသည့် လသာသာညတွေမှာ လမင်းကို ငေးကြည့်လို့ သူမကို ကျွန်တော်လွမ်းတတ်လာခဲ့သည်..။

ပြီးတော့ စာတွေနဲ့ ပိနေတဲ့ သူမရဲ့ အားလပ်ရပ်တွေကို စောင့်မျှော်တတ်လာခဲ့သည်...။ အမြဲတမ်း တွေ့ချင်မြင်ချင်လွန်းလှပေမယ့် ကျွန်တော့်ကြောင့် သူမကို စာကျက်ပျက်မှာကို မလိုလားခဲ့တာမို့... အားလပ်ရက်တွေကိုသာ စိတ်ရှည်စွာ စောင့်စားတတ်လာခဲ့သည်...။

အဲဒီနေ့... သူမကို ချစ်တယ်လို့.. ဖွင့်ပြောမယ့်နေ့.....။

`ဒီနေ့ မြတ်ပန်းမအားဘူး.. သီဟရဲ့..။ စာကျက်ရမယ်လေ..။ မနက်ဖြန် စာမေးပွဲရှိတယ်... `

မကြာခင်မှာ နိုင်ငံခြားထွက်ရတော့မည့် ကျွန်တော့်အတွက် အချိန်လေးတော့ နည်းနည်းပေးပါလား မြတ်ပန်းရယ် လို့ စိတ်ထဲက တီးတိုးပြောလိုက်မိပေမယ့်... ချစ်သူကို ညှာတာစွာ... အသံတိတ်နေခဲ့မိသည်..။ သူမကို ပြောဖြစ်မယ့် အချစ်စကားတွေကို ရင်မှာ မြိုသိပ်ရင်း... အဲဒီနေ့ည ဘုရားပေါ် တစ်ယောက်တည်း တက်လာမိသည်....။

မှတ်မှတ်ရရ အဲဒီနေ့ဘုရားမှာ လူတွေအတော် စည်ကားနေပါသည်..။ စနေတန်ဆောင်းရဲ့ လှေကားထစ်လေးမှာ တစ်ယောက်တည်းထိုင်ရင်း သွားလာနေသည့် လူတွေကို အမှုမဲ့ ငေးနေမိသည်...။ အေးချမ်းနေသည့် ညခင်းလေးမှာ တခါတခါ ထွက်ပေါ်လာသည့် ခေါင်းလောင်းသံတို့က ကျွန်တော့်ရင်ကို အေးမျှမှု မပေးနိုင်ခဲ့ပါ..။ စေတီတော်ကို ရိုသေစွာ ရှိခိုးနေသည့် လူတွေကို ငေးမိရင်း မျက်လုံးအစုံတို့က တစ်နေရာမှာ ရပ်တန့်သွားခဲ့သည်...။

အရင်းနှီးဆုံး ပုံရိပ်တစ်ခု...။ ဘေးနားမှာ ပုရိသယောကျာ်းသားတစ်ဦးနှင့်...။ ပြီးတော့ ဘုရားပန်း အတူတူကပ်လို့...။ တဆစ်ဆစ်နာကျင်လာသည့် ရင်ကို ထိန်းလိုက်ရင်း မိုးသားပေါ် မော့ကြည့်လိုက်မိသည်...။ လ၀န်းက ထိန်ထိန်သာလို့ပါလား....။ နာကျင်စွာ မျက်လုံးကို မှိတ်လိုက်တော့... ၀ဲနေတဲ့မျက်ရည်တွေ မျက်လုံးမှာ ပြည့်လျှံသွားခဲ့သည်..။

အဲဒီနေ့က ဘုရားပေါ်ကနေ နာကျင်စွာ ကျွန်တော်ဆင်းလာခဲ့မိသည်..။ ဘာကိုမှ မတွေးနိုင်တော့ပဲ ကားတစ်စီးနှင့် ရောက်ရာပေါက်ရာ မောင်းထွက်ခဲ့မိသည်...။ ရူးမတတ်နာကျင်စွာ ခံစားနေရသူအပေါ်မှာ လမင်းကတော့ အလင်းရောင်လေးပေးလို့.... လျစ်လျူရှုရက်နေသည်...။

အဲဒီနေ့ညက... ကျွန်တော့်ဒိုင်ယာရီလေးကို သူမအိမ်သို့ ပို့ပေးခဲ့သည်...။ သူမကို ကြည့်နိုင်စွမ်းမရှိတော့တာမို့.. တံခါးဝမှာ ချိတ်ပေးခဲ့ပြီ... သူမကို ကျွန်တော်ကျောခိုင်းခဲ့သည်...။ ဘယ်တော့မှ ပြန်မတွေ့နိုင်တော့မည့် အရပ်ဆီသို့ပေါ့....။

(၅)

ဟီသရိုးလေဆိပ်ကြီးက သိပ်ကို ပြားပန်းခပ် ရှုပ်ထွေးနေ၏...။ ဘာ့အတွက်ကြောင့် လူတွေဒီလောက် များနေမှန်း ကျွန်တော်နားမလည်..။ ကျွန်တော်သည်လည်း ခရီးသည်တစ်ယောက်ပင် မဟုတ်ပါလား..။

ဒီနိုင်ငံကြီးမှာ ဆယ်နှစ်ကြာ ကျွန်တော်နေထိုင်ခဲ့ပြီ..။ ထိုက်သင့်သည့် ဘွဲ့..။ ထိုက်သင့်သည့် လူနေမှုဘ၀တစ်ခုကို ကျွန်တော်ရခဲ့ပြီးပြီ...။ ဒီနှစ်တွေအတွင်း အမိတိုင်းပြည်ကို တစ်ခါမှ မပြန်ဖြစ်ပဲ... ကျောင်းထဲ၊ အလုပ်ထဲပဲ စိတ်ကို နှစ်ခဲ့မိသည့်.. ကျွန်တော်...။ အခုတော့ ဒီတိုင်းပြည်ကို စွန့်ခွာလို့... မြန်မာပြည်ကို အပြီးပြန်ဖို့ ဆုံးဖြတ်လိုက်မိသည်။

လူဝင်မှုကောင်တာကို ဖြတ်ပြီးတာနှင့် ကျွန်တော်ထိုင်းကို ထွက်ခွာမည့် လေယာဉ်ဂိတ်နံပါတ်ကို ရှာဖွေမိသည်။ ဆယ်နှစ်တာ စုဆောင်းခဲ့သည်မို့ ကျွန်တော့်လက်ထဲမှာ ပစ္စည်းတွေက ပရပွ...။ လက်ထဲက ပတ်စ်ပို့ကို ကိုင်ရင်း၊ Boarding Pass ကိုကြည့်ရင်း အထုတ်ကို ဆွဲရင်း... တွန်းလှည်းတစ်ခုကို လိုက်ရှာမိသည်..။ အရေးထဲ.. ဂိတ်နံပါတ်ကို မမှတ်မိနိုင်ပဲ ခဏခဏ Boarding Pass ကိုပြန်ကြည့်နေရတာမို့ ကိုယ့်ကိုယ်ကို စိတ်ညစ်မိသည်..။

`၀ုန်း...`

လက်တွန်းလှည်းကို ရဖို့ လမ်းအချိုးတစ်ခုကို အကွေ့.. တစုံတရာနှင့် တိုက်မိသွားခဲ့သည်..။ ကျွန်တော့်လက်ထဲက အထုတ်တွေ လွှတ်ကျသွားသလို တစ်ဖက်က အထုတ်တွေလည်း လွှတ်ကျသွားပုံရသည်။

`Oh,, I'm so sorry,,, `

တောင်းပန်စကားဆိုရင်း အထုတ်တွေ ကောက်ပေးလိုက်မိသည်။
ပြီးတော့ မော့ကြည့်လိုက်မိတော့....

`ဘုရားရေ.... `

သူမကို တအံ့တသြငေးကြည့်နေသလို သူမကလည်း ကျွန်တော့်ကို စူးစိုက်ငေးမောနေလေသည်...။

အဲဒီနေ့က သူမရော၊ ကျွန်တော်ပါ လေယာဉ်တစ်စီးတည်း စီးဖြစ်ခဲ့သည်..။ ယူကေမှာ ဘွဲ့လွန်ဆက်တက်ခဲ့တဲ့ သူမနှင့် တစ်နိုင်ငံတည်းနေခဲ့ရလိမ့်မယ်မှန်း ကျွန်တော်ယောင်လို့တောင် မတွေးမိခဲ့ပါ..။ လေယာဉ်ပေါ်မှာ သူမ ကျွန်တော့်ကို စကားသိပ်မပြောခဲ့ပါ..။ ဒါပေမယ့်... သူမပြောခဲ့တဲ့ တစ်ခွန်းတည်းသော စကားလုံးအောက်မှာ ကျွန်တော်ငြိမ်သက်သွားခဲ့သည်..။

`အမြင်တစ်ခုနဲ့ ကောက်ချက်ချဆုံးဖြတ်တတ်တဲ့.. ယောက်ျားမျိုးကို ကျွန်မ မလေးစားဘူး.. ကိုသီဟ`

ရန်ကုန်လေဆိပ်ကအထွက်မှာ... သူမ ကျွန်တော့်လက်ထဲကို စာအုပ်လေးတစ်အုပ် ထည့်ပေးလိုက်သည်။ ကျွန်တော့်ရဲ့ ဒိုင်ယာရီစာအုပ်လေး...။ သစ်လွင်နေဆဲ စာအုပ်လေးရဲ့ နောက်ကျောမှာ ညီညီညာညာလေး ရေးထားသည့် သူမလက်ရေး....

`အဲဒီနေ့က ရန်ကုန်အလည်လာတဲ့ အစ်ကိုဝမ်းကွဲနဲ့... စာမေးပွဲမဖြေခင် စိတ်အေးချမ်းအောင် ဘုရားသွားမိတာ... အပြစ်များဖြစ်သွားလားကွယ်... `

အဲဒီနေ့ညက ကျွန်တော်သူမ အိမ်ရှေ့မှာ သွားထိုင်မိသည်..။ မတီးတာကြာခဲ့သည့် ဂစ်တာလေးကို တီးရင်း.. သီချင်းလေးကို ဆိုရင်း.. သူမမျက်နှာလေးကို စောင့်စားနေမိသည်...။

အဲဒီနေ့ညက လမင်းကလည်း ထိန်ထိန်ကိုသာလို့...။

လရောင်အောက်မှာ.... `ငါမှားတာရှိရင် တောင်းပန်ပါတယ်..... ` ဆိုတဲ့ အောင်လသီချင်းကို ခပ်တိုးတိုးလေး ညည်းလို့ပေါ့...။

(၆)

ကျွန်တော် နေမထိထိုင်မသာ ဖြစ်နေမိသည်...။ အခန်းရှေ့မှာ လူးလာခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေရင်း ပါးစပ်မှ တတွတ်တွတ် ဆုတောင်းနေမိသည်...။

`ကိုသန့်သီဟ.... သတင်းကောင်းလေးပါရှင်...။ ဂုဏ်ယူပါတယ်... အခုတော့ သားအဖေဖြစ်ပြီပေါ့..။ တအောင့်နေရင် အခန်းထဲဝင်ကြည့်နိုင်ပါတယ်.. `

နပ်စ်မလေးရဲ့ စကားသံအဆုံးမှာ ကျွန်တော်ပျော်လွန်းလို့ ထခုန်လိုက်မိသည်...။ ကျွန်တော့်သွေး၊ ကျွန်တော့်သား..၊ ကျွန်တော့်မျိုးဆက်.....။ ၀တ်ရုံကို ၀တ်ပြီး မွေးခန်းထဲသို့ ကျွန်တော်ဝင်သွားလိုက်မိသည်။ မြတ်ပန်းရဲ့ မျက်နှာလေးက ဖျော့တော့လို့.. နွမ်းချိနေသည်..။ ချစ်သူလက်ကို တင်းတင်းဆုပ်ကိုင်ထားရင်း အားပေးနှစ်သိမ့်မိသည်..။ ကျွန်တော့်မျက်နှာကို ကြည့်ပြီး နွမ်းလျလျ အပြုံးတစ်ချက်ကို ပြုံးပြနေတဲ့ ချစ်သူရဲ့ နဖူးပြင်လေးကို ခပ်ဖွဖွ နမ်းလိုက်မိသည်..။

ပြီးတော့.. ဘေးနားမှာ နီတာရဲလေး...။ မျက်လုံးအစုံကို တင်းတင်းပိတ်ထားလို့... အိပ်ပျော်နေတဲ့ နီတာရဲလေး..။ အနှီးထုပ်ထဲမှာ... ချစ်ဖို့သိပ်ကောင်းတဲ့ ကျွန်တော့်သားလေး..။

ခပ်ဖွဖွလေးပဲ သားလေးကို ချီလိုက်မိသည်..။ မထိရက်မတို့ရက်စရာ သားလေးကို တစိမ့်စိမ့်ကြည့်ရင်း မေတ္တာတွေ တစိမ့်စိမ့်တိုးနေမိသည်..။ ပြီးတော့ ကျွန်တော့်မျက်လုံးအစုံက နံရံပေါ်က ပြက္ခဒိန်ဆီသို့...။ သြော်.. ဒီနေ့ လပြည့်နေ့ဖြစ်နေပါလား.... ။

ကျွန်တော် အခန်းအပြင်သို့ ပြေးထွက်ခဲ့မိသည်..။ ၀ရန်တာပေါ်မှနေရင်း ကောင်းကင်ပြင်သို့ မော့ကြည့်လိုက်မိသည်။ ထိန်ထိန်သာနေတဲ့ လမင်းကြီးကို ကြည့်ရင်း ကျွန်တော်ထအော်လိုက်မိသည်....

`လမင်းကြီးရေ... ခင်ဗျားကို ကျွန်တော်အရမ်းချစ်သွားပြီဗျာ...... `

နိဂုံး

သုညအောက်ရောက်နေသည့် အအေးဒဏ်ကို ခံနိုင်ဖို့ အပူပေးစက်ကို အရှိန်ထပ်မြှင့်လိုက်သည်..။ တပွက်ပွက် ဆူနေသည့် ရေနွေးအိုးကို ခလုတ်ပိတ်ရင်း ကော်ဖီနှစ်ခွက်ဖျော်လိုက်မိသည်...။ စားပွဲပေါ်မှာ ကော်ဖီနှစ်ခွက် တင်ထားလိုက်ပြီး မှန်တံခါးမှ ကန့်လန့်ကာကို ဆွဲအပိတ်... အလင်းရောင်တွေ ဖြာထွက်နေသည့် အပြင်ဘက်မြင်ကွင်းကို သတိပြုလိုက်မိသည်။

သြော်.. လသာနေပါလား....။

ချစ်သူက အိပ်ပျော်နေသည့် သားလေးကို တိတ်တိတ်ကလေး ထားခဲ့ကာ အခန်းထဲမှ ထွက်လာခဲ့သည်...။

မှန်ပြူတင်းလေးမှတဆင့် လသာသော ညလေးကို ချစ်သူနှစ်ယောက် ငေးကြည့်နေမိသည်..။ ကော်ဖီခွက်လေး တစ်ခွက်စီနှင့်ပေါ့...။

လမင်းကိုငေးကြည့်ရင်း... ကျွန်တော်ဘယ်တော့မှ လသာညတွေကို မုန်းတီးတော့မည်မဟုတ်ဟု... တီးတိုး ရွတ်ဆိုလိုက်မိပါသည်။



ခင်မင်လျက်
နေ၀သန်

ဂြိုဟ်၊ နက္ခတ်နှင့် ယုံကြည်မှု ခြင်းရာများ

$
0
0
ကောင်းကင်ပြင်သည် လူတို့၏ စိတ်ကို ဖမ်းစားနိုင်ဆုံးသော အရာပင်ဖြစ်သည်။ ထွန်းလင်းနေသည့် လမင်းကြီးကို ဖြစ်စေ၊ တမှိတ်မှိတ် လင်းလက်နေသည့် ကြယ်ပွင့်ကလေးများကို ဖြစ်စေ ငေးကြည့်နေရင်း မိမိတို့၏ စိတ်ကူးကို တဆုံးချဲ့နေမိတတ်ကြသည်။ `ဟို နားလေးက ခုနှစ်စင်ကြယ်ပဲ... ၊ ဟင်.. ဒီကြယ်လေးတွေက ခွန်ဆန်လောနဲ့ နန်းဦးပြင်ပဲ` စသဖြင့် လိုက်လံငေးမောရင်း ရင်ထဲမှာ လွမ်းဆွေးမှုတွေ တသသဖြစ်လာခဲ့ကြသည်။


`ကျွန်ုပ်တို့ နေအဖွဲ့အစည်းတွင် ဂြိုဟ်ကြီး ကိုးလုံးက နေကို လှည့်ပတ်လျက်ရှိသည်။ ထိုကဲ့သို့ နေအဖွဲ့အစည်း များစွာ ရှိနေကြသည်`

သိပ္ပံပညာကြောင့် ဒီအကြောင်းတွေကို ဘယ်လိုပဲ သိထားသိထား၊ ဖြုတ်ကနဲ ကြွေသွားသည့် ကြယ်လေးတွေကို မြင်လျှင် အမြန်ဆုတောင်းတတ်ကြတာ လူပင်ဖြစ်သည်..။ `သြော်.. ကြယ်ကလေး တစ်ပွင့်တော့ ကြွေပြန်ပါပေါ့လား...` ဟုတွေးမိရင်း ၀မ်းနည်းမိတတ်တာလည်း လူပင်ဖြစ်သည်။ သိပ္ပံပညာ ဘယ်လောက်ထွန်းကားနေပါစေ ကြယ်တာရာ၊ နက္ခတ်ပညာ၊ ဗေဒင်ကျမ်းတို့သည် ကမ္ဘာပေါ်ရှိ လူမျိုးမရွေး၊ ဘာသာမရွေးအပေါ် လွှမ်းမိုးနေဆဲပင်ဖြစ်သည်။ ဘယ်နိုင်ငံထုတ် မဂ္ဂဇင်းဖြစ်စေ ပါနေတတ်သည်က ရာသီခွင် ဟောစာတမ်းပင်ဖြစ်သည်။

မိဿ၊ ပြိဿ၊ မေထုန်၊ ကရကဋ်၊ သိဟ်၊ ကန်၊ တူ၊ ဗြိစ္ဆာ၊ ဓနု၊ မကာရ၊ ကုံ၊ မိန် စသည့် ရာသီခွင်တို့ကို ဘယ်နိုင်ငံသားမဆို ရင်းနှီးကျွမ်းဝင်တတ်သလို ခုနှစ်ရက် တစ်ပတ် သတ်မှတ်ထားသည့် တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ၊ စနေ စသည့် ဂြိုဟ်တို့သည် လူတစ်ဦးတစ်ယောက်၏ အရည်အချင်း၊ စိတ်နေသဘောထား၊ ကံကြမ္မာတို့ကို ဖန်တီးပေးတတ်သည်ဟုလည်း ယုံကြည်တတ်ကြပြန်သည်။ ဒါ့အပြင် ဘင်္ဂ၊ မရဏ၊ အထွန်း၊ သိုက်၊ ရာဇ၊ ပုတိ၊ အဓိပတိ စသည့် `အိမ်` များပေါ်အခြေခံတွက်သည့် မြန်မာအခေါ် မဟာဘုတ်တို့ကိုလည်း လူတို့သည် ယုံကြည်ကိုးစားတတ်ကြပြန်သည်။

ခေတ်လူငယ်တို့အနေဖြင့် `ဟာ.. ဒါတွေ မယုံပါဘူး` ဟုဆိုနိုင်သည်။ ယုံသည် မယုံသည်မှာ မိမိစိတ်ပေါ်မှာ မူတည်ပြီး ဆုံးဖြတ်ချက်ချရမည်ဖြစ်သည်။ သို့ပေမယ့် `ဘာ့ကြောင့် မယုံရသလဲ` ဆိုတာကိုတော့ လေ့လာတတ်ဖို့ လိုသည်ဟု ကျွန်တော်ထင်သည်။ ဤသည်ကိုပင် ရှုထောင့်တစ်မျိုးမှ လှည့်ပတ်ကြည့်ရှုခြင်းပင်ဖြစ်သည်။ ဗဟုသုတဟူသည် ရှာဖွေကောင်းပါသည်။ လက်တစ်ချောင်းကို တစ်ဖက်စီမှ ကြည့်ပြီး လက်ဖ၀ါးပါ၊ လက်ဖမိုးပါဟု ငြင်းခုန်နေမည့်အစား နှစ်ဖက်လုံး လှည့်တွေးကြည့်ဖို့ လိုပါသည်။

တကယ်တော့ ဒီအကြောင်းတွေဟာ ကျွန်တော်နှင့် ဆက်စပ်မှုမရှိပါ။ ဒါပေမယ့် မြန်မာတို့၏ အတွင်း ၃၇၊ အပြင် ၃၇ မင်းနတ်ကို လေ့လာနေသည့် နိုင်ငံခြားသားပါရဂူကျောင်းသူက သိလိုတာတွေကို အပတ်စဉ် မေးမြန်းလေ့ရှိတာမို့ လက်လှမ်းမှီရာ စာအုပ်တွေ လိုက်ဖတ်မိရင်း စိတ်ဝင်စားလာခြင်းဖြစ်သည်။ မြန်မာနတ်တွေကို ဖတ်ရင်းက ကမ္ဘာ့နတ်တွေနှင့်ပါ ရင်းနှီးလာကာ ဂြိုဟ်ခွင်တို့နှင့် နတ်တို့ဆက်စပ်မှု ဇာတ်လမ်း၊ ဒဏ္ဍာရီတို့မှာ စိတ်ဝင်စားဖွယ် ကောင်းလှသည်။ သိပ္ပံအဆိုတွေကို လူတွေနားယဉ်ပြီး ဖြစ်တာကြောင့် ဤစာတွင် ၀ိဇ္ဇာရှုထောင့်မှသာ တင်ပြသွားမည်ဖြစ်သည်။

ဂရိပုံပြင်များ

နက္ခတ်တို့တွင် ဂရိတို့၏ လွှမ်းမိုးမှုများမှာ အတော်ပင်ကြီးမားသည်။ ရှေးခေတ် ဂရိတို့သည် ဇုနတ်မင်းကြီး၊ မိဖုရား ဟီရာ၊ သမီးတော် အာသီနာနှင့်တကွ ခြွေရံသင်းပင်း နတ်တို့မှာ ဂရိနိုင်ငံ သက်ဆလီနယ်နှင့် မက်ဆီဒုန်းနီးယားပြည်ကြားရှိ ပေပေါင်း ၁၀၀၀၀ နီးနီးမြင့်သည့် အိုလံပပ်တောင်တွင် မွေ့လျော်ပျော်ပိုက် နေထိုင်ကြသည်ဟု ယုံကြည်ပြောဆိုကြသည်။ ဂရိနတ်တို့ ပေါ်ထွန်းမှုကို ဘီစီ ၁၀၀၀ ခန့်ကဟု သမိုင်းပညာရှင်တို့က ဆိုကြသည်။ ထို ဂရိနတ်တို့သည် တနင်္ဂနွေစသော ဂြိုဟ်တစ်ခုခုကို ကိုယ်စားပြုတာကြောင့် စိတ်ဝင်စားဖွယ် ကောင်းလှသည်။

တနင်္ဂနွေဂြိုဟ်

တနင်္ဂနွေဂြိုဟ်သည် နေပင်ဖြစ်သည်။ ရှေးဂရိပုံပြင်တွင် ပါသည့် ဟီလီယိုးအမည်ရှိ နေနတ်သားကို ကိုယ်စားပြုသည်။ ကျောက်မျက်ရတနာပေါင်းများစွာဖြင့် စီချယ်ထားသည့် နေနန်းဗိမာန်သည် ၀င်းထိန်နေပြီး ထိုဝန်းကျင်တွင် အမှောင်ဖုံးလွှမ်းသည့် ညဟူသည် မရှိချေ။

နေရထားကို မောင်းနှင်ရသော နေနတ်သားမှာ မောက်မာဝင့်ကြွား မာနကြီးသူဖြစ်သည်။ အကြောင်းမှာ သူမောင်းနှင်နေရသည့် နေရထားကို ဘီးရွေ့အောင်ပင် မည်သည့် နတ်သားမျှ မမောင်းနိုင်တာကြောင့် ဖြစ်သည်။ နတ်များဘုရင်ပင်လျှင် နေရထားကို မမောင်းနိုင်ပေ။ နေရထားကို စတင်မောင်းနှင် ထွက်ခွာချိန်တွင် အလွန်မတ်စောက်သော လမ်းကို ခွန်အားကြီးမားသည့် မြင်းက ပင်ပန်းခဲယဉ်းစွာ ဆွဲငင်ရသည်။ မွန်းတည့်ချိန်တွင် နေရထားသည် အမြင့်ဆုံး ကောင်းကင်ယံတွင် ရောက်ရှိနေပြီး နေနတ်သားကိုယ်တိုင်ပင် ငုံ့မကြည့်ဝံအောင် ဖြစ်ရသည်။

အတက်ခက်သလို အဆင်းလည်း မလွယ်ပါ။ မြင့်မားမတ်စောက်နေသည့် လမ်းကို သက်စွန့်ဆံဖျား ဆင်းရသည့်အတွက် ကြောက်ခမန်းလိလိ ဖြစ်သောကြောင့် နေရထားအဆင်း၊ အတက်ကို သည်းထိတ်ရင်ဖို နေ့စဉ်စောင့်ကြည့်နေကြသည့် ပင်လယ်စောင့်နတ်သား၊ နတ်သမီးများမှာ နေရထားကြီး ပင်လယ်တွင်းသို့ ကျွမ်းထိုးမှောက်ခုံကျလာမည်လားဟု စိုးရိမ်စိတ်ဖြင့် ပင်ပန်းဆင်းရဲ ဖြစ်ကြရသည်။ ဤသို့ ပင်ပန်းခက်ခဲသော အလုပ်ကို နေ့စဉ်မပျက်လုပ်နေရသူမှာ တနင်္ဂနွေဂြိုဟ်ခေါ် နေနတ်သားပင်ဖြစ်သည်။

တနင်္လာဂြိုဟ်

တနင်္လာဂြိုဟ်သည် လပင်ဖြစ်သည်။ ရှေးဂရိပုံပြင်များတွင် တနင်္လာဂြိုဟ်ကို လနတ်သမီး စီလင်နှင့် ကိုယ်စားပြုသည်။ လနတ်သမီး၏ စိတ်နေသဘောထားနှင့် သူ၏ မေတ္တာဇာတ်လမ်းကို အင်ဒီမီယွန် အမည်ရှိ ကဗျာထဲတွင် တွေ့ရသည်။

အင်ဒီမီယွန်သည် သိုးကျောင်းသားလေး၏ အမည်ဖြစ်သည်။ တစ်နေ့ အင်ဒီမီယွန်သည် သိုးကျောင်းရင်း သစ်ရိပ်တစ်ခုအောက်တွင် အနားယူရင်း အိပ်ပျော်သွားသည်။ ထိုအခါ လနတ်သမီးက ဗိမာန်ထက်မှ ဆင်းသက်လာပြီး သိုးကျောင်းသားလေး၏ ပါးပြင်ကို နမ်းရှိုက်မွှေးကြူရာမှ သိုးကျောင်းသားလေးမှာ မနိုးသော အိပ်ခြင်းဖြင့် အိပ်ပျော်သွားလေသည်။ လနတ်သမီးလေးက မနိုးသော အိပ်ခြင်းဖြင့် အိပ်ပျော်သွားသည့် သိုးကျောင်းသားလေးအား ချစ်ရည်ရွှန်းသော မျက်ဝန်းဖြင့် စိန်းစိန်းကြည့်လိုက်၊ အားပါးတရ ပွေ့ပိုက်နမ်းကြူလိုက်နှင့်သာ အချိန်နှင့် အမျှ ရှိနေတော့သည်။

အချစ်ကို မြိုသိပ်မထားနိုင်သောကြောင့် မဆင်ခြင် မစဉ်းစားပဲ ပြစ်မှားမိသည့်အတွက်ကြောင့် သိုးကျောင်းသားလေး အသက်ဆုံးရှုံးရသည်ကို ယူကျုံးမရဖြစ်ပြီး စိတ်မကောင်းကြီးစွာ ဖြစ်နေရတော့သည်။

အင်္ဂါဂြိုဟ်

အင်္ဂါဂြိုဟ်သည် မားစ်ဂြိုဟ်ပင်ဖြစ်သည်။ ရှေးဂရိပုံပြင်များတွင် အာရိအမည်ရှိ စစ်နတ်သားအဖြစ် တွေ့ရသည်။ အာရိသည် နတ်မင်းကြီး ဇုနှင့် ကြင်ရာတော် ဟီရာတို့၏ သားဖြစ်သည်။ သို့သော် ဟိုးမား၏ အီလီယက်ကဗျာအရ ဇုတို့လင်မယားသည် အာရိကို မုန်းတီးသည်။

ရောမတို့သည် အင်္ဂါဂြိုဟ် အာရိကို အလွန်ကြီးကျယ် ခံ့ညားသည့် စစ်သည်တော်အဖြစ် မြင်ကြပြီး ကြည်ညိုလေးစား အားထားကိုးကွယ်ကြသည်။ ဂရိတို့ ထရွိုင်မြို့ကို တိုက်ခိုက်သောအခါ အာရိသည် ထရွိုင်မြို့သားများဘက်မှ တိုက်ခိုက်ပေးသည်။ အာရိတွင် တပည့်ခြွေရံ များစွာရှိသည်။ ထိုအထဲတွင် ကြောက်ရွံ့ခြင်းကို ဖြစ်စေတတ်သည့် ဘယန္တနတ်သမီးလည်း ပါဝင်သည်။

အာရိနှင့် ဟိုမိုနီခေါ် ငြိမ်းချမ်းရေး နတ်သမီးတို့မှ ပေါက်ဖွားလာသော အမေဇုန်အမည်ရှိ သမီးပျိုများသည် စစ်ရေးစစ်ရာတွင် လွန်စွာ ကျွမ်းကျင်သော စစ်သည်မေများဖြစ်သည်။

ဗုဒ္ဓဟူးဂြိုဟ်

ဗုဒ္ဓဟူးဂြိုဟ်သည် မာကျူရီပင်ဖြစ်သည်။ ရှေးဂရိပုံပြင်ထဲတွင် ဗုဒ္ဓဟူးဂြိုဟ်သည် မာကျူရီ သို့မဟုတ် ဟာမီး အမည်ရှိ မီးနတ်သားဖြစ်သည်။ မာကျူရီ၏ အရည်အချင်းမှာ လျင်မြန်ခြင်းပင်ဖြစ်သည်။ မာကျူရီစီးသော ဖိနပ်နှင့် ဆောင်းသော ဦးထုပ်မှာ အတောင်ပံများပါရှိသည်။

မာကျူရီကိုင်ဆောင်သော လက်စွဲ ဆေးတောင်ဝှေးကို မြွေတစ်ကောင်က ရစ်ပတ်လျက်ရှိပြီး ယနေ့ကမ္ဘာသုံး အနောက်တိုင်းဆေးပညာလောကတွင် အထိမ်းအမှတ်တစ်ခုအဖြစ် ယနေ့တိုင် သုံးစွဲလျက်ရှိသည်။ နတ်များထဲတွင် မာကျူရီသည် အလျင်မြန်ဆုံး၊ အကောက်ကျစ်ဆုံးနှင့် ဖြတ်ထိုးဥာဏ် အကောင်းဆုံးဖြစ်သည်။ သူသည် ဇုနတ်မင်းကြီး၏ သားတော်တစ်ပါးဖြစ်သည်။ အရောင်းအ၀ယ်လုပ်ငန်းကို စောင့်ရှောက်သော နတ်သားလည်း ဖြစ်သည်။ သေသောသူများ၏ ၀ိညာဉ်များကို သက်ဆိုင်ရာ အရပ်ဒေသများသို့ သယ်ဆောင်ပေးသူလည်း ဖြစ်သည်။

ကြာသပတေးဂြိုဟ်

ဂျူပီတာဂြိုဟ်ပင်ဖြစ်သည်။ ဂရိပုံပြင်တွင် ကြာသပတေးဂြိုဟ်ကို အိုလံပပ်တောင်ပေါ်ရှိ နတ်များ၏ ဘုရာ ဇု ကို ကိုယ်စားပြုသည်။ ဇုနတ်မင်းကြီးကို အဖေ ကရိုနပ်၊ အမေ ရိအာတို့မှ ဖွားမြင်သည်။

ဇုနတ်မင်းကြီးကို မမွေးမီကာလက မိခင်ဖြစ်သူ ရိအာသည် သားသမီးများစွာ မွေးခဲ့ဖူးသည်။ သို့သော် မွေးလာသမျှတို့ကို ကရိုနပ်က ကိုက်စားဝါးမြိုသောကြောင့် အဖတ်မတင်ခဲ့။ ဇုကို မွေးသောအခါ မိခင်က ပုန်းအောင်းမွေးဖွားရပြီး ဇုကို အရွယ်ရောက်သည့် တိုင်အောင် ၀ှက်ထားရသည်။ ဇုသည် ဖခင်ကို အန်တုဖက်ပြိုင်နိုင်သည့် အရွယ်သို့ရောက်သောအခါ ၀ါးမြိုထားသော နောင်တော်တို့ကို အန်ထုတ်ပေးရန် တောင်းဆိုသောကြောင့် ခမည်းတော်က အန်ထုတ်ပေးရသည်။ ဇုသည် နောင်တော်တို့နှင့် ပေါင်း၍ ခမည်းတော်ကို နန်းမှချပြီးလျှင် လူ့လောကနှင့် နတ်လောကကို စိုးမိုးအုပ်ချုပ်လေသည်။

သောကြာဂြိုဟ်

ဗီးနပ်စ်ဖြစ်သည်။ ဂရိပုံပြင်ထဲတွင် ဗီးနပ်စ်သည် နတ်သမီးဖြစ်သည်။ ဇုနတ်မင်းကြီးနှင့် ပင်လယ်လှိုင်းတံပိုးမှ မွေးဖွားသော သမီးဖြစ်သည်။ သူသည် အလွန်လှပသူဖြစ်သောကြောင့် အလှနတ်သမီးဟု ခေါ်ကြသည်။ ထို့ပြင် အချစ်နတ်သမီး၊ အိမ်ထောင်ရေးဆိုင်ရာ နတ်သမီးအဖြစ်လည်း ကျော်စောထင်ရှားသည်။

ဗီးနပ်စ်မှာ အလှမာန်ယစ်သူဖြစ်သောကြောင့် ထိုအလှမာန်ကို ချိုးနှိမ်ရန် ဖခင်ဖြစ်သူ ဇုနတ်မင်းကြီးက ခြေမသန်သူ ဟိဖက်စတပ်နှင့် ပေးစားသည်။ သို့သော် ဗီးနပ်စ်မှာ ချစ်သူရည်းစားများထဲမှ အေးရီးကို ရွေးချယ်လက်ထပ်လျက် ဖခင်အစီအစဉ်ကို ငြင်းပယ်ခဲ့သည်။

မြန်မာတို့က မြားနတ်မောင်ဟု ခေါ်သော ကျူပစ် ခေါ် ဖူးစာရေးနတ်သည် အေးရီးနှင့် ဗီးနပ်စ်တို့၏ သားဖြစ်သည်။ ပခုံးတွင် အတောင်နှစ်ဖက်ပေါက်လျက် အချစ်မြားကို လွှတ်ရန် လေးကိုချိန်ရွယ်နေသည့် ကျူးပစ်သည် မြန်မာတို့နှင့် ရင်းနှီးကျွမ်းဝင်မှု ရှိသည်။

စနေဂြိုဟ်

စေတန်ဂြိုဟ်ပင်ဖြစ်သည်။ ဂရိရှေးဟောင်းပုံပြင်များအရ ကမ္ဘာဦးအစတွင် ကမ္ဘာကြီးနှင့် ကောင်းကင်သာ ရှိသည်။ ကမ္ဘာသည် အမ၊ ကောင်းကင်မှာ အဖိုဖြစ်ပြီး သူတို့နှစ်ဦးမှ ပေါက်ဖွားလာသော သားသမီးများကို တိုက်တန်များဟု ခေါ်သည်။ တိုက်တန်များသည် လူပုံသဏ္ဍန်ရှိသော်လည်း အလွန်ကြီးမားသောကြောင့် နတ်ကြီးများ (Elder Gods) ဟု ခေါ်သည်။ တိုက်တန်မှ ပေါက်ဖွားလာသူများကား နတ်များ (Gods) ဖြစ်သည်။

တိုက်တန်များအနက် အရေးပါသူမှာ ကရိုနပ် ခေါ် စနေဂြိုဟ်ပင်ဖြစ်သည်။ ကရိုနပ်သည် တခြားသော တိုက်တန်များကို အုပ်စိုးသည်။ ကရိုနပ်သည် သူ့ဇနီးမှ မွေးသော ရင်သွေးများကို မွေးပြီးတိုင်း မြိုချခဲ့သူဖြစ်သည်။ နောက်ဆုံး သူ့ဇနီးက သူ့ယောကျာ်းမသိအောင် ဂူတစ်ခုတွင် ပုန်းအောင်းမွေးဖွားခဲ့သည်။ နောင်သောအခါ ထိုကလေးသည် ဇုနတ်ကြီး ဖြစ်လာခဲ့သည်။ ဇုသည် သူ့ဖခင်အား သောက်စရာအရည်တစ်ခု ပေးလိုက်ရာ သူမြိုချခဲ့သော ကလေးငါးယောက်ဖြစ်သည့် ဟတ်စတီယာ၊ ဒီးမီးကီး၊ ဟိရာ၊ ပလူတိုနှင့် နက်ပ်ကျွန်းတို့ကို ပြန်လည်အန်ထုတ်လိုက်လေသည်။

ဇုနတ်ကြီးသည် ထိုအခါမှစ၍ နတ်များဘုရင်ဖြစ်လာသည်။ ဘုရင်အရာမှ ကျသော ကရိုနပ်သည် အီတလီနိုင်ငံသို့ ထွက်ခွာသွားပြီး သာယာဝပြောသော နယ်ပယ်သစ်နိုင်ငံသစ် ထူထောင်အုပ်ချုပ်လေသည်။ ကရိုနပ်သည် လယ်ယာစိုက်ပျိုးရေးကို စောင့်ရှောက်သော နတ်မင်းကြီးဖြစ်သောကြောင့် သိပ္ပံပညာ တစ်ဟုန်ထိုးတိုးတက်သော ယနေ့ခေတ်တွင်ပင် အီတလီနိုင်ငံအနှံ့ စနေဂြိုဟ်ပူဇော်ပွဲများ ဆောင်းရာသီတွင် ပြုလုပ်ကြလေသည်။

ကမ္ဘာဂြိုဟ်

ဂရိစကားလုံးမပါသော ဂြိုဟ်သည် ကမ္ဘာပင်ဖြစ်သည်။ ဂရိပုံပြင်များတွင် ကမ္ဘာကို အမိကမ္ဘာ (Mother Earth) ဟုခေါ်သည်။ Gaia ဟုလည်း ခေါ်သည်။ ကမ္ဘာသည် အမေဖြစ်၍ ကောင်းကင်သည် အဖေဖြစ်သည်။ ထိုကောင်းကင်သည် ယူရေးနပ်စ်ပင်ဖြစ်သည်။ သားသမီးများမှာ တိုက်တန်များ ဖြစ်သည်။ မြေးများမှာ နတ်များဖြစ်သည်။

ယူရေးနပ်စ်ဂြိုဟ်

ယူရေးနပ်စ်သည် ကောင်းကင်နတ်မင်းကြီးဖြစ်ပြီး ကမ္ဘာမြေ၏ ခင်ပွန်းဖြစ်သည်။ ကရိုနပ်ခေါ် စနေဂြိုဟ်၏ ဖခင်လည်း ဖြစ်သည်။ ဂရိပုံပြင်တို့တွင် အစကနဦးကတည်းက ရှိသော နတ်ဖြစ်သည်။ သူနှင့် ကမ္ဘာမှ ပေါက်ဖွားလာသော တိုက်တန်တို့ရှိသည်။ အဲဒီနောက် နတ်များပေါက်ဖွားလာကြသည်။

ပလူတိုနှင့် နက်ပ်ကျွန်း

ကရိုနပ်၏ သားတော်များဖြစ်သည်။ ဇုနတ်မင်းကြီး၏ နောင်တော်များဖြစ်သည်။ ဂရိဘာသာစကားတွင် နက်ပ်ကျွန်းသည် ပိုစီဒွန် (Poseidon) ဟုတွင်ပြီး ပင်လယ်နတ်သားဖြစ်သည်။ ပလူတိုသည် ဂရိအမည်အားဖြင့် ဟေးဒီးစ် (Hades) မည်သည်။ မြေအောက်နတ်သား (God of Underworld) ပင်ဖြစ်သည်။

ရာဟုဂြိုဟ်

ရာဟုသည် နေအဖွဲ့အစည်းတွင် ပါဝင်သည့် ဂြိုဟ်မဟုတ်။ သို့သော် ဗေဒင်အရ အရေးပါသော ဂြိုဟ်တစ်ခု ပင်ဖြစ်သည်။ သိပ္ပံနည်းကျပြောရသော် ရာဟုဂြိုဟ်သည် ကမ္ဘာ၏ အရိပ်ပင်ဖြစ်သည်။ ကမ္ဘာသည် နေနှင့် တခြားဂြိုဟ်တစ်ခုခုကြား ရောက်သောအခါ ထိုဂြိုဟ်ပေါ်သို့ ကမ္ဘာ၏ အရိပ်သည် ကျရောက်တတ်သည်။ ထိုအရိပ်ကိုပင် ရာဟုဂြိုဟ်ဟု ခေါ်လိုက်ခြင်းဖြစ်သည်။

ဤတွင် ရာဟုနှင့်ပတ်သက်၍ ဗြဟ္မဏအယူအရ အဆိုတစ်ခုရှိပေသည်။ တခါက နတ်တို့သည် မအို၊ မနာ၊ မသေပဲ အမြဲတည်နေပြီး နုပျိုကျန်းမာစေသော အမတအမြိုက်ရေကို ရရန်ကြိုးစားသော်လည်း မအောင်မြင်သောကြောင့် အသူရာတို့ကို အကူအညီတောင်းလေသည်။ ထိုအမြိုက်ရေမှာ သမုဒ္ဒရာကို မွှေနှောက်နိုင်မှ ရမှာမို့ နတ်နှင့် အသူရာတို့ပေါင်းကာ ရှာဖွေသဖြင့် နောက်ဆုံးတွင် အမတအမြိုက်ရေကို ရရှိခဲ့လေသည်။ အမြိုက်ရေကို ရရှိလျှင် နှစ်ဖက်တူညီစွာ ခွဲဝေယူရန် ကတိစကားရှိသော်လည်း အသူရာတို့က အကောက်ကြံကာ လုယူအပိုင်စီးသွားလေသည်။

ထိုအခါ ဗိဿနိုးနတ်မင်းကြီးကို အကူအညီတောင်းကြရာ နတ်မင်းကြီးမှ အသူရာတို့ကို မပေးပဲ နတ်တို့အား လွှဲပေးလိုက်လေသည်။ ထိုသို့ပေးသည်ကို မြင်ရသော ရာဟု အမည်ရှိ အသူရာသည် နတ်ယောင်ဖန်ဆင်းလျက် အမြိုက်ရေကို ဝေစုအဖြစ်လက်ခံကာ သုံးဆောင်လေသည်။ ဤသည်ကို နေနတ်သားနှင့် လနတ်သားတို့က ရိပ်မိပြီး ဗိဿနိုးနတ်မင်းကြီးအား တိုင်တန်းရာ နတ်မင်းကြီးမှ အသူရာ၏ ခေါင်းကို ဖြတ်လိုက်လေသည်။ အသူရာသည် အမတအမြိုက်ရေ သောက်သုံးခိုက် ခေါင်းဖြတ်ခံရသောကြောင့် ခေါင်းပိုင်းသည် အမတအမြိုက်ရေ အရသာကို ခံစားရလေသည်။ ထိုအခါမှစ၍ ရာဟုအသူရာသည် နေနတ်သားနှင့် လနတ်သားတို့ကို ရန်သူအဖြစ် သဘောထားကာ အမြဲတမ်း ကိုက်စားဝါးမြိုရန် အားထုတ်နေတော့သည်။ တခါတရံ နေနှင့် လတို့သည် ရာဟု၏ ဖမ်းစားဝါးမြိုခြင်းကို ခံရလေသည်။ ထိုအခါမျိုးမှာ မြန်မာတို့က လကို ရာဟုဖမ်းစားသည် ဟူ၍လည်းကောင်း၊ လငပုပ်ဖမ်းသည် ဟူ၍ လည်းကောင်း ဆိုကြလေသည်။

သို့ဆိုလျှင် အဆိုပါ ဂြိုဟ်ရှစ်ဂြိုဟ် (တနင်္ဂနွေမှ ရာဟု) တို့သည် ဗေဒင်ပညာတွင် အရေးပါလှပေသည်။ ခုနှစ်ရက်သားသမီးများ မိတ်ဖက်များ သိစေရန်အတွက်လည်း `အောင်ပ၊ ကုလား၊ ဆွေသား၊ တော်ရင်း၊ မိတ်ဖက်ချင်း` ဟု ရှေးပညာရှိတို့၏ လင်္ကာလည်း ရှိပေသည်။ မိတ်ဖက်တို့မှာ အောင်+ပ (၁ နွေ နှင့် ၅ တေး)၊ ကု + လား (၂ လာနှင့် ၄ ဟူး)၊ ဆွေ +သား (၃ င်္ဂါနှင့် ၆ ကြာ) နှင့် တော်+ ရင်း (စနေနှင့် ရာဟု) တို့သည် မိတ်ဖက်များဖြစ်သည် ဟုဆိုခဲ့ကြလေသည်။

ကြတ္တိကာ

ဂြိုဟ်များအကြောင်းပြီးသောအခါ စိတ်ဝင်စားဖွယ် နက္ခတ်တစ်ခု အကြောင်းဆိုချင်ပါသည်။ ကြတ္တိကဟူသည် အသ၀နီအစ ရေ၀တီအဆုံးရှိသော နက္ခတ် (၂၇) လုံးတွင် တတိယမြောက် နက္ခတ်အမည်ဖြစ်သည်။ အနောက်တိုင်းသားတို့က The Pleiades ဟုခေါ်သည့် ကြတ္တိက နက္ခတ်သည် နွားရုပ်သဏ္ဍာန်ရှိသော ပြဿရာသီကြယ်စုတွင် နွား၏ ပခုံးတစ်နေရာတွင် ရှိပေသည်။

မြန်မာအယူ

ဤနက္ခတ်သည် လုံးရေအားဖြင့် သာမန်အမြင် ခြောက်လုံး၊ မျက်စိကြည်လင်စူးရှိသူများမှာ ခုနှစ်လုံးမြင်ရသည်။ ထိုကြတ္တိကာကိုပင် မြန်မာတို့က ဖျောက်ဆိပ်ဟုခေါ်သည်။

ဖျောက်ဆိပ်ကြယ်တို့သည် တောင်သူလယ်သမား ဦးကြီးများအတွက် မိတ်ကောင်းဆွေကောင်းလည်း ဖြစ်သည်။ သင်္ကြန်တက်ပြီး နောက်တစ်ရက်မှ စ၍ရေသော် ရက်ပေါင်း ၁၄၀ ပြည့်သည့်နေ့ နံနက် ၅ နာရီခန့် ဖျောက်ဆိပ်ကြယ် မွန်းတည့်သည့်အခါ ကောက်ကြီးစပါးမျိုး ကြဲရသည်။ သင်္ကြန်တက်ပြီးနောက်ရက်မှ ရေသော် ၁၅၄ ရက်မြောက်နေ့ အရုဏ်တက်တွက် ဖျောက်ဆိပ်ကြယ် မွန်းလွဲသည်။ ထိုအခါ နှမ်းကြီးကြဲသည်။ သင်္ကြန်တက်ပြီးနောက်ရက်မှ ရေသော် ၂၂၅ ရက်မြောက်နေ့ အရုဏ်တက်တွင် ဖျောက်ဆိပ်ကြယ်မြေလူးသည်။ ထိုအခါ မုရင်းစပါးကြဲသည်။

ဗြဟ္မဏအယူလွှမ်းမိုးခဲ့သည့် ရှေ့မြန်မာတို့တွင် နက္ခတ်၏ အရေးပါပုံမှာ ထင်ရှားနေသည်။ ဤကြတ္တိကာနက္ခတ်ကို ဒဟနိမည်သော မီးနတ်သားက စောင့်သည်။ ထိုနတ်သားအား တန်ဆောင်မုန်းလတွင် ပူဇော်ကြသည်။ ကြတ္တိကာသဘင် ဟုခေါ်ပြီး ဆင်နွှဲခဲ့ကြသည်။ တချို့က ကြတ္တိကာနက္ခတ်ကြည့်သဘင် ဟုခေါ်ပြီး တောင်ထိပ်တွင် တန်ဆောင်ဆီမီး ထွန်းညှိပူဇော်၍ ပျော်ပါးစားသောက် ကြသောကြောင့် တောင်ထိပ်သဘင်ဟုလည်း ဆိုလေသည်။

ဂရိအယူ


ဂရိတို့၏ ယုံကြည်မှုမှာ ဖလီးအေဒီခေါ် ကြတ္တိကာကြယ်ခုနှစ်လုံးမှာ ကောင်းကင်ကို ထမ်းရွက်ထားသော အက်တလက်စ် ဘီလူးကြီးနှင့် ရေနတ်သမီး ဖလီအိုနီးတို့၏ သမီးခုနှစ်ယောက်ဖြစ်သည်။ ရုပ်ရည်ချောမောလှသော ညီအစ်မခုနှစ်ဖော်ကို မုဆိုးကျော် အိုရီအွန်းက ချစ်ခင်စုံမက်တာကြောင့် တောအထပ်ထပ်၊ တောင်အထပ်ထပ် ခြေရာထပ်အောင် လိုက်လံရှာဖွေသည်။

ထိုအခါ ညီအစ်မခုနှစ်ဖော်က မေတ္တာရပ်ခံမှုကြောင့် ဂျူပီတာခေါ် ကြာသပတေးဂြိုဟ်က ညီအစ်မခုနှစ်ဖော်အား ချိုးငှက်များအဖြစ် ပြောင်းလဲပစ်သည်။ ထိုမှတဆင့် ကောင်းကင်တွင် ကြတ္တိကာ နက္ခတ်ခုနှစ်လုံးအဖြစ် ထားသည်။ ညီအစ်မခြောက်ယောက်၏ ချစ်သူများမှာ နတ်သားများဖြစ်ကြသော်လည်း ကျန်တစ်ဦးဖြစ်သော မီရိုပီ၏ ချစ်သူမှာ လူသားဖြစ်သည်။ လူသားနှင့် ချစ်ခင်စုံမက်ရသည်ကို ရှက်၍ မီရိုပီသည် မျက်နှာကို လက်ဝါးနှင့် ဖုံးအုပ်ကာကွယ်ထားလေ့ရှိသည်။ ထိုမှစကာ ကြတ္တိကာကြယ်စုသည် ခြောက်လုံးသာ ထွန်းလင်းပလျက်ရှိပြီး ကျန်တစ်လုံးမှာ မှေးမှိန်လျက်ရှိသည်။

မြောက်အမေရိကန်အယူ

မြောက်အမေရိကန် တိုင်းရင်းသားတို့၏ ယုံကြည်ချက်မှာ ကြတ္တိကာကြယ်ခုနှစ်လုံးသည် ညီအစ်ကို ခုနှစ်ယောက်ဖြစ်သည်။ ညအခါ လယ်ယာကို စောင့်ရှောက်ပြီး ကခုန်နေလေ့ရှိသည်ဟု ဆိုသည်။

ကြတ္တိကာနက္ခတ်ကို စောရနက္ခတ်ဟုလည်း ဆိုသည်။ ထို့ကြောင့် တန်ဆောင်မုန်းလပြည့်နေ့ရောက်တိုင်း ကျီးမနိုးပွဲဟူ၍ မြန်မာနိုင်ငံအနှံ့ ဆင်နွှဲလေ့ရှိသည်။ ဆယ့်နှစ်ရာသီဖွဲ့များ၏ အဆိုအရ ကြိတ္တိကာသည် တန်ဆောင်မုန်းလ၏ စန်းယှဉ်နက္ခတ်ဖြစ်သည်။ တန်ဆောင်မုန်းလတွင် ညဘက် ကြတ္တိကာနက္ခတ်နှင့် ကျီးတာရာတို့ စန်းယှဉ်ပြီး နေ့ဘက်တွင် ၀ိသာခါနက္ခတ်နှင့် နေယှဉ်သည်။ ကြိတ္တိကာနက္ခတ်သည် လူတို့အရေပြားပေါ်တွင် ပေါက်လေ့ရှိသည့် ညှင်းပွင့်ညှင်းခြောက်လေးများနှင့် တူကြောင်း ရာမရကန်တွင် ဦးတိုးက ဆိုဖူးသည်။

ဤသည်တို့မှာ လေ့လာမိသလောက် ဂြိုဟ်များ နက္ခတ်အကြောင်းပင်ဖြစ်သည်။ ဗေဒင်ပညာ၊ နက္ခတ်ပညာ တို့သည် လေ့လာလေ နက်နဲလေပင်ဖြစ်သည်။ ဤစာကို ရေးသားရခြင်းမှာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ယုံကြည်လျက်ရှိသည့် အယူဝါဒအချို့ကို နေ့စဉ်ကြားဖူးမြင်ဖူးနေကြသည်။ သို့သော်လည်း ဘာကို ဘာမှန်းမသိပဲ.. အသုံးကို မြင်၍သာ သုံးနှုန်းကြတာမို့ ဗဟုသုတရစေရန် ရည်ရွယ်ပြုစုပါသည်။ အနည်းဆုံး ဘယ်စကားကို ဘာလို့ယူသုံးသလဲဟု သိမှတ်မိဖို့ရန် ရည်ရွယ်ရင်းဖြစ်သည်။ ဤစာ၏ သဘောမှာ ကျမ်းတချို့မှ စာများကို စုစည်းထားသည့် သဘောသာဖြစ်သည်။

တဆက်တည်း မဟာဝိဇယစေတီတော် အတွင်းလှိုင်ဂူထက်မှ မြန်မာ့ရိုးရာ နက္ခတ် တံဆိပ်များကို ဗဟုသုတ အလို့ငှာ ဖော်ပြလိုက်ပါသည်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။

ခင်မင်လျက်
နေ၀သန်

ကျမ်းကိုး။ ။ မြန်မာနိုင်ငံ နတ်ကိုးကွယ်မှု သမိုင်း (မင်းစည်သူ)
Pleiades Wikipedia
9 Planets
National Geographic

ကျားပေါက်တစ်ကောင်၏ မြင်ကွင်း

$
0
0
အခုလတ်တလောမှာ `အာရှရဲ့ နိုးထလာမှု` ဆိုတဲ့ အသံတွေ အာရှရဲ့သမိုင်းခေတ်သစ်တစ်ခု စတင်ခဲ့ပါပြီလို့ ဆိုသံတွေ အဆက်မပြတ်ကြားနေရပါတယ်။ တကယ်တမ်း ပြောရရင် `အာရှရဲ့ နိုးထလာမှု` ထက်`အာရှရဲ့ တကျော့ပြန်` လို့ဆိုရင် ပိုမှန်ပါလိမ့်မယ်။ သက္ကရာဇ် ၁ ကနေ ၁၈၂၀ အထိမှာ တရုတ်နဲ့ အိန္ဒိယဟာ ကမ္ဘာ့အကြီးဆုံး စီးပွားရေးနယ်ပယ်ဖြစ်ခဲ့ပြီးတော့ တကယ်တမ်း ဥရောပနဲ့ အမေရိကန်တို့ရဲ့ စိုးမိုးမှုဟာ နှစ်ပေါင်း ၂၀၀ ခန့်ပဲ ရှိခဲ့ပါသေးတယ်။ အခုတော့ အာရှဒေသမှာ သမိုင်းတလျှောက် အကြီးမားဆုံး စီးပွားရေးဖွံ့ဖြိုးမှုတွေ အရှိန်အဟုန်ပြင်းပြင်းနဲ့ စီးဆင်းနေပါပြီ။ ဒါပေမယ့် ကမ္ဘာ့စီးပွားရေးကို ဦးဆောင်သွားနိုင်ဖို့ ကျွန်တော်တို့ အာရှဟာ အဆင်သင့်မဖြစ်သေးပါဘူး။ စိန်ခေါ်မှုတွေ လိုအပ်မှုတွေ ပြဿနာပေါင်းစုံတွေနဲ့ စိုးရိမ်စရာ အခြေအနေတွေ အများကြီးရှိနေပါတယ်။ `ယနေ့လူငယ် နောင်ဝယ်လူကြီး` ဆိုတဲ့အတိုင်း ဒီနေ့ အာရှလူငယ်တွေဟာ တချိန်မှာ အာရှခေါင်းဆောင်တွေ ဖြစ်လာပါလိမ့်မယ်။ ဒီတော့ ယနေ့အာရှမှာ ကြုံတွေ့နေရတဲ့ ပြဿနာတွေအခက်အခဲတွေကို လူငယ်တွေ ဘယ်လိုများမြင်သလဲ၊ ဘယ်လိုများဖြေရှင်းမလဲ ဆိုတာ အလွန်အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်တဲ့ တုံ့ပြန်ချက်တွေရဖို့ အာရှစီးပွားရေးကောင်စီ၊ Lee Kuan Yew School of Public Policy at National University of Singapore၊ နဲ့ Time Magazine တို့ပူးပေါင်းပြီး Asia's Challenge 2020 essay competition in 2010 ကို ကျင်းပခဲ့ပါတယ်။ အာရှနိုင်ငံတွေက အသက် ၃၂ နှစ်အောက် လူငယ်တွေအားလုံးကို ဖိတ်ခေါ်ခဲ့ရာမှာ နိုင်ငံပေါင်း ၂၁ နိုင်ငံမှ အက်ဆေး ၃၈၅ ပုဒ် ယှဉ်ပြိုင်ခဲ့ပါတယ်။ အဲဒီထဲကမှ စကာတင် အပုဒ် ၈၀ ကျော်ထဲကမှ သင့်တော်တဲ့ အကြောင်းအရာတွေကို ပေါင်းလို့ `THROUGH THE EYES of TIGER CUBS; VIEWS OF ASIA'S NEXT GENERATION` (အာရှကျားပေါက်လေးများ၏ အနာဂတ်မြင်ကွင်း) ဆိုတဲ့ နာမည်နဲ့ စာအုပ်ထုပ်ဝေခဲ့ပါတယ်။ ရေးသားသူက Mark L. Clifford နဲ့ Janet Pau တို့ဖြစ်ပါတယ်။ အဲဒီ စာအုပ်ရဲ့ တစ်ပိုင်းအနေနဲ့ အက်ဆေးပြိုင်ပွဲမှာ ဆုရခဲ့သူ လေးယောက်ရဲ့ မူရင်း အက်ဆေးတွေကိုလည်း ဖော်ပြပေးထားပါတယ်။ အဲဒီထဲကမှ ပထမဆုရှင်ဖြစ်တဲ့ အသက်၂၆ နှစ်အရွယ် အိန္ဒိယနိုင်ငံသား Sarabjit Singh ရဲ့ အက်ဆေးဖြစ်တဲ့ `I Have a Dollar. My Neighbor Has a Million` ဆိုတဲ့ အက်ဆေးလေးကို ဆီလျော်အောင် ဘာသာပြန်လိုက်ပါတယ်။

တဟုန်ထိုး တိုးတက်နေတဲ့ အာရှမှာ ကျွန်တော်တို့ မြန်မာနိုင်ငံလည်း ပါဝင်တဲ့အတွက် အနာဂတ်မှာ ယှဉ်ပြိုင်နိုင်စွမ်းရှိအောင် သူများနိုင်ငံက လူငယ်တွေ ဘယ်လောက် အတွေးအခေါ်မြင့်နေသလဲဆိုတာ လေ့လာနိုင်အောင်ပါ။ စုစုပေါင်း ယှဉ်ပြိုင်တဲ့ထဲမှာ မြန်မာက ပါမပါမသိရပေမယ့် စကာတင်စာရင်းထဲမှာတော့ မပါပါဘူး..။ အဲဒီ စကာတင်စာရင်းထဲမှာတင် ကမ္ဗောဒီးယားတောင်ပါနေတဲ့အတွက် ကျွန်တော်တို့ မြန်မာတွေ ဘယ်ရောက်နေသလဲလို့ တွေးမိပါသေးတယ်။ ဘာပဲဖြစ်ဖြစ် ပထမဆုရှင်လေးရဲ့ အတွေးအခေါ်ကို မီးမောင်းထိုးကြည့်လိုက်ရအောင်ပါ။ အဓိကကတော့ ကျွန်တော်တို့တွေနဲ့ သက်တူရွယ်တူ နိုင်ငံတကာက လူငယ်တွေ ကမ္ဘာနဲ့ချီပြီး ဘာတွေများ တွေးတတ်၊ မြင်တတ်သလဲ မိမိတို့ရဲ့ နိုင်ငံအတွက် ဘယ်လိုအင်အားကနေ ပါဝင်နေကြသလဲ ဆိုတာကို မီးမောင်းထိုးပြချင်ရုံပါ..။ ကျွန်တော့်ရဲ့ ညံ့ဖျင်းမှုကြောင့် ဘာသာပြန်ဆိုမှု မပြေပြစ်ခဲ့ရင် ခွင့်လွှတ်ပေးပါလို့လည်း တဆက်တည်း ပြောချင်ပါတယ်။ စီးပွားရေးဘာသာရပ်ကို မသင်ခဲ့ဖူးတဲ့ ကျွန်တော်က စီးပွားရေးနဲ့ဆိုင်တဲ့ စာတစ်ပုဒ်ကို ဘာသာပြန်နေတယ်ဆိုတာ လူကြားလို့မှမကောင်းပေမယ့် သဘောကျတဲ့ အချက်လေးတွေအများကြီးပါနေတာမို့ ကျွန်တော်တို့လူငယ်တွေ လေ့လာသင့်တယ် ထင်လို့ပါ။

I Have a Dollar. My Neighbor Has a Million
(ကျွန်တော့်မှာ တစ်ဒေါ်လာရှိတယ်။ အိမ်နီးချင်းမှာတော့ ဒေါ်လာတစ်သန်းတောင်ရှိတယ်)
Sarabjit Singh

အဖွားအိုတစ်ယောက်ရဲ့ ဖြစ်အင် (The Case of the Old Lady)

ညနေခင်းအချိန် လမ်းမကြီးတလျှောက်မှာ လူတွေ မနည်းမနော ဥဒဟိုသွားလာနေပါတယ်။ ဒီလူအုပ်ထဲမှာ အိတ်အဟောင်းလေးကို လက်ကဆွဲလို့ အဘွားအိုတစ်ယောက်လည်း တကုတ်ကုတ် လမ်းလျှောက်လာနေပါတယ်။ အဲဒီပတ်ဝန်းကျင်မှာတော့ ဆန်းကျယ်လှပတဲ့ ဆိုင်ခန်းတွေ၊ လင်းလက်တောက်ပနေတဲ့ ရတနာဆိုင်တွေ၊ စိန်တွေစီချယ်ထားတဲ့ နာရီဆိုင်တွေ၊ ကောင်းပေ့ ညွှန့်ပေ့ဆိုတဲ့ စားသောက်ဆိုင်တွေက ၀ိုင်းရံလို့နေပါတယ်။ အဲဒီဆိုင်တွေမှာ သုံးနိုင်မယ့် ငွေပမာဏဟာ အဘွားအိုရဲ့ တစ်ပတ်စာ စားသောက်စားရိတ်ထက်တောင် ပိုနေပါလိမ့်မယ်။ လမ်းဘေးမြေကွက်လပ်လေးနားရောက်တော့ အဘွားအိုက ထိုင်ချလိုက်ပြီး အိတ်ထဲကပစ္စည်းအချို့ကို ထုတ်ခင်းလိုက်ပါတယ်။ ၅ မိနစ်အကြာ အကုန်ခင်းပြီးသွားတဲ့နောက် ခေါက်ထိုင်ခုံလေးမှာ ထိုင်ပြီးတော့ လက်တစ်ဖက်စီမှာ တစ်ရှူးထုပ်လေးတွေကိုင်ပြီး လမ်းသွားလမ်းလာတွေကို ခေါ်ယူရောင်းချ နေပါတော့တယ်။ တစ်စုံတစ်ယောက်ကများ နဖူးကချွေး သုတ်ချင်လို့ ဖြစ်ဖြစ်၊ နှာစေးနေလို့ဖြစ်ဖြစ် တစ်ရှူးရုတ်တရက် လိုလာရင် ၀ယ်မှာပဲ ဆိုတဲ့ မျှော်လင့်ချက်လေးနှင့် တိတ်တဆိတ် ရောင်းသူကို ခေါ်နေပါတော့တယ်။

ဒါဟာ စင်ကာပူရဲ့ အထင်ကရနေရာဖြစ်တဲ့ အောချတ်လမ်းမကြီးရဲ့ သောကြာနေ့ ညနေခင်းမြင်ကွင်းတချို့ပါ။ ၀င်လုဆဲဆဲနေရောင်က လာမယ့်အားလပ်ရက်အတွက် လှုပ်ရှားတက်ကြွမှုတွေကို ဖန်တီးပေးနေသလို အဘွားအိုကလည်း မနက်ဖြန်စားဖို့သောက်ဖို့ တစ်ယောက်တည်း စတင်ရုန်းကန် ရှာဖွေနေပါပြီ။ သူ့မှာ ပင်စင်လစာဆိုတာ မရှိပါဘူး။ ဘ၀လုံခြုံမှုလည်း မရှိပါဘူး။ အလုပ်လက်မဲ့တွေအတွက် အာမခံဆိုတာမျိုးလည်း မရှိပါဘူး။ ပြီးတော့ သက်ကြီးခံစားခွင့် ဆိုတာလည်း မရှိပါဘူး။ ဒီတော့ သူ့ရဲ့နေ့စဉ်ရှာဖွေမှုတွေ ပုံမှန်လည်ပတ်နေဖို့ဟာ စတော့ဈေးကွက် အတက်အကျထက် ပိုအရေးကြီးပါလိမ့်မယ်။ စင်ကာပူမှာ အမြဲပြောနေလေ့ရှိတဲ့ စီးပွားရေး စွမ်းဆောင်ရှင်ထဲက တစ်ယောက်ဖြစ်ဖို့ဆိုတာလည်း သူနဲ့ သက်ဆိုင်မှု မရှိပါဘူး။

ဒီကျွန်းနိုင်ငံ သေးသေးလေးကို ခဏထားလို့ အာရှတခွင်ကို ကျော်ကြည့်လိုက်မယ်ဆိုရင် အဘွားအိုလို ဘ၀တူတွေ အများကြီးတွေ့ရပါလိမ့်မယ်။ ဆိုးလ်မြို့ရဲ့ ချမ်းအေးလွန်းလှတဲ့ မြေအောက်ရထားဘူတာတွေမှာ တစ်ယောက်နဲ့တစ်ယောက် တိုးဝှေ့ဖက်တွယ်ပြီး အအေးဒဏ်ကိုအံတုနေရတဲ့ အိမ်ရာမဲ့တွေက ခန့်ညားထည်ဝါလှတဲ့ကုမ္ပဏီတွေကနေ အပူပေးစနစ်တပ်ဆင်ထားတဲ့ နေအိမ်တွေဆီကို ပျားပန်းခပ်ပြန်နေကြတဲ့ ၀တ်ကောင်းစားလှ ပစ္စည်းရှိလူတန်းစားတွေကို ငေးကြည့်နေရတဲ့ မြင်ကွင်းတွေ၊ မွန်ဘိုင်းမြို့ရဲ့ပျံကျရပ်ကွက်ထဲက သစ်သားတဲကုပ်လေးတစ်ခုထဲမှာ မိသားစုခြောက်ယောက်စုနေရတဲ့ ဆင်းရဲသားတွေကတော့ မနီးမဝေးတစ်ဖက်ခြမ်းမှ `ဝေါ`ကနဲ မိုးခြိမ်းသံလိုအသံပေးပြီး ဆင်းသက်နေတဲ့လေယာဉ်သံတွေကို နားထောင်နေရတဲ့ မြင်ကွင်းတွေဟာ အတော့်ကို ထော်လော်ကန့်လန့်နိုင်လှပါတယ်။ ဒါတွေဟာ ဒီအာရှတိုက်ကြီးထဲက လူမှုရေးနဲ့ စီးပွားရေး မညီမျှမှုရဲ့ မြင်ကွင်းတွေပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ကမ္ဘာ့စီးပွားပျက်ကပ်ရဲ့ နောက်ဆက်တွဲအခြေအနေမှာတော့ လန်ဒန်နဲ့နယူးယောက်က ပညာရှင်တွေဟာ အာရှအကြောင်း တဖွဖွပြောလာပါတော့တယ်။ IMF ရဲ့ ထုတ်ပြန်ကြေငြာချက်မှာ `အာရှနိုင်ငံတွေဟာ ကမ္ဘာ့စီးပွားရေး နားလန်ထူနိုင်ဖို့ ဦးဆောင်နေခဲ့ပါပြီ` လို့ပြောခဲ့ပါတယ်။ `စီးပွားရေး အမြန်ကြီးထွားနေမှုဟာ ဒီဒေသကို ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးမောင်းနှင်ခန်းအဖြစ် ပြောင်းလဲစေခဲ့ပါပြီ... အာရှရဲ့ စီးပွားရေး အင်အားဟာ ပိုမိုကြီးမားလာမယ့် လမ်းကြောင်းမှာ ရှိနေပါတယ်` လို့လည်း IMF ရဲ့ ယခင်ဒါရိုက်တာဖြစ်တဲ့ Mr. Dominique Strauss-Kahn က သီးခြားမှတ်ချက်ပေးခဲ့ပါသေးတယ်။

အရှေ့အလယ်ပိုင်းကအစ ဟိုးအရှေ့ဖျားဒေသအထိ ကြီးထွားလာနေတဲ့ စီးပွားရေးဟာ လာမယ့်ဆယ်စုနှစ်တွေအထိ ဆက်ပြီးတိုးတက်နေမှာကတော့ မြေကြီးလက်ခတ်မလွှဲပါပဲ။ ဒါပေမယ့် မသေချာမရေရာတာကတော့ ဒီလိုဖွံ့ဖြိုးတိုးတက်လာမှုတွေဟာ ဒီဒေသမှာနေထိုင်နေတဲ့ လူသားအားလုံးအပေါ် သက်ရောက်မှုရှိမရှိ ဆိုတာပါပဲ။ အာရှဟာ ကြီးထွားလာနေသလို ခြူးတစ်ပြားမှမရှိတဲ့ လူမွဲတွေဟာလည်း အများကြီးရှိနေတာမို့ အားနည်းချက်တွေ အပြည့်နဲ့ပါ။ လူချမ်းသာတွေရဲ့ အံ့မခန်းစီးပွားတွေကြားထဲမှာ ပိုင်ဆိုင်မှုဘာမှမရှိတဲ့ ဆင်းရဲသားဦးရေဟာ အာရှနိုင်ငံတော်တော်များများမှာ တိုးပွားလျက်ရှိပါတယ်။

အဲဒီအချက်တွေကိုကြည့်ရင်းနဲ့ ကျွန်တော့်အတွက် မေးခွန်းရှိလာပါတယ်။ တကယ်လို့ လာမယ့်ဆယ်စုနှစ်အတွင်း အာရှရဲ့မူဝါဒချမှတ်သူတွေ ကိုင်တွယ်ဖြေရှင်းရမယ့် စိန်ခေါ်မှုရှိနေမယ်ဆိုရင် အဲဒါဟာ `စီးပွားရေးမညီမျှမှု မြင့်တက်လာခြင်း` ပါပဲ။ စီပွားရေးဖွံ့ဖြိုးမှုကို ရေရှည်ထိန်းသိမ်းထားနိုင်ပြီး အနာဂတ်မျိုးဆက်သစ်တွေပါ ခံစားစေနိုင်ဖို့ နိုင်ငံအားလုံးအတွက် တစ်ခုတည်းသော နည်းလမ်းကတော့ နိုင်ငံသားအားလုံး တပြေးညီဖွံ့ဖြိုးအောင် လုပ်ဆောင်ပေးဖို့ပဲဖြစ်ပါတယ်။

စီးပွားရေးမညီမျှမှု (Economic Inequality)

ကမ္ဘာ့ဆင်းရဲမွဲတေမှုကိုတိုင်းတာတဲ့ အညွှန်းကိန်းသစ် MPI (Multidimensional Poverty Index)ရဲ့ ကိန်းဂဏန်းအရ `အိန္ဒိယနိုင်ငံရဲ့ ပြည်နယ် ၈ ခုပေါင်း ဆင်းရဲသားအရေအတွက်ဟာ အာဖရိကနိုင်ငံ ၂၆ နိုင်ငံက ဆင်းရဲသားအရေအတွက်ပေါင်းထက် များနေတယ်` လို့ကြေငြာခဲ့ပါတယ်။ ဒီကြေငြာချက်က အတော့်ကို ဟိုးလေးတကြော်ဖြစ်သွားပါတယ်။ ကျွန်တော်တို့ စိတ်ထဲမှာ အာဖရိကဆိုရင် ဘာမှမရှိတဲ့လယ်ကွင်းတွေနဲ့ အာဟာရချို့တဲ့နေတဲ့ ကလေးတွေကိုပဲ မြင်ယောင်လာမိတယ်။ အိန္ဒိယအတွက်ကတော့ သတင်းစာတွေမှာ ကမ္ဘာ့စီးပွားရေးနဲ့ပတ်သက်လို့ နေ့စဉ်ခေါင်းကြီးပိုင်းမှာကို ပါနေတယ်။ ဒီပုံရိပ်နှစ်ခုကို ခပ်ရှင်းရှင်းလေး ခွဲပြသွားတာဟာ အံ့အားသင့်ဖို့ ကောင်းလှပါတယ်။

ဒါပေမယ့် ဝေခွဲရသိပ်မခက်စေတာကလည်း အိန္ဒိယမှာနေထိုင်သူတွေ ကိုယ်တိုင်ပဲ ဖြစ်နေပါတယ်။ မာဘယ်ကိတ်မုန့်ထဲမှာ မပါမဖြစ်တဲ့ ချောကလက်လိုပဲ အိန္ဒိယမှာ ဆင်းရဲမှုတွေဟာ ခမ်းနားထည်ဝါမှုတွေနဲ့ အမြဲဒွန်တွဲနေပါတယ်။ ကမ္ဘာ့နာမည်ကြီး ဘရန်းဒ်တွေဖြစ်တဲ့ BMW တံဆိပ်ကားတွေ မာစီးဒီးကားတွေက မိုးပျံတံတားတွေပေါ်မှာ တ၀ီဝီသွားနေပြီး အဲဒီအောက်တွေမှာတော့ တဲစုရပ်ကွက်တွေ၊ ဆင်းရဲသားရပ်ကွက်တွေနဲ့ ပြည့်နှက်နေပြန်ပါတယ်။ မီးပွိုင့်မှာ ကားရပ်လိုက်တာနဲ့ သူတောင်းစားတွေက လာတောင်းပါတော့တယ်။ အိန္ဒိယရဲ့ ထိပ်သီးလူချမ်းသာ ဆယ်ရာခိုင်နှုန်းရဲ့ ပိုင်ဆိုင်မှုဟာ နိုင်ငံ့ဝင်ငွေရဲ့ ၃၁.၁% ရှိနေပြီးတော့ အောက်ဆုံးထစ် ဆင်းရဲသား ၁၀ ရာခိုင်နှုန်းရဲ့ ပိုင်ဆိုင်မှုကတော့ ၃.၆% ပဲရှိနေပါတယ်။ အိန္ဒိယကိုကျော်ကြည့်လို့ နိုင်ငံ့မြောက်ဘက် အိမ်နီးချင်းနိုင်ငံကြီးရဲ့ စာရင်းဇယားတွေဟာလည်း သိပ်တော့မထူးလှပါဘူး။ Credit Suisse-sponsored report အရ တရုတ်နိုင်ငံရဲ့ ထိပ်သီး ၁၀%ရဲ့ ပိုင်ဆိုင်မှုဟာ အောက်ခြေ ၁၀% ထက် ၆၅ ဆ (တရားဝင်ခန့်မှန်းချက်ထက် ၃ ဆပိုများ) ပိုပါတယ်။

ဒီလို စာရင်းဇယားတွေဟာ ဖြစ်ရပ်မှန်တွေရဲ့ ထက်ဝက်လောက်ပဲ ရှိပါသေးတယ်။ ဒီလိုမညီမျှမှုဟာ အချိန်နဲ့ အမျှဆိုးရွားလာရင် ဖြေရှင်းရပိုခက်လာပြီး အခြေအနေမဟန်တော့တဲ့ထိ ဖြစ်သွားပါလိမ့်မယ်။ ဒါတွေဟာ အာရှမှာ လက်ရှိဖြစ်ပျက်နေတဲ့ မညီမျှမှုပြဿနာတွေပါပဲ။ ဒီလို မညီမျှမှုတွေကို တိုင်းတာတဲ့ အတိုင်းအတာကို Gini Coefficient လို့ခေါ်ပါတယ်။ ပုံမှာပြထားတဲ့ အညွှန်းကိန်းအရ ၁၉၉၀ ပြည့်လွန်နှစ်တွေတလျှောက် အာရှနိုင်ငံတွေရဲ့မညီမျှမှု ပိုမိုဆိုးရွားလာတာကို တွေ့မြင်ရပါတယ်။ ဖြစ်နေတာကတော့ `ချမ်းသာတဲ့ သူတွေက ပိုချမ်းသာပြီး၊ ဆင်းရဲတဲ့သူတွေက ပိုဆင်းရဲလာတယ်` ဆိုတာတောင် မကတော့ပဲ `ချမ်းသာတဲ့သူတွေက ဆင်းရဲတဲ့သူတွေထက် ပိုပြီးမြန်မြန်ချမ်းသာ` တဲ့အခြေအနေကို ရောက်နေပါတယ်။ ဒါပေမယ့် အာရှစီးပွားရေး အောင်မြင်မှုလှိုင်းမှာ မျောနေတဲ့ နိုင်ငံတွေအတွက် မညီမျှမှုတွေ ပိုမိုဆိုးရွားလာမယ့် လက္ခဏာတွေ မတွေ့ရပါဘူး။

၂၀၀၇ ခုနှစ်မှာ အာရှဖွံ့ဖြိုးမှုဘဏ်ရဲ့ အစီရင်ခံစာမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြဿနာပေါင်းစုံဟာ ဒီလိုမညီမျှမှုနဲ့ ဆက်နွှယ်နေတယ်လို့ ဖော်ပြထားပါတယ်။ ဒီအစီရင်ခံစာမှာ အာရှနိုင်ငံတော်တော်များများရဲ့ မပြည့်စုံတဲ့ စီးပွားဈေးကွက်တွေထဲမှာ ဒီလိုမညီမျှမှုတွေကြောင့် ဆင်းရဲသားလူထုတွေဟာ ပညာရေး၊ စီးပွားရေး အခွင့်အလန်းတွေကနေ အလှမ်းဝေးသွားအောင် တဖြည်းဖြည်းတွန်းထုတ်ခံလိုက်ရသလို ဖြစ်နေပါတယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် မညီမျှမှုမြင့်တက်လာခြင်းကြောင့် ၀င်ငွေဖြန့်ဝေမှုသဘောတရားကို ယိုယွင်းလာစေတယ်၊ ပြီးတော့ဈေးကွက်ကို ပိုပြီးတောင်မပြည့်စုံအောင် ဖန်တီးပေးနေပါတယ်။ ရေရှည်မှာ ဒီလိုမညီမျှမှု မြင့်မားနေမှုကြောင့် ဖွံ့ဖြိုးတိုးတက်မှု မျှော်လင့်ချက်တွေကို အဟန့်အတားဖြစ်စေလိမ့်မယ်လို့ ခိုင်ခိုင်မာမာကို ဆိုထားပါတယ်။

တော်တော်စိုးရိမ်စရာကောင်းတာက အစီရင်ခံစာရဲ့ ကောက်ချက်ပါပဲ။ မညီမျှမှုတွေ ပိုများလာခြင်းဟာ လူမှုရေးပြဿနာ အတော်များများကို မီးမွှေးပေးလိုက်နိုင်တယ်ဆိုတာပါပဲ..။ ပြောရရင်တော့ ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းကစလို့ ပြင်းထန်တဲ့ပြည်တွင်းစစ်အထိကိုပါ ဖြစ်စေနိုင်တဲ့အနေအထားပါ။ ဒါကြောင့် စီးပွားရေးအရ တိုးတက်နေရင်တောင်မှ ဆင်းရဲသားတွေရဲ့ ဘ၀ကို မမြှင့်တင်ပေးနိုင်ခဲ့ဘူးဆိုရင် လူမှုရေးတင်းမာစေမယ့် အကြောင်းတွေကို ဖန်တီးပေးနေသလိုဖြစ်နေပါလိမ့်မယ်။ ဆင်းရဲမွဲတေမှု ၁၀ ရာခိုင်နှုန်း တိုးလာတာဟာ အငြင်းပွားခိုက်ရန်ဖြစ်ပွားပြီး သေဆုံးမှုပေါင်း ၂၃ ကနေ ၂၅ အထိ သက်ရောက်မှုရှိတယ်လို့ ဆိုထားပါသေးတယ်။

မနှစ်ကထွက်လာတဲ့ တခြားအစီရင်ခံစာ တစ်ခုရှိပါသေးတယ်။ အဲဒီထဲမှာ လူ့သက်တမ်း တိုလာမှု၊ ရောဂါကူးစက်မှု များပြားလာမှု၊ လူသတ်မှု၊ ကလေးအသေအပျောက် များပြားမှု၊ အ၀လွန်မှု၊ ဆယ်ကျော်သက်အရွယ် ကိုယ်ဝန်ဆောင်မှု၊ စိတ်ဓါတ်ကျဆင်းမှုနဲ့ ထောင်ကျဦးရေ များပြားလာမှု စတဲ့ လူမှုပြဿနာအထွေထွေဟာ လူမှုစီးပွား မညီမျှမှုနဲ့ ဆက်နွှယ်နေတဲ့အကြောင်းကို ကောင်းကောင်းလေး ဆက်စပ်ပြထားပါတယ်။ တကယ်လို့ အခုတလောအတွင်းမှာ အဲဒီလူမှုပြဿနာတွေဖြစ်ခဲ့မယ်ဆိုရင် ဒါဟာစီးပွားရေးမညီမျှကြောင့် ဖြစ်လာတဲ့ အရှင်းဆုံးသက်သေတွေ ဖြစ်ပါတယ်။ ဒီလိုဖြစ်ရပ်တွေဟာလည်း အာရှတလွှားမှာ တိုးပြီးတိုးပြီး ဖြစ်ပေါ်လာနေပါတယ်။

တရုတ်ပြည်မှာ ဖြစ်ခဲ့တဲ့ ကျောင်းသားအရွယ် ကလေးငယ်တွေအပေါ် တိုက်ခိုက်မှုဟာ ဆင်းရဲသားတွေနဲ့ လူကုံထံတွေအကြား မကျေနပ်ချက်တွေ တိုးပွားလာခြင်းနဲ့ ဆက်စပ်နေတယ်လို့ မျက်မှောက်ရေးရာ သုံးသပ်သူတွေက ဆိုပါတယ်။ အဲဒီသူတွေကပဲ `တရုတ်နိုင်ငံသားတော်တော်များများက ပိုပြီးချမ်းသာသွားတဲ့ လူနည်းစုတွေရဲ့နောက်မှာ အပြတ်အသတ်ကျန်ခဲ့ပြီလို့ ခံစားနေရပါတယ်` လို့ရေးသားခဲ့ကြပါတယ်။ အလားတူပဲ ၂၀၁၀ ပြည့်နှစ်အစောပိုင်း ထိုင်းနိုင်ငံမှာဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေ၊ လူထုဆန္ဒပြပွဲတွေဟာ ဆင်းရဲချမ်းသာကွာခြားလာမှုနဲ့ လူနေမှုအဆင့်အတန်း တဖြည်းဖြည်းနိမ့်ပါးလာမှုတွေကြောင့် ကသီလင်တဖြစ်နေတဲ့ ဆင်းရဲသားတွေအတွက် အခွင့်အရေးတွေ တောင်းဆိုကြတာပါလို့ ထိုင်းနိုင်ငံရဲ့ လူမှုဖွံ့ဖြိုးရေး ၀န်ကြီးဌာနရဲ့ ပြောကြားချက်အရ သိရပါတယ်။

အကြီးမားဆုံး စိန်ခေါ်မှု (Biggest Challenge)

စီးပွားရေးမညီမျှမှု မြင့်တက်လာခြင်းရဲ့ အကျိုးဆက်တွေကို ခွဲပြရမယ်ဆိုရင် တပုံတခေါင်းပဲပေါ့ဗျာ..။ ဒီနေ့ အာရှရင်ဆိုင်နေရတဲ့ အဓိကစိန်ခေါ်မှုတွေကို ဖြစ်စေတဲ့ ဂယက်ရိုက်မှုတွေကတော့ နည်းနည်းနောနော မဟုတ်ပါဘူး။ မညီမျှမှု အရမ်းမြင့်မားခြင်း (ဒါမှမဟုတ်.. မြင့်တက်လာနေခြင်း) ဟာ တခြားပြဿနာတွေကို ပိုမိုဆိုးဝါးစေပါတယ်။

ဥပမာနဲ့ ပြောရမယ်ဆိုရင် ဒီလိုလူတန်းစားမညီမျှခြင်းကြောင့် လူမျိုးစုအချင်းချင်းကြား၊ ဘာသာရေးကြား တင်းမာမှု ပြဿနာတွေကို ဖြေရှင်းရ ပိုခက်လာစေသလို ဥပမာ-ပြဿနာရှုပ်ထွေးနေတဲ့ ထိုင်းနိုင်ငံတောင်ပိုင်းမှာ လူမှုစီးပွားမညီမျှမှုတွေက မီးလောင်ရာလေပင့်သလို ဖြစ်စေတာမျိုး၊ သဘာဝ ကပ်ဘေးကြောင့်လည်း ဆုံးရှုံးမှုပိုများတာမျိုး ဥပမာ-ဆင်းရဲမွဲတေမှုများလေလေ ငလျင်၊ ရေဘေးစတဲ့ သဘာဝအန္တရာယ်တွေကို ကာကွယ်နိုင်စွမ်းလည်း နည်းလေလေ ဖြစ်တာမျိုးတွေပါ။

ကိုင်း... ဒီလိုသာဆို ဘယ်လိုဖြေရှင်းကြမလဲ..။ တချို့ စီးပွားရေးပညာရှင်တွေက မညီမျှမှု မြင့်တက်ခြင်းဆိုတာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရဲ့ အဆင့်တစ်ဆင့်မျှသာဖြစ်တယ်လို့ ဆိုကြပါတယ်။ ဒီအိုင်ဒီယာကို ခုဇ်နက်စ်ရဲ့ ဂရပ်လေးနဲ့ ကိုယ်စားပြုထားပါတယ်။ ဒီပုံလေးကို လေ့လာကြည့်ရအောင်ပါ။ ကနဦးကတော့ နိုင်ငံရဲ့ ဖွံ့ဖြိုးမှုရော စီးပွားရေးပါ အောက်ဆုံးအဆင့်မှာရှိနေပါတယ်။ ကုမ္ပဏီအဖွဲ့အစည်းတစ်ခုက တဖြည်းဖြည်း ချမ်းသာလာတယ်ဆိုပါစို့..။ ပိုင်ရှင်တွေသာ တစ်ယောက်ပြီးတစ်ယောက် ပြောင်းသွားတယ်.. ဒီကုမ္ပဏီက ပိုပိုပြီး ချမ်းသာလာပါတယ်။ ဒီလိုနဲ့ သာမန်လူထုအကြားနဲ့ ဒီလိုလုပ်ငန်းရှင်တွေအကြား မညီမျှမှုတွေက တဖြည်းဖြည်း တိုးပွားလာနေပါတယ်။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ ပြန်လည်ဖြန့်ဝေမှု သဘောတရား (Redistribution Mechanisms)အရ ညီမျှမှုတွေကို ပြန်လည်သယ်ဆောင်လာခဲ့ပါတယ်။ အရင်ကစည်းခြားခဲ့တဲ့ ကိစ္စရပ်တွေအားလုံးကို ပင်မစီးပွားရေး နယ်ပယ်ထဲ ပြန်လည်ခေါ်ယူနိုင်ခဲ့ပါတယ်။ ဒီတော့ မျဉ်းရဲ့အဆုံးသတ်တ၀ိုက်မှာ မညီမျှမှုတွေဟာ ပြန်လည်နည်းပါးသွားပါတယ်။
ဒီသီိအိုရီဟာ အမေရိကန်ရဲ့ အချက်အလက်တွေကို ယူထားတာပါ။ အမေရိကန်အသိုင်းအ၀ိုင်းရဲ့ ထိပ်သီး ၁% ရဲ့ ပိုင်ဆိုင်မှုဟာ ၁၇၇၅မှာ ၁၅%ကနေပြီးတော့ ၁၉၃၅မှာ ၄၅% ထိတက်လာပြီးတော့ ၁၉၇၀ ပြည့်လွန်နှစ်တွေမှာတော့ ပြန်လည်ကျဆင်းသွားပါတယ်။ အဲဒီ ကိန်းဂဏန်းတွေကိုပဲ တိန့်ရှောင်ဖိန်က မျက်စိကျသွားပုံပေါက်ပါတယ်။ ၁၉၇၀ ပြည့်လွန် တရုတ်နိုင်ငံစီးပွားရေးပြောင်းလဲမှုမှာ တိန့်ဟာ သူ့ရဲ့ ကျော်ကြားလှတဲ့ ဒီလိုစကားတွေကို ပြောခဲ့ပါတယ်။ `တချို့တွေကို အရင်ချမ်းသာကြပါစေ` ဆိုပြီး ပြောခဲ့တာဟာ ကျန်တဲ့သူတွေလည်း နောက်တော့ လိုက်လာပါလိမ့်မယ်လို့ ယူဆထားပုံပေါ်ပါသည်။

ဒါပေမယ့် အမေရိကန်အတွက် အလုပ်ဖြစ်ခဲ့ပေမယ့် အာရှအတွက်လည်း ထပ်တူအသုံးကျလိမ့်မယ်လို့တော့ မမျှော်လင့်နိုင်ပါဘူး။ အာရှဟာ အမေရိကန်နဲ့ မတူပါဘူး။ ဖွံ့ဖြိုးဆဲနိုင်ငံ အတော်များများမှာ လူဦးရေသိပ်သည်းလှပါတယ်။ ဆိုလိုတာက ဆင်းရဲတဲ့သူတွေဟာ အုပ်စုဖွဲ့သွားနိုင်ပြီး အတော်အသင့် အာဏာတွေ ရှိလာနိုင်ပါတယ်။ နောက်ပြီး ပြည်သူလူထုအကျိုးမျှော်ဝါဒတွေ ကိုင်စွဲပြီး ချက်ချင်းလုပ်ဆောင်ပေးဖို့ နိုင်ငံရေးပါတီတွေကို တွန်းအားပေးလာနိုင်ပါတယ်။ နောက်တစ်ချက်အနေနဲ့ အရင်ကနဲ့ မတူတော့တာက ဒီခေတ်ကြီးထဲမှာ နည်းပညာတွေကိုသုံးပြီး ဝေးလံခေါင်သီတဲ့ ဒေသတွေအထိ လွယ်လွယ်ကူကူ ဆက်သွယ်လို့ရနေပါတယ်။ ဒါကြောင့် ဆင်းရဲသားတွေဟာ လွယ်လွယ်ကူကူပဲ နိုင်ငံ့အထက်တန်းလွှာတွေရဲ့ စည်းစိမ်တွေကို သတိမူမိပြီး မိမိတို့ရဲ့ နစ်နာမှုတွေ ဆင်းရဲမွဲတေမှုတွေအတွက် မကျေနပ်ချက်တွေကို အင်နဲ့အားနဲ့ နှိုးဆွလာနိုင်ပါတယ်။

လွှဲမှားတဲ့ ဖြေရှင်းချက်များ (Misguided Solutions)

စီးပွားရေးသီအိုရီတွေနဲ့ ဟောကိန်းထုတ်ထားတဲ့အတိုင်း တသွေမတိမ်း ဖြစ်လာမယ်ဆိုပြီး စိတ်ရှည်ရှည်စောင့်နေစရာ မလိုပါဘူး။ သွယ်ဝိုက်တဲ့နည်းလမ်းတွေ၊ ချဉ်းကပ်မှုတွေကနေ ဘာထူးခြားချက်တွေများ ရမလဲလို့ အရင်မဆွေးနွေးခင်ကိုပဲ ဒီလိုတဖက်လမ်းကနေ လေ့လာသုံးသပ်ပြီး စီးပွားရေးမညီမျှမှုအကြောင်းရင်းတွေကို အကြမ်းဖျဉ်းကြည့်ရင်ကို အကျိုးထူးပါလိမ့်မယ်။

စီးပွားရေးဖွံ့ဖြိုးမှုအရှိန်နဲ့ ဆင်းရဲမွဲတေမှုလျှော့ချမယ်လို့ ဆိုကြပေမယ့် တကယ့်အခြေအနေမှာတော့ ဆင်းရဲမွဲတေမှုက ပိုမိုဆိုးရွားလာနေတာမို့ ဒီစီမံကိန်းတွေဟာ အဟန့်တားခံနေရပါတယ်။ ဆင်းရဲမွဲတေမှုနှုန်း ကျဆင်းဖို့ဆိုရင် စီးပွားရေးကို ဘယ်လိုလုပ်ရမလဲ။ လူတစ်ယောက်ချင်းစီရဲ့ ပျမ်းမျှအသုံးစရိတ် မြင့်မားလာဖို့လိုပါတယ်။ ဒီအသုံးစရိတ်တွေကနေ တန်းတူညီမျှတဲ့ ၀င်ငွေဖြန့်ဝေမှု ပိုရလာပါလိမ့်မယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ အစီရင်ခံစာမှာ ဆိုထားပါတယ်။

ဒီနေရာမှာ ကျွန်တော်မေးခွန်းတွေ ထုတ်ချင်ပါတယ်။ အဲဒီနှစ်ခုကို ပြိုင်တူလုပ်ဖို့ ပိုပြီးတောင် ဖြစ်နိုင်ပါ့မလားလို့ပါ။ ပြီးခဲ့တဲ့ ဆယ်စုနှစ် ၂ ခုအတွင်း အာရှနိုင်ငံတွေက လက်ခံယုံကြည်ထားတဲ့ စည်းမျဉ်းစည်းကမ်းလျော့ရဲရဲနဲ့ လွတ်လပ်တဲ့ဈေးကွက်တွေနဲ့ မောင်းနှင်ထားတဲ့ စီးပွားရေးတိုးတက်မှုဟာ သာတူညီမျှတဲ့ လူ့အဖွဲ့အစည်းနဲ့ လိုက်လျောညီထွေဖြစ်ပါ့မလား။ ဒါမှမဟုတ် အဲဒီတိုးတက်မှုဟာ ထိပ်ဆုံးကနေပြီး မညီမျှမှုတွေရဲ့ တရားခံများ ဖြစ်နေမလား။

အင်း.. ခပ်လွယ်လွယ်သာပြောရရင်တော့ နောက်ဆုံးအဖြေလေးကို ထောက်ခံချင်သလိုလိုပါပဲ။ အရင်းရှင်စီးပွားရေးဆိုတာဟာ တီထွင်ကြံဆမှု၊ ကျွမ်းကျင်မှု၊ ပညာအရည်အချင်း၊ လုပ်သားအင်အားနဲ့ မတည်ငွေတို့ကြောင့် အကျိုးဖြစ်ထွန်းတာပါ။ အဲဒီထဲက တစ်ခုခုကိုသာ နည်းနေမယ်ဆိုရင် ရလာမယ့် အကျိုးကျေးဇူးကလည်း နည်းပါးနေမှာပါ။ ပုံမှာကြည့်ရင် တရုတ်နိုင်ငံရဲ့ စီးပွားရေးပြုပြင်ပြောင်းလဲခဲ့တဲ့ ၁၉၇၀ ပြည့်လွန်နှစ်တွေကစလို့ ၀င်ငွေမညီမျှမှုဟာ တဟုန်တိုးမြင့်တက်ခဲ့ပြီး အကျဆိုတာ မရှိခဲ့ပါဘူး။ အလားတူပဲ အိန္ဒိယနိုင်ငံရဲ့ စီပွားရေးလျှော့ပေါ့ပြောင်းလဲခဲ့တဲ့ ၁၉၉၁ ခုနှစ်ကစလို့ ၀င်ငွေမညီမျှမှု မျဉ်းဟာ တသမတ်တည်း တက်နေခဲ့ပါတယ်။


စီးပွားရေးလျှော့ပေါ့ ပြုပြင်ပြောင်းလဲလိုက်တာဟာ ၀င်ငွေမညီမျှမှုရဲ့ အကြောင်းရင်းလို့ စွပ်စွဲလိုတာမဟုတ်ပါဘူး။ ၂၀၀၇ ခုနှစ် လွတ်လပ်တဲ့စီးပွားရေးကွန်ယက်ကနေ ထုတ်ဝေလိုက်တဲ့ လေ့လာမှုတစ်ခုမှာ လွတ်လပ်တဲ့စီပွားရေး အိုင်ဒီယာတွေဟာ ဆင်းရဲသားတွေကို ဆိုးဝါးစေတဲ့ အချက်တွေတစ်ခုမှ မရှိပါဘူးလို့ သက်သေပြထားပါတယ်။ အဲဒီအစီရင်ခံစာမှာပဲ နိုင်ငံတစ်ခုဟာ စီးပွားရေးအရ ပိုပြီးလွတ်လပ်မှုရှိလေလေ၊ ဆင်းရဲသားတွေရဲ့ ၀င်ငွေတွေဟာလည်း မြင့်မားလေလေဖြစ်ပြီး ပျမ်းမျှဝင်ငွေ၊ ဘ၀သက်တမ်းနဲ့ ပတ်ဝန်းကျင်တွေပါ ဒွန်တွဲပြီး ကောင်းမွန်လာတယ်လို့ ဆိုထားပါတယ်။

ဒါဆိုရင် မညီမျှမှုရဲ့ တရားခံဟာ လွတ်လပ်တဲ့ဈေးကွက်နဲ့ မောင်းနှင်တဲ့ တိုးတက်မှုမဟုတ်ပါဘူး။ ဒါပေမယ့် ဒီတိုးတက်မှုဟာ ပထ၀ီနယ်ပယ်အလိုက် ဘယ်လိုပြန့်နှံ့နေသလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ ဥပမာ- မြို့ကြီးတွေနဲ့ ကျေးလက်တွေပေါ်မူတည်ပြီး ပြန့်နှံ့ပုံခြင်းမတူတာမျိုး။ စိုက်ပျိုးရေးပေါ်မူတည်တဲ့ စက်ရုံတွေနဲ့ စိုက်ပျိုးရေးနဲ့ မပတ်သက်တဲ့ စီးပွားရေးတွေရဲ့ သက်ရောက်ပုံမတူတာမျိုးတွေပေါ် မူတည်ပြီး မညီမျှမှုတွေရှိလာပါတယ်။

ဒါကြောင့် ယနေ့အာရှရဲ့ အကြီးမားဆုံးစိန်ခေါ်မှုအတွက် အဖြေကိုရှာဖွေနားလည်ဖို့ လိုအပ်လှပါတယ်။ ၀င်ငွေဖြန့်ဝေမှု (Income Distribution)၊ လူမှုရေးပြုပြင်မှု (Social Redress) တွေကို အဖြေလို့ဆိုရင် ဒါဟာ မပြည့်စုံသလို ထိလည်းမထိရောက်ပါဘူး။ ပိုတောင်ဆိုးနေပါဦးမယ်။ ဘာလို့လဲဆိုတော့ စီးပွားရေးမညီမျှမှုရဲ့ ဇာတ်မြစ်ဟာ မှားယွင်းနေလို့ပါပဲ။ ဆိုးဝါးနေတဲ့ မညီမျှမှုတွေကို ဖော်ပြထားတဲ့ ကိန်းဂဏန်းတွေဟာ ကုသဖို့လိုတဲ့ ရောဂါအဆင့်ထိတော့ မရောက်သေးပါဘူး။ ဒါပေမယ့် မအီမသာအခြေအနေကို ဖော်ညွှန်းနေတဲ့ ရောဂါလက္ခဏာထက်တော့ ပိုပါတယ်။ စီးပွားရေးဖွံ့ဖြိုးမှု ညီညီညွှတ်ညွှတ် မပြန့်နှံ့ခဲ့ရင် လူတွေအချင်းချင်းကြား အခွင့်အရေးတွေလည်း မမျှတတော့ပါဘူး။ တနည်းပြောရမယ်ဆိုရင် ၀င်ငွေတွေမညီတော့ပါဘူး။ ၀င်ငွေမညီမှတော့ စီးပွားရေးမညီညွှတ်မှုပဲ ဖြစ်နေပြီပေါ့ဗျာ။


ရေရှည်မှာ ညီမျှအောင် ကျွန်တော်တို့ ကြိုးစားရမှာက တန်းတူအခွင့်အရေးပါ ၀င်ငွေမဟုတ်ပါဘူး။ ဒီလိုလုပ်ခြင်းအားဖြင့် မညီမျှမှုတွေကို အမြစ်ဖြုတ်နိုင်မယ်လို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ အနည်းဆုံးတော့ တရိပ်ရိပ်တက်လာတဲ့ စီးပွားရေးအင်အားနဲ့ လိုက်ပြီး မညီမျှမှုတွေ ပိုဆိုးမလာအောင် ထိန်းထားနိုင်မယ့် ခြေလှမ်းတစ်ရပ်တော့ ဖြစ်ပါလိမ့်မယ်။

ESLH Framework

ကျွန်တော်တို့လုပ်ဖို့ ကျန်နေတာကတော့ သာတူညီမျှအခွင့်အရေးရှိမယ့် အကြံဥာဏ်တွေကနေ မူဝါဒလမ်းညွှန်ချက်တွေဖြစ်အောင် ပြောင်းလဲပစ်ဖို့ပါပဲ။ အကြံပြုချက်အသေးစိတ်ကိုတော့ ဒီစာထဲမှာ ကျွန်တော်ထည့်ရေးမှာ မဟုတ်ပါဘူး။ ကျွန်တော်လုပ်ချင်တာက အကြမ်းဖျဉ်းဘောင်လေးတစ်ခု လုပ်ချင်ပါတယ်။ ဒါကို သမိုင်းကသင်ယူရမယ့် စီးပွားရေးထိန်းသိမ်းရေး ဘောင်လုပ်ငန်းစဉ် (Economic Sustainability Lessons from History, or ESLH, framework) လို့ခေါ်ချင်ပါတယ်။ ဒီလုပ်ငန်းစဉ်ကနေ ကမ္ဘာ့စီးပွားရေး သမိုင်းမှာ လက်တွေ့မက်ခရိုစီးပွားရေး အချက်အလက်တွေကို ဘောင်ခတ်လေ့လာပြီး ကျွန်တော်တို့ကိုယ်ပိုင် လမ်းညွှန်ချက်အနေနဲ့ အသုံးချဖို့ပဲဖြစ်ပါတယ်။

စီးပွားရေးဖွံ့ဖြိုးမှုနဲ့ ဒွန်တွဲနေတဲ့ မညီမျှမှုတွေကို နည်းပါးစေမယ့် နည်းလမ်းတွေက မူဝါဒချမှတ်သူတွေ၊ ရင်းနှီးမြုပ်နှံသူတွေနဲ့ စီးပွားရေးပညာရှင်တွေအတွက် နှစ်လိုဖွယ်မကောင်းဘူးဆိုတာကို ကျွန်တော်သိပါတယ်။ ဒီ ESLH Framework ရဲ့အခြေခံကလည်း တိုးတက်တဲ့နိုင်ငံတွေရဲ့ သမိုင်းမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်နေလျက် ၀င်ငွေမညီမျှမှုတွေကို လျှော့ချပစ်နိုင်တဲ့ ဥပမာကောင်းတွေကို ရှာဖွေသုံးသပ်ချင်တာပါ။ အဲဒီလို ရှာဖွေနိုင်ပြီဆိုရင် ဒါတွေကို အသေးစိတ်လေ့လာနိုင်မယ်။ ဒီကနေ စီးပွားရေးကို တစ်ဖက်ကနေ တိုးတက်အောင်လုပ်နေရင်း သာတူညီမျှတဲ့ အခွင့်အရေးတွေရအောင် လူတစ်ဦးချင်းဝင်ငွေ ကွာဟမှုနည်းပါးမယ့် နည်းလမ်းတွေကို ဖော်ထုတ်အကောင်အထည်ဖော်နိုင်ပါမယ်။

ဒီ Framework အနေနဲ့ မက်ဆီကိုရဲ့ ဥပမာလေးကို လေ့လာရအောင်ပါ။ ၁၉၉၉ ကနေ ၂၀၀၈ အထိ မက်ဆီကိုရဲ့ Gini အညွှန်းကိန်းဟာ ၅၃ ကနေ ၄၆ အထိ ၇%အထိ ကျသွားပါတယ်။ နှစ်ပေါင်း ၆၀ အတွင်း နိုင်ငံရဲ့ စံချိန်တင်ကျဆင်းမှုပဲ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ နိုင်ငံရဲ့ အသားတင်ထုတ်ကုန်ဟာ ပျမ်းမျှ ၃% နဲ့ ဆက်တိုက် တိုးတက်နေပါတယ်။


ဒီအတွေ့အကြုံကနေ ကျွန်တော်တို့ ဘယ်လိုအကြံတွေ ရနိုင်မလဲ..။ သေချာတာကတော့ လက်တင်အမေရိကနဲ့ အာရှရဲ့ စီးပွားရေးပုံစံချင်း မတူပါဘူး။ မက်ဆီကိုအတွက် အသုံးတည့်တာတွေဟာ အာရှအတွက် သင့်တော်ချင်မှ သင့်တော်ပါလိမ့်မယ်။ ဒါပေမယ့် အနည်းဆုံးတော့ မက်ဆီကိုရဲ့ နည်းလမ်းတွေထဲက တစ်ခုတစ်လေတော့ အာရှကို ညီညီမျှမျှနဲ့ စီးပွားရေးတိုးတက်မှုရအောင် သင်ခန်းစာပေးနိုင်ပါလိမ့်မယ်။

အဲဒီထဲက တစ်ချက်ကတော့ `ကျေးလက်ဒေသတိုးတက်မှုအပေါ် အာရုံစိုက်ခြင်း` ပဲဖြစ်ပါတယ်။ ကျေးလက်ဒေသ ဆင်းရဲမွဲတေမှု လျှော့ချလိုက်နိုင်ခြင်းဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေမှာ မက်ဆီကိုရဲ့ စီးပွားရေးတိုးတက်မှုအပေါ် သိသိသာသာ သက်ရောက်စေခဲ့နိုင်ရုံမက မညီမျှမှုတွေကိုလည်း သက်သာစေခဲ့ပါတယ်။ သက္ကရာဇ် ၂၀၀၀ ကနေ ၂၀၀၄ ကြားမှာ တစ်နိုင်ငံလုံးဆင်းရဲမွဲတေမှုကို ၇% လျှော့ချနိုင်ခဲ့ပါတယ်။ ဒါဟာ ကျေးလက်ဒေသဖွံ့ဖြိုးမှုကြောင့်လို့ ဆိုရမှာပါ။ ဘာလို့လဲဆိုတော့ ကျေးလက်ဒေသရဲ့ ဆင်းရဲမှုကို ၄၂.၄% ကနေ ၂၇.၉% အထိလျှော့ချနိုင်ခဲ့လို့ပါ။

ကမ္ဘာ့ဘဏ်ကတော့ ဒီလောက်ပမာဏလျှော့ချနိုင်မှုဟာ `မက်ခရိုစီးပွားရေး တည်ငြိမ်မှုနဲ့ စိုက်ပျိုးရေးမဟုတ်တဲ့ တခြားလုပ်ငန်းခွဲတွေ (ဥပမာ၊ ခရီးသွားလုပ်ငန်းနဲ့ ၀န်ဆောင်မှုလုပ်ငန်း) ကနေရတဲ့ ၀င်ငွေခွဲတွေ` ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအချက်ဟာလည်း အာရှရဲ့ တချို့အစိတ်အပိုင်းတွေမှာ အသုံးချကောင်းချနိုင်ပါလိမ့်မယ်။

ဂန္ဒီကပြောပါတယ်။ အိန္ဒိယဟာ ကျေးရွာတွေမှာပဲ နေတာပါတဲ့။ ဒီစကားဟာ လွတ်လပ်ရေးရပြီး ၆၃ နှစ်ကြာထိ မှန်ကန်နေဆဲပါ။ ယနေ့ နိုင်ငံလူဦးရေ တစ်ဘီလီယံကျော်ရဲ့ ၇၂% သောလူဦးရေဟာ ကျေးလက်မှာ နေထိုင်နေကြပါတယ်။ ဒီလိုပဲ နီပေါမှာ ၈၅ ရာနှုန်း၊ သီရိလင်္ကာမှာ ၇၉ ရာနှုန်း၊ ဘင်္ဂလားဒေ့ရှ်မှာ ၇၆ ရာနှုန်းနဲ့ ပါကစ္စတန်ရဲ့ ၆၆ ရာနှုန်း လူဦးရေတွေဟာ ကျေးလက်မှာ နေထိုင်သူတွေ ဖြစ်ပါတယ်။ သမိုင်းတလျှောက်မှာ အဲဒီဒေသတွေဟာ နိုင်ငံဝင်ငွေကို အဓိကထောက်ပံ့ပေးခဲ့တဲ့ နေရာတွေဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ငံရဲ့ ဂျီဒီပီမှာ စိုက်ပျိုးရေးကရတဲ့ ၀င်ငွေအချိုးတဖြည်းဖြည်း နည်းပါးလာတာနဲ့အမျှ ကျေးလက်ဒေသတွေမှာ အခြေခံအဆောက်အဦးတွေ ဖွံ့ဖြိုးတိုးတက်ဖို့ အင်မတန်အရေးကြီးလာပါတယ်။ ဥပမာ- မက်ဆီကိုမှာဆိုရင် ကျေးလက်ဒေသတွေကို ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတွေအဖြစ် အသွင်းပြောင်းလဲပစ်တာ မျိုးပါ။

မြို့ကြီးတွေကို နတ်ဘုံနတ်နန်းသမျှ ဆောက်လုပ်၊ ပြီးတော့ ကျေးလက်လူထုကို မြို့တွေဆီ အလုပ်တက်လုပ်အောင် ဆွဲဆောင်တာမျိုးထက် ကျေးလက်ဒေသတွေကို တိုးတက်အောင်လုပ်တာက ပိုအကျိုးရှိပါတယ်။ အဲလိုလုပ်ပေးခြင်းအားဖြင့် ဒေသခံတွေကို မိသားစုနဲ့မခွဲမခွာပဲ ရင်းနှီးကျွမ်းဝင်ပြီးသား ဒေသမှာတင်ပဲ အခွင့်အရေးတွေအများကြီး ရရှိစေပါတယ်။ အာရှမြို့အတော်များများမှာ ဒီလိုပြောင်းရွှေ့မှုတွေကြောင့် မြို့နေလူဦးရေ မတရားတိုးပွားလာမှုနဲ့ အခြေခံအဆောက်အဦ မလုံလောက်မှုတွေနဲ့ ၀န်ပိနေကြပါတယ်။ ကျေးလက်ဒေသကို တိုးတက်အောင် လုပ်ပေးခြင်းအားဖြင့် မြို့တွေဆီကို တပြုံတခေါင်းကြီး ပြောင်းရွှေ့တာမျိုးကိုလည်း ကာကွယ်နိုင်မှာပါ။ နောက်ပြီးတော့ ကျေးလက်ဒေသတွေမှာ ရင်းနှီးမြုပ်နှံမှုတွေ ပိုမိုဆွဲဆောင်နိုင်ပြီး လူ့အသိုင်းအ၀ိုင်းတစ်ခုလုံး သာတူညီမျှစွာ တချိန်တည်း တိုးတက်မှုအသီးအပွင့်ကို ခံစားနိုင်မှာ ဖြစ်ပါတယ်။

မက်ဆီကိုရဲ့ အတွေ့အကြုံတွေကို သင်ခန်းစာယူပြီးတော့ အားလုံးပါဝင်တဲ့တိုးတက်မှု ရရှိဖို့အတွက် အာရှခေါင်းဆောင်တွေ အနည်းဆုံးလုပ်နိုင်တဲ့အချက်ကတော့ `ကျေးလက်ဒေသတွေကို ဖွံ့ဖြိုးအောင်လုပ်ဖို့` ပါပဲ။ ဒါက သင်ခန်းစာတစ်ခုပဲရှိသေးတယ်လေ..။ ဒီသင်ခန်းစာတစ်ခုမှပဲ ရပ်မနေပဲ ESLH Framework ကို တခြားနေရာတွေမှာ အသုံးချပြီး သမိုင်းတလျှောက်မှာ တခြားနိုင်ငံတွေရဲ့ စီးပွားရေးစွမ်းဆောင်မှု အားသာချက်တွေကို သင့်တော်သလို လေ့လာနိုင်ပါသေးတယ်။

နိဂုံး (Conclusion)

ထွန်းသစ်စ အာရှဒေသအတော်များများမှာ ပြီးခဲ့တဲ့ စီးပွားရေးပျက်ကပ်ဟာ အတိတ်သမိုင်းဖြစ်ခဲ့ပါပြီ။ အဲဒီသမိုင်းဟာ ကျွန်တော်တို့ကို သင်ခန်းစာတွေ ပေးပါလိမ့်မယ်။ ဒါပေမယ့် လာမယ့်အနာဂတ်မှာ ဒါမျိုးထပ်မဖြစ်ရတော့ပါဘူး။ အနာဂတ်ဟာ တကယ်ကို လှပနေပါတယ်။ မရပ်မနားခရီးဆက်ခဲ့ပြီး ရေပန်းစားလှတဲ့ အာရှရဲ့ စီးပွားရေးအင်အားကြီးထဲမှာတော့ ဆင်းရဲသားတွေ အတော်များများ ကျန်နေခဲ့ပါတယ်။ တိုက်ကြီးတစ်ခုလုံး နိုင်ငံအတော်များများမှာ စီးပွားရေးမညီမျှမှုတွေက အတော့်ကို ဖိစီးမှု ပေးနေပါတယ်။ ပြီးတော့ `ပြည်သူတွေအတွက် စီးပွားရေးတိုးတက်မှု` ဆိုတဲ့ အစိုးရတွေရဲ့ ရည်မှန်းချက်တွေကိုလည်း ပြည့်ပြည့်၀၀ မဆောင်ရွက်နိုင်ကြပါဘူး။

အောက်ခြေထစ်ဆင်းရဲသားတွေကအစ အားလုံးတန်းတူပါဝင်တဲ့ ဖွံ့ဖြိုးမှုပုံစံကို စံပြုထားတဲ့ အာရှနိုင်ငံတွေအတွက် ဒီလိုဖွံ့ဖြိုးတိုးတက်မှုတွေကို ရေရှည်ထိန်းသိမ်းထားနိုင်ဖို့ဟာ အလွန်အရေးကြီးပါတယ်။ ကျွန်တော်အဆိုပြုထားတဲ့ ESLH Framework တွေက သမိုင်းတလျှောက်မှာ စီးပွားရေးဖွံ့ဖြိုးနေပေမယ့် မညီမျှမှုတိုးပွားမလာတဲ့ ကာလတွေကို ရှာဖွေထုတ်ဖော်ထားပါတယ်။ အဲဒီအချိန်က ဘယ်လိုလုပ်ခဲ့တယ်ဆိုတာ လေ့လာရပါမယ်။ ဒါပေမယ့် ဒီ Framework ဟာ ထိရောက်တဲ့ပြောင်းလဲမှုအတွက် ခြေလှမ်းတစ်ရပ်မျှသာ ဖြစ်ပါတယ်။ ဒီစာမှာ ကျွန်တော်ပြောချင်တဲ့ အဓိကအချက်ကတော့ ကျွန်တော်တို့ဟာ စီးပွားရေးတိုးတက်မှုကနေ တစ်ယောက်ချင်းစီရဲ့ အခွင့်အရေးတွေကို မဖန်တီးပေးနိုင်သ၍ ယောကျာ်းဖြစ်စေ၊ မိန်းမဖြစ်စေ လူအတော်များများဟာ ဘ၀မျှော်လင့်ချက်တွေကို လက်မြှောက်အရှုံးပေးလိုက်ပြီး လမ်းဘေးမှာ တစ်ရှူးရောင်းရတဲ့ အလုပ်တွေကိုပဲ လုပ်ကိုင်နေရပါလိမ့်မယ်။

ခင်မင်လျက်
နေ၀သန်

သုံးနှစ်ပြည့်ဘလော့ခ်နှင့် အမှတ်တရ လေ့လာမှုသင်ခန်းစာ

$
0
0
ဒီအကြောင်းကို ဒဏ္ဍာရီဆန်ဆန် တစွန်းတစ ကြားဖူးပါလိမ့်မယ်..။

ရုပ်ရှင်အနေဖြင့်လည်း ကြည့်ဖူးပါလိမ့်မယ်...။

ပြင်ပလောကမှာ တကယ်မရှိဘူးဟုလည်း ယုံကြည်ထားကောင်း ယုံကြည်ပါလိမ့်မယ်..။

ဒါပေမယ့်.... ပြင်ပလောကမှာ အမှန်တကယ်တည်ရှိနေပါတယ်။  အဲဒီအရာရဲ့ ပုံပန်းသဏ္ဍာန်ဟာ ခြောက်ခြားဖွယ်ရာ၊ ဆွေးမြေ့ဖွယ်ရာ၊ အထီးကျန်ဖွယ်ရာတော့ဖြစ်ပေမယ့် စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းများဖြင့် ပြည့်နှက်နေပြီး အတိတ်သမိုင်းကြောင်းကို မီးမောင်းထိုးပြ နိုင်ပါတယ်..။

အဲဒီအရာကတော့ `စစ်သင်္ဘောကျွန်းငယ်` လို့ အမည်ရတဲ့ ကျွန်းငယ်လေးတစ်ခုပင်ဖြစ်ပါတယ်..။

အဲဒီကျွန်းငယ်လေးက ဘာကြောင့် စိတ်ဝင်စားဖို့ကောင်းသလဲ.. ဘယ့်အတွက်ကြောင့် ထင်ရှားသလဲ.. ဆိုတာကိုတော့ ကျွန်တော့်ရဲ့ ဘလော့ခ်သုံးနှစ်ပြည့်တဲ့ ဧပြီလ ၇ ရက်နေ့မှာ အမှတ်တရအဖြစ် ရေးသားလိုက်ရပါတယ်။

......................................

နိဒါန်း

ရေပြင်ပေါ်မှာ ပြေးလွှားနေသည့် ရေယာဉ်ငယ်လေးပေါ်မှ ကင်မရာတစ်လုံးနှင့် ကျွန်တော်အလုပ်ရှုပ်နေခဲ့ပါတယ်။ မကြာခင်မြင်တွေ့ရတော့မယ့် ကျွန်တော်အလွန် စိတ်ဝင်စားလွန်းလှတဲ့ ကျွန်းငယ်လေးကို မျှော်မှန်းရင်း ပင်လယ်လေကို တ၀ကြီးရှူလိုက်မိပါတယ်။

အရင်ကတော့ အဲဒီကျွန်းလေးကို ဟရှိမကျွန်းလို့ခေါ်ပါတယ်။ ဂျပန်နိုင်ငံ အနောက်တောင်ဘက် နာကာဆာကီကျွန်းဆွယ်ရဲ့ အနောက်ဖက် ၄.၅ ကီလိုမီတာအကွာ၊ နာကာဆာကီဆိပ်ကမ်းရဲ့ အနောက်တောင်ဘက် ၁၉ ကီလိုမီတာအကွာမှာ တည်ရှိပါတယ်။  အလွန်ကို သေးငယ်လှတဲ့ ကျွန်းလေးဖြစ်ပြီးတော့ နယ်မြေအကျယ်အားဖြင့် အရှေ့အနောက် ၁၆၀ မီတာနှင့် တောင်မြောက် ၄၈၀ မီတာသာရှိပါတယ်။  ကျွန်းငယ်လေးဟာ မြင့်မားတဲ့ နံရံများဖြင့် ၀န်းရံထားပြီး ကျွန်းပေါ်တွင် အထပ်မြင့် ကွန်ကရစ်အဆောက်အဦးများဖြင့် ပြည့်နှက်နေတာကြောင့် တိုဆာစစ်သင်္ဘောနဲ့ တူနေတာကြောင့် နောက်ပိုင်းမှာတော့ `စစ်သင်္ဘောကျွန်းငယ်` (Battleship Island) လို့ပြောင်းလဲ ခေါ်ဝေါ်ခဲ့ပါတယ်။

ဒီကျွန်းလေးဟာ အခုအခါမှာတော့ လူသူတစ်ယောက်မှ မရှိတော့တဲ့ နေရာဖြစ်ပါတယ်။ ပြိုပျက်ကျလု အဆောက်အဦးတွေနဲ့ပြည့်နေတဲ့ ဒီကျွန်းကို ခပ်လှမ်းလှမ်းကနေကြည့်လိုက်ရင်ကိုပဲ တစ္ဆေတစ်ကောင်အလား ကြောက်မက်ဖွယ်ရာ ကောင်းလှပါတယ်။ ဒီလိုကြောက်စရာကောင်းနေရင်းကပဲ ကမ္ဘာ့ခေတ်သစ် အမွေအနှစ်စာရင်းထဲကို ၀င်ဖို့ အဆိုတင်သွင်းခံနေရပြန်ပါတယ်..။ ဒီကျွန်းဟာ ဘယ်လိုအတိတ်သမိုင်းတွေကို ဖော်ညွှန်းနေတာလည်းဆိုတာ ပြန်လေ့လာကြည့်ရအောင်ပါ..။

အတိတ်သမိုင်း

သက္ကရာဇ် ၁၈၁၀ ၀န်းကျင်မှာ ဒီကျွန်းပတ်ဝန်းကျင်မှာ ကျောက်မီးသွေးတွေ စတင်တွေ့ရှိခဲ့ပါတယ်။ အဲဒီအချိန်ကတော့ စွန့်စားတဲ့ လူစုအနည်းငယ်သာ ကျောက်မီးသွေးတွေကို တူးဖော်ခဲ့ပါတယ်။ ၁၈၉၀ ခုနှစ်မှာတော့ ဒီကျောက်မီးသွေးတွင်းကို မစ်ဆူဘီရှီကုမ္ပဏီက ထိန်းချုပ်လိုက်တဲ့နောက် ကျောက်မီးသွေးတွေကို အကြီးအကျယ်စတင်တူးဖော်ခဲ့ပါတယ်။

ကျောက်မီးသွေးတွေ အမြောက်အမြားထွက်လာတာနဲ့အမျှ ဒီကျွန်းပေါ်ကို လူတွေတဖြည်းဖြည်း ပြောင်းရွှေ့ခဲ့ကြပါတယ်။ တချိန်တည်းမှာပဲ အဲဒီလူတွေ နေထိုင်နိုင်ဖို့ အထပ်မြင့်အဆောက်အဦးတွေကို ကွန်ကရစ်နည်းပညာသုံးပြီး ဆောက်လုပ်ခဲ့ရပါတယ်။ လူတွေအကြီးအကျယ် ပြောင်းရွှေ့နေထိုင်ခဲ့တာမို့ အဲဒီအချိန်က အဲဒီကျွန်းသေးသေးလေးမှာ လူဦးရေ ၅၃၀၀ နေထိုင်ခဲ့ပြီး လူဦးရေသိပ်သည်းမှုအရ ဂျပန်နိုင်ငံ မြို့တော်တိုကျိုထက် ၉ ဆပိုများခဲ့ပါတယ်။

တဖြည်းဖြည်း ခေတ်တွေပြောင်းလာတဲ့နောက် စွမ်းအင်ကဏ္ဍဟာ ကျောက်မီးသွေးကနေ ရေနံပေါ် မှီခိုလာတဲ့နောက် ကျောက်မီးသွေးဝယ်လိုအားတွေ ကျဆင်းလာခဲ့ပါတယ်။ လုပ်ငန်းလည်ပတ်မှု နှေးကွေးလာတာနဲ့အမျှ ကျွန်းပေါ်မှာ နေထိုင်တဲ့ လူဦးရေတွေဟာလည်း တဖြည်းဖြည်း နည်းပါးလာခဲ့ပါတယ်။ ၁၉၇၄ ခုနှစ်ရောက်တဲ့အခါမှာတော့ ကျောက်မီးသွေးမိုင်းကို ပိတ်လိုက်ရပြီး လူတွေအားလုံး ကျွန်းကို စွန့်ခွာခဲ့ကြပါတယ်။ အဲဒီအချိန်ကစလို့ ဒီကျွန်းဟာ လူတစ်ဦးမှ မရှိတော့ပဲ အဆောက်အဦးထီးထီးကြီးတွေသာ ကျန်ရစ်ခဲ့ပါတော့တယ်။

ဒီလိုနဲု့ နှစ်ပေါင်းများစွာ စွန့်ပစ်ခံထားရတဲ့ ဒီကျွန်းဟာ ၂၀၀၉ ခုနှစ်မှာတော့ ဂျပန်အစိုးရရဲ့ စီစဉ်မှုနဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အောင် ကြိုးပမ်းခဲ့ကြပါတယ်။ ဒီအချိန်မှာတော့ အဆောက်အဦးတွေဟာ လုံခြုံစိတ်ချရတဲ့ အခြေအနေမရှိတာကြောင့် လူတွေကို အဲဒီကျွန်းပေါ်တက်ခွင့် လုံးဝပိတ်ထားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ကျွန်းရဲ့ တချို့သောနေရာကို ပြင်ဆင်ပြီး ခရီးသွားတွေကို လေ့လာခွင့်ပေးခဲ့ပါတယ်။ အဲဒီအချိန်ကစလို့ နာကာဆာကီကို အလည်ရောက်လာတဲ့ ခရီးသွားတွေအတွက် Gunkanjima လို့ခေါ်တဲ့ ဒီစစ်သင်္ဘောကျွန်းလေးဟာ မဖြစ်ဖြစ်အောင် လည်ပတ်ကြည့်ရှုရတဲ့ ဆွဲဆောင်မှုတစ်ခုဖြစ်ခဲ့ပါတယ်။

ကျွန်းပေါ်က ကျောက်မီးသွေးတွင်းများ

သက္ကရာဇ် ၁၈၉၁ နဲ့ ၁၉၇၄ ခု အတောအတွင်း လူသားလုပ်အားတွေနဲ့ ကျောက်မီးသွေးတန်ချိန်ပေါင်း ၁၅.၇ သန်း ထုတ်လုပ်ခဲ့ပါတယ်။ ၁၈၈၇ ခုနှစ်မှာ ၄၄ မီတာအနက်ရှိတဲ့ ပထမသတ္တုတွင်းကို ဖွင့်ခဲ့ပါတယ်။ မီးလောင်မှုဖြစ်ပြီးတဲ့နောက် ၁၈၉၇ ခုနှစ်မှာ ဒီတွင်းကို ပိတ်ခဲ့ပါတယ်။ ၁၈၉၅ မှာတော့ ၁၆၈ မီတာနက်တဲ့ ဒုတိယတွင်းကို ထပ်ဖွင့်ခဲ့ပါတယ်။ ၁၉၃၄ ခုနှစ်မှာ ဒီတွင်းကို ၆၁၆ မီတာအနက်အထိ တိုးချဲ့နိုင်ခဲ့ပါတယ်။ ၁၈၉၆ မှာတော့ ၁၆၁ မီတာနက်တဲ့ တတိယတွင်းကို ထပ်ဖွင့်ခဲ့ပါတယ်။ ၁၉၂၅ ခုနှစ်မှာတော့ ၃၅၃ မီတာနက်တဲ့ စတုတ္ထတွင်းကို ဖွင့်လှစ်ခဲ့ပါတယ်။ နှစ်စဉ် ကျောက်မီးသွေးထုတ်လုပ်မှုအရ ၁၉၄၁ ခုနှစ်မှာ တန်ချိန် ၁၁၁၀၀ ထုတ်လုပ်နိုင်မှုဟာ အများဆုံးဖြစ်ခဲ့ပါတယ်။ ပထမတွင်းကလွှဲလို့ ကျန်တဲ့တွင်းတွေအားလုံးဟာ လုပ်ငန်းပိတ်သိမ်းလိုက်တဲ့အထိ အသုံးပြုခဲ့ပါတယ်။

လုပ်သားတို့၏ လုပ်ငန်းခွင်ဘဝ

ဒီမိုင်းတွင်းတွေမှာ အလုပ်လုပ်ရတဲ့ လုပ်သားတွေရဲ့ ဘ၀ဟာ ကြမ်းတမ်းလွန်းလှပါတယ်။ ပင်လယ်ရေမျက်နှာပြင်အောက် မီတာ ၁၀၀၀ ကျော်ကျော်လောက်မှာ နေ့စဉ်လုပ်ကိုင်ကြရပါတယ်။ အဲဒီနေရာကို ဆင်းနိုင်ဖို့ မတ်စောက်လှတဲ့ လမ်းတလျှောက် ကြိုးဆွဲရထားတွေနဲ့ သွားရပါတယ်။ အောက်ရောက်တဲ့အခါမှာတော့ အပူချိန် ၃၀ ဒီဂရီစင်တီဂရိတ်နဲ့ စိုထိုင်းဆ ၉၅% အခြေအနေမှာ လုပ်ကိုင်ကြရပါတယ်။ ဒီလိုနေရာမှာ နေ့စဉ်လုပ်ကိုင်နေရတဲ့ လုပ်သားတွေအတွက် တစ်ဦးနဲ့ တစ်ဦးမြင်တဲ့အခါ `ထိခိုက်မှုမရှိအောင် ဂရုစိုက်ပါ` ဆိုပြီး နှုတ်ဆက်တတ်ကြပါတယ်။

ကျွန်းပေါ်မှ လူနေဘဝ

လူဆိုတာ ရေကြည်ရာမြက်နုရာ လုပ်ကိုင်စားသောက်ရပါတယ်။ ဟရှိမကျွန်းမှာ ကျောက်မီးသွေးတွေ အလုပ်ဖြစ်တာကြောင့် လူအမြောက်အမြား ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ ဒီမိုင်းတွင်းတွေမှာ လုပ်ကိုင်မယ့် လုပ်သားတွေနဲ့အတူ ဇနီးမယား၊ မိသားစု စသည်ဖြင့် လိုက်ပါလာခဲ့ပါတယ်။ ဒီလို လူဦးရေတွေ နေထိုင်နိုင်ဖို့အတွက် ဟရှိမကျွန်းငယ်လေးကို ၆ ကြိမ်တိုင်တိုင်ချဲ့ခဲ့ရပါတယ်။ ၁၈၉၇၊ ၁၈၉၉၊ ၁၉၀၀၊ ၁၉၀၁၊ ၁၉၀၇ နဲ့ ၁၉၃၁ ခုနှစ်တို့မှာ အကြိမ်ကြိမ်ချဲ့ခဲ့ရပါတယ်။ လက်ရှိအချိန်မှာ လူလုပ်ကျွန်းတွေ အမြောက်အမြားပိုင်ဆိုင်ထားတဲ့ ဂျပန်နိုင်ငံရဲ့ နည်းပညာဟာ အဲဒီအချိန်ကတည်းက အတော်တိုးတက်နေတာကို မီးမောင်းထိုးပြနေတဲ့ ပုံရိပ်တွေဖြစ်ပါတယ်။

၁၉၁၆ ခုနှစ်မှာ ဂျပန်နိုင်ငံရဲ့ ပထမဆုံးကွန်ကရစ်နည်းပညာသုံး တိုက်ခန်းကို ဒီကျွန်းပေါ်မှာ တည်ဆောက်နိုင်ပါတယ်။ ၁၉၁၆ ခုနှစ်ကနေ ၁၉၇၀ ခုနှစ်အထိ ကျွန်းပေါ်မှာ တည်ဆောက်ခဲ့တဲ့ အဆောက်အဦးစာရင်းကို လေ့လာကြည့်ကြရအောင်ပါ။


၁၉၁၆          -      လုပ်သားအိမ်ရာ (အာစီခုနှစ်ထပ်)
၁၉၁၈          -      လုပ်သားအိမ်ရာ (အာစီကိုးထပ် ၅ လုံး)
၁၉၁၉          -      အများသုံးရေချိုးခန်းနှင့် လုပ်သားအိမ်ရာ (သုံးထပ် အာစီနှင့်သစ်သား)
၁၉၂၁          -      အိမ်ရာနှင့် စေတီပုထိုး (သစ်သားနှစ်ထပ်)
၁၉၂၅          -      လုပ်သားအိမ်ရာ (သုံးထပ်/သစ်သား)
၁၉၂၇          -      ရုပ်ရှင်ရုံ
၁၉၃၁          -      တည်းခိုခန်းနှင့် လုပ်သားအိမ်ရာ (အာစီငါးထပ်)
၁၉၃၆          -       ဂျပန်နတ်ကွန်း (တစ်ထပ်/သစ်သား)
                    -       လုပ်သားအဆောင် (နှစ်ထပ်/သစ်သား)
၁၉၃၉          -       မိုင်းလုပ်သားအိမ်ရာ
                    -       ဈေးဆိုင်နှင့် မိုင်းလုပ်သားအိမ်ရာ
၁၉၄၀          -       မိုင်းလုပ်သားလေ့ကျင့်ရေးဌာန (အာစီလေးထပ်)
၁၉၄၁          -       လုပ်သားအိမ်ရာ (အာစီငါးထပ်)
၁၉၄၅          -       မိုင်းလုပ်သာအိမ်ရာနှင့် ထိပ်ဆုံးထပ်တွင် မူကြိုကျောင်း (အာစီကိုးထပ်)
၁၉၅၀          -       လုပ်သားအိမ်ရာ (အာစီသုံးထပ်)
                    -        မိုင်းမန်နေဂျာအိမ်ရာ (နှစ်ထပ်/သစ်သား)
                    -        မိုင်းလုပ်သားလေ့ကျင့်ရေးဌာန (အာစီလေးထပ်)
၁၉၅၃          -         လုပ်သားအသင်းတိုက် (နှစ်ထပ်/သစ်သား)
                    -          သက်ကြီးရွယ်အိုအသင်း၊ မြို့တော်ခန်းမ၊ စစ်မှုထမ်းအိမ်ရာ (အာစီငါးထပ်)
                    -       ဈေးဆိုင်နှင့် မိုင်းလုပ်သားအိမ်ရာ (အာစီငါးထပ် သုံးလုံး)
၁၉၅၄          -        ရဲစခန်းတစ်ထပ်နှင့် မိုင်းလုပ်သားအိမ်ရာ (အာစီငါးထပ်)
၁၉၅၅          -        ကာဆီနိုရုံနှင့် လုပ်သားအိမ်ရာ (အာစီငါးထပ်)
၁၉၅၇          -        အများသုံးရေချိုးခန်း၊ စာတိုက်နှင့် မိုင်းလုပ်သားအိမ်ရာ (အာစီခြောက်ထပ်)
၁၉၅၈          -       ရောဂါဖြစ်နေသည့်လူကို ခွဲထားသည့်နေရာ (အာစီနှစ်ထပ်)
                   -        ဟရှိမဆေးရုံ (အာစီလေးထပ်)
                   -        ဟရှိမကျောင်း (အာစီခုနှစ်ထပ်)
၁၉၅၉          -       လုပ်သားအိမ်ရာ (အာစီလေးထပ်၊ ရေချိုးခန်းနှင့်)
၁၉၆၁          -       မိုင်းလုပ်သားအိမ်ရာ
၁၉၆၄          -       ဆက်ဆံရေးဌာန (အာစီသုံးထပ်)
၁၉၆၆          -       subcontract လုပ်သားအိမ်ရာ 
၁၉၆၇          -        သင်ကြားရေးဝန်ထမ်းများအတွက် အိမ်ရာ
၁၉၇၀          -        အားကစားခန်းမ (အာစီနှစ်ထပ်)

 ကျွန်း၏ အဆောက်အဦစာရင်း

ဒီလိုသေးငယ်လွန်းလှတဲ့ ကျွန်းလေးပေါ်မှာ လိုအပ်ချက်အပြည့်အစုံဖြင့် ဖန်တီးထားသည့် လူတို့၏ အစွမ်းအစကို အံ့သြမိပါတာတော့ အမှန်ပါ။ လူ့အခွင့်အရေးဆိုတာနဲ့အညီ လူဆိုတာဖြစ်လာတာနှင့် ပြင်ပကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်တဲ့ အခွင့်အရေးတွေကို ခံစားစေဖို့ ဖန်တီးထားတာတွေကို သဘောကျမိပါတယ်။ ရုပ်ရှင်ရုံ၊ ရှော့ပင်းမော၊ ရေကူးကန် စသည်ဖြင့် လိုလေသေးမရှိ အကုန်ဖြည့်ဆည်းပေးထားပါတယ်။ ဒါပေမယ့် ဒီကျွန်းပေါ်မှာ သစ်ပင်စိုက်ဖို့ နေရာမရှိတာကြောင့် အဖွဲ့တချို့နေ မြေတွေသယ်လာပြီး အိမ်ခေါင်မိုးတွေပေါ်မှာ အပင်တွေစိုက်ကြပါတယ်။ ဒါဟာ ဂျပန်နိုင်ငံရဲ့ ပထမဆုံးသော ခေါင်မိုးထက်က ဥယျဉ်တွေဖြစ်ခဲ့ပါတယ်။

ဒီကျွန်းပေါ်မှာ အခက်အခဲဆုံးအရာက မီးနဲ့ ရေပါပဲ..။ စစချင်းကတော့ ဒီကျွန်းကိုယ်ပိုင် မီးစက်တွေခုတ်ပြီး မီးပေးခဲ့ပေမယ့် တဖြည်းဖြည်းများလာတဲ့ လူဦးရေကြောင့် ၁၉၁၈ မှာ တကာရှိမဆိုတဲ့ ကျွန်းကနေ လျှပ်စစ်ကို ရေအောက်ကြိုးကတဆင့် ဖြန့်ဖြူးပေးခဲ့ပါတယ်။ ၁၉၀၀ ကျော်ကျော်လောက်က ရေအောက်မှာ ဓါတ်ကြိုးခင်းနိုင်တဲ့ နည်းပညာကိုလည်း အံ့သြမိပါတယ်။

ရေအတွက်ကတော့ အစက ဆားငန်ရေကို ပေါင်းခံပြီးသုံးစွဲခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သင်္ဘောတွေနဲ့ သယ်ယူခဲ့ပါတယ်။ ဒီရေတွေကို ခပ်မြင့်မြင့်သိုလှောင်ကန်တွေမှာ သိမ်းထားပြီးတော့ ကျွန်းအနှံ့က နေရာအသီးသီးကို ပြန်လည်ဖြန့်ဖြူးပါတယ်။ ၁၉၅၇ ခုနှစ်မှာတော့ စန်းဝမချိဆိုတဲ့မြို့နဲ့ ဒီကျွန်းအကြား ရေအောက်ပိုက်တွေသွယ်တန်းခဲ့ပြီး သောက်သုံးရေဖြန့်ဖြူးနိုင်ခဲ့ပါတယ်။ ၁၉၅၀ ပြည့်လွန်နှစ်တွေမှာ ထွက်ပေါ်လာတဲ့ ပရိုပိန်းဓါတ်ငွေ့ကို မသုံးနိုင်ခင်မှာတော့ အိမ်တွေမှာ ကျောက်မီးသွေးကိုသုံးပြီး ချက်ပြုတ်ကြပါတယ်။ ဒါကြောင့် အဆောက်အဦးတွေမှာ မီးခိုးခေါင်းတိုင်တွေကို မြင့်တွေ့နေရပါတယ်။

ဒီကျွန်းမှာ ဈေးနေ့လည်းရှိပါတယ်။ အဲဒီအခါမှာ တခြားနေရာကနေ သင်္ဘောတွေနဲ့ ဟင်းသီးဟင်းရွက်၊ အသားငါးတွေ သယ်လာရောင်းချကြပါတယ်။ ရှော့ပင်းမောတွေလည်းရှိတာမို့လို့ အိမ်ရှင်မတွေဟာ ဖက်ရှင်ကျကျဝတ်ဆင်ကြပါတယ်။ အိမ်ထောင်ဦးစီးဖြစ်တဲ့ မိုင်းလုပ်သားတွေက မိုင်းထဲမှာအလုပ်လုပ်ရတာကြောင့် မီးအပူရှိန်နဲ့ အသားတွေမည်းနေပေမယ့် ဇနီးမယားနဲ့ သားသမီးတွေကတော့ ခေတ်မီမီနေထိုင်နိုင်ခဲ့ပါတယ်။

အဲဒီအချိန်တုန်းက ဟရှိမကျွန်းပေါ်မှာ အိမ်တိုင်းနီးပါးဟာ ရုပ်မြင်သံကြားပိုင်ဆိုင်ခဲ့ကြပါတယ်။ အဲဒီတုန်းက ဂျပန်မှာကျင်းပခဲ့တဲ့ အိုလံပစ်ပြိုင်ပွဲ (ဂိုဒ်ရှင်းပြတာကို မှတ်မိသလောက်ရေးသားပါတယ်။ မသေချာပါ) ကို ဟရှိမကျွန်းသားတွေအားလုံး ရုပ်မြင်သံကြားကတဆင့် အစအဆုံးကြည့်ရှုနိုင်ခဲ့ကြပါတယ်။ ဘာသာတရားအတွက် ဂျပန်နတ်ကွန်းနှင့် ပုထိုးတစ်ဆူလည်း ရှိပါတယ်။

သားသမီးတွေပညာရေးအတွက် အလယ်တန်းနှင့် မူလတန်းကျောင်းလည်းရှိသည်။ ၁၈၉၃ ခုနှစ်မှာ မူလတန်းကျောင်းကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ယနေ့ထက်ထိ မပျက်မစီးကျန်ရစ်နေတဲ့ ကျောင်းကို ၁၉၅၈ ခုနှစ်မှာ တည်ဆောက်ခဲ့ပါတယ်။ ပထမလေးထပ်ကို မူလတန်းကျောင်း၊ ငါးထပ်ကနေ ခုနှစ်ထပ်ထိကို အလယ်တန်းကျောင်းအဖြစ်ဖွင့်လှစ်ခဲ့ပါတယ်။ ခြောက်ထပ်မှာတော့ စာကြည့်တိုက်၊ ဇာတ်ရုံ၊ အားကစားခန်းမနဲ့ စားသောက်ခန်းရှိပါတယ်။ အဲဒီမှာပဲ ကျွန်းရဲ့တစ်ခုတည်းသော ဓါတ်လှေကားကို တပ်ဆင်ထားပြီး အစားအသောက်တွေကို သယ်ယူဖို့ အသုံးပြုပါတယ်။

ကျန်းမာရေးအတွက် ဆေးရုံကို ၁၉၅၈ ခုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့ပါတယ်။  အဲဒီဆေးရုံကနေ မိုင်းလုပ်သားတွေရဲ့ ကျန်းမာရေး၊ မိသားစုတွေရဲ့ ကျန်းမာရေးတွေကို ကာကွယ်စောင့်ရှောက်ပေးနိုင် ခဲ့ပါတယ်။ ဒီကျွန်းလေးဟာ လေဒဏ်၊ မိုးဒဏ်၊ မုန်တိုင်းဒဏ်၊ လှိုင်းဒဏ် အလူးလူးအလဲလဲခံခဲ့ရပါတယ်။ မုန်တိုင်းဘယ်လောက်ကျကျ၊ မိုးဘယ်လောက်ရွာရွာ၊ လှိုင်းဘယ်လောက်ကြီးကြီး ဒီကျွန်းပေါ်က အဆောက်အဦတွေဟာ ခံနိုင်ရည်အင်အား မြင့်မားနေခဲ့ပါတယ်။

နိဂုံး

ဒီလောက်သေးငယ်လှတဲ့ နေရာလေးမှာ မဖြစ်ဖြစ်အောင်လုပ်သွားနိုင်တဲ့ လူတို့ရဲ့အစွမ်းအစကို လေးစားမိပါတယ်။ ၁၈၀၀ နဲ့ ၁၉၀၀ ၀န်းကျင်က ဂျပန်လူနေမှုဟာ အတော့်ကို မြင့်မားနေပြီဆိုတာကို လေ့လာမိပါတယ်။ ဘယ်လိုပင်ခက်ခဲသည့် အခြေအနေပဲဖြစ်ဖြစ် အခြေခံအဆောက်အဦကို တည်ဆောက်နိုင်တာကို ကြည့်ခြင်းအားဖြင့် ပညာရေး၊ ကျန်းမာရေးဟာ လူ့အသိုင်းအ၀ိုင်းအတွက် ဘယ်လောက်အရေးပါတယ်ဆိုတာကို သိရှိနိုင်ပါတယ်။ လက်ရှိကျန်ရစ်နေတဲ့ အဆောက်အဦးတွေကို လေ့လာကြည့်ခြင်းအားဖြင့် နှစ်ပေါင်းများစွာကတည်းက ကွန်ကရစ်နည်းပညာကို ပိုင်ဆိုင်နေခဲ့တာကို တွေ့မြင်နိုင်ပါတယ်။

ဆက်လက်ပြီးတော့ ဒီကျွန်းရဲ့ ကျန်ရစ်နေတဲ့ ပုံရိပ်တချို့ကို လေ့လာကြည့်ရအောင်ပါ။

 စစ်သင်္ဘောကျွန်းကို အဝေးမှလှမ်းမြင်ရစဉ်

 ညာဘက်အဆောက်အဦက စာသင်ကျောင်း၊ အလယ်အဆောက်အဦ ထပ်ဆုံးထပ်ဟာ မူကြိုကျောင်း

 အပျက်အစီးတွေကြားထဲက လှမ်းမြင်နေရသည့် အကြွင်းအကျန်များ

 အဆောက်အဦပျက်များ

 အဆောက်အဦပျက်များ

 အဆောက်အဦပျက်များ

 အဆောက်အဦပျက်များ

 အဆောက်အဦပျက်များ

 အဆောက်အဦပျက်များ

 တဖက်အခြမ်းမှ လှမ်းမြင်နေရပုံ

 တဖက်အခြမ်းမှ လှမ်းမြင်နေရပုံ

 တဖက်အခြမ်းမှ လှမ်းမြင်နေရပုံ

တဖက်အခြမ်းမှ လှမ်းမြင်နေရပုံ

ီဒီကျွန်းရဲ့ ဖြတ်သန်းခဲ့ရာ ပုံရိပ်တွေအားလုံးကို ဒီအောက်က ဗွီဒီယိုဖိုင်လေးမှာ ကြည့်ရှုနိုင်ပါတယ်။


သူတို့၏ ကမ္ဘာ၊ သူတို့၏ ပုံရိပ်၊ သူတို့၏ အတိတ်ကို လေ့လာကြည့်မိတော့ ကိုယ့်ကိုယ်ကို ပြန်သတိပြုမိပါတယ်။ ကျဉ်းမြောင်းလှတဲ့ကျွန်းပေါ်က စာသင်ကျောင်းတစ်ခုမှာ စာကြည့်တိုက်၊ အားကစားခန်းမ၊ စားသောက်ခန်းမ၊ ဇာတ်ရုံအစုံရှိနေပါတယ်...။ ကျယ်ပြောလှတဲ့ မြေနေရာတွေပိုက်ဆိုင်ထားသည့် ကျွန်တော်တို့ရဲ့ ကျောင်းတွေမှာ ဒီလို အဆောက်အဦတွေရှိနေပြီလား....။ လူဦးရေထောင်ဂဏာန်သာရှိသည့် ကျွန်းနေလူထုအတွက် လျှပ်စစ်မီး ၂၄ နာရီမပျက် ဖြန့်ဝေပေးနိုင်ခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ခန့်ကတည်းကပင်ဖြစ်ပါတယ်။ ယနေ့ထက်တိုင် ကျွန်တော်တို့မှာ လျှပ်စစ်မီးအလုံအလောက်မရသေး...။ 

ဒီလိုနဲ့ တစ်ခုပြီးတစ်ခု နှိုင်းယှဉ်ကြည့်မိရင်း သက်ပြင်းတိုးတိုးလေးချကာ.... အပြန်ခရီးမှာတော့... မျက်လုံးလေးမှိတ်ရင်း ကျွန်တော်လိုက်ပါလာခဲ့တော့တယ်။

ခင်မင်လျက်
နေ၀သန်

စည်းချက်မဲ့ ရင်ခုန်သံ

$
0
0

လာမယ်မဟုတ်မှန်း သိပေမယ့်...

စောင့်နေမိတယ်...

 

ပျော်နေမယ်မှန်း သိနေရက်နဲ့..

လွမ်းနေမိတယ်..

 

တက်လာမှာမဟုတ်တဲ့..

စကိုက်လေးကို....

ယောင်ယောင်ပြီး စိုက်ကြည့်နေမိတယ်...

 

ကိုယ့်ကို လွမ်းနေမှာလားလို့...

တွေးပူစရာမလိုပေမယ့်...

လွမ်းလိုက်တာရယ်လို့....

တစ်ယောက်တည်း ငူငူငိုင် စဉ်းစားမိတယ်...

 

ဖျတ်ကနဲနိုးလာတဲ့ နံနက်ခင်းမှာ...

ဖတ်ကနဲ သတိရလိုက်တဲ့ မင်းမျက်နှာလေးကို...

တခုပ်တရ ငေးစိုက်....

ပင့်သက်တစ်ချက် ရှိုက်ရှိုက်မိတယ်...

 

သြော်.. သင်္ကြန်ရယ်...

အမြန်သာပြီးပါတော့လား...

မင်းနဲ့ကိုယ့်လို... စည်းခြားထားခံရတဲ့..

ချစ်သူတွေ.. ဘယ်လောက်များခဲ့ပြီလဲ...

 

ဒီလိုနဲ့ တစ်ရက်... ဒီလိုနဲ့ နှစ်ရက်...

နာရီသံကို တစ်ချက်ချက်ရေတွက်ရင်းနဲ့...

သင်္ကြန်တက်မယ့်ရက်..

နှစ်ဆန်းမယ့်ရက်ကိုသာ....

မျှော်သာ မှိုင်ငေးရင်းနဲ့...

နှိုးထလာမယ့် နံနက်ခင်းတွေကို.....

ကိုယ် သိပ်.. သိပ်ကြောက်နေမိတယ်ကွယ်...

(13/04/2012)


 

 

 

 

 

 

 

 

 

 

 

(ဒီနေ့ ရင်ထဲတလှပ်လှပ်နဲ့မို့ ချရေးဖြစ်တဲ့ကဗျာပါ... ဘာတွေညာတွေ မမေးပါနဲ့.. ကဗျာကို ကဗျာလိုသာ ခံစားပေးပါ.. :P)

မြန်မာကို စိတ်ဝင်စားသူများ

$
0
0
ဘ၀ဆိုတာဟာ စူးစမ်းလေ့လာခြင်းကြောင့် ပိုပြီးအဓိပ္ပါယ်ပြည့်စုံလာတယ်တဲ့။ ဘာကိုမှ လေ့လာမှုမရှိပဲ တသမတ်တည်း သွားနေရတဲ့ဘ၀ဟာ အင်မတန်ကို ပျင်းရိဖို့ကောင်းလှပါတယ်။ အရာရာကို စူးစမ်းလေ့လာတတ်တဲ့ လူတွေဟာ သူတပါးထက် နှာတစ်ဖျားသာနေတတ်သလို သူတို့ရဲ့ဘ၀တွေဟာလည်း အောင်မြင်တတ်ကြပါတယ်။ ဒါကြောင့်လည်း နိုင်ငံတိုင်းရဲ့ အခြေခံပညာ ကျောင်းအသီးသီးမှာ ဒီလိုစူးစမ်းလေ့လာတတ်တဲ့ အကျင့်လေးတွေ ရလာအောင် ပျိုးထောင်ပေးတတ်ကြပါတယ်။ အနာဂတ်လူငယ်တွေမှာ စူးစမ်းလေ့လာမှုများလေလေ နိုင်ငံဟာ ပိုပြီးတိုးတက်လာလေလေ ဖြစ်ပါတယ်။

ဒါကြောင့် ဒီနေ့ကမ္ဘာမှာ တိုးတက်ခေတ်မီနေတဲ့ နိုင်ငံတွေမှာ R&D လို့ခေါ်တဲ့ သုတေသနနဲ့ဖွံ့ဖြိုးရေးစီမံကိန်းတွေဟာ အင်မတန်ကို အရေးပါလှတဲ့ အခန်းကဏ္ဍမှာရှိနေပါတယ်။ ဘယ်နိုင်ငံရဲ့ နည်းပညာဟာ မြင့်မားတယ်၊ ဘယ်နိုင်ငံရဲ့ ထုတ်ကုန်ဟာ အရည်အသွေးပြည့်မှီတယ် စတာတွေဟာ အဲဒီနိုင်ငံရဲ့ သုတေသနအရည်အသွေး ဘယ်လောက်မြင့်မားတယ်ဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်။ R&D လို့ဆိုတာနဲ့ အင်ဂျင်နီယာနည်းပညာနဲ့ သိပ္ပံပိုင်းကိုသာ မမြင်စေချင်ပါဘူး။ ကမ္ဘာမြေကြီးဟာ သိပ္ပံပညာတစ်ခုတည်းနဲ့ ရှင်သန်နေလို့မရပါ။ သိပ္ပံနဲ့ ၀ိဇ္ဇာ ဟန်ချက်ညီညီ ဖွံ့ဖြိုးနေမှသာ သာယာဝပြောတဲ့ လူသားတို့ကမ္ဘာကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။

ကျွန်တော်တို့မြန်မာနိုင်ငံဟာလည်း ၀ိဇ္ဇာပိုင်းဆိုင်ရာ သုတေသနအပိုင်းမှာ မနိမ့်ကျခဲ့ဘူးလို့ ဆိုချင်ပါတယ်။ ဆရာကြီးဒေါက်တာသန်းထွန်းရဲ့ သမိုင်းဆိုင်ရာ စာတမ်းများ၊ ဆရာကြီးဦးဖေမောင်တင်ရဲ့ ဘာသာရပ်ဆိုင်ရာ စာအုပ် စာတမ်းတွေဟာ ကမ္ဘာအနှံ့မှာ ကျမ်းကိုးအဖြစ် အသုံးပြုနေရတဲ့ အခြေအနေမှာ ရှိနေပါတယ်။ ဟိုအရင်တုန်းက ကျွန်တော်မချင့်မရဲ ရေးဖြစ်ခဲ့တာလေးတွေ ရှိပါတယ်။ အထူးသဖြင့် `မြန်မာပြည်ကလာသည်`ဆိုတဲ့ စာမှာပါ။ ဘယ်နေရာရောက်ရောက် မင်းဘယ်ကလာသလဲ လို့မေးခဲ့လို့ မြန်မာကပါ လို့ပြန်ဖြေရင် မြန်မာပြည် ဘယ်နားမှာရှိတယ်ဆိုတာ မသိတဲ့သူ ခပ်များများပါ။ ဒါပေမယ့် အခုချိန်မှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ ကျွန်တော်တို့နိုင်ငံရဲ့ ဂုဏ်သိက္ခာဟာလည်း တဖြည်းဖြည်း မြင့်မားလာနေတဲ့ အခြေအနေပေါ်ရောက်နေပါပြီ။ ကမ္ဘာအနှံ့က သတင်းဌာနတွေမှာ မြန်မာပြည်အကြောင်း မကြာခဏပါလာတတ်ပါတယ်။ ဒါကြောင့် ဒီစာလေးမှာတော့ ဟိုးအရင်ကနဲ့ မတူပဲ ကျွန်တော်တို့မြန်မာပြည်ကို ဘယ်သူတွေက စိတ်ဝင်တစားလေ့လာနေသလဲ ဆိုတာနဲ့ပတ်သက်ပြီး တင်ပြချင်ပါတယ်။

ဂျပန်နိုင်ငံမှာ မြန်မာဘာသာစကားကို သင်ကြားနေတဲ့ တက္ကသိုလ် ၂ ခုရှိပါတယ်။ အိုဆာကာတက္ကသိုလ်နဲ့ တိုကျိုနိုင်ငံခြားဘာသာတက္ကသိုလ် ဖြစ်ပါတယ်။ ဒီတက္ကသိုလ် ၂ ခုက အဓိကအားဖြင့် ဘာသာစကားကို သင်ကြားပို့ချပေးလျက်ရှိပါတယ်။  အိုဆာကာမှာ မြန်မာစာမေဂျာ ကျောင်းသားပေါင်း ၈၀ ကျော်ရှိပါတယ်။  ဂျပန်လူမျိုး ပါမောက္ခအပါအ၀င် ဆရာအင်အား ငါးယောက်လောက်ရှိပါတယ်။ တစ်ကျောင်းစီမှာ မြန်မာလူမျိုး ဆရာတစ်ယောက်စီ ခန့်ထားပါတယ်။ ဒီကျောင်းနှစ်ကျောင်းက အဓိကအားဖြင့် ဘာသာစကားနဲ့ပတ်သက်ပြီး သင်ကြားလေ့လာမှုတွေ ပြုလုပ်ပါတယ်။ နောက် ဂျပန်နိုင်ငံအနှံ့ တက္ကသိုလ်တွေမှာ အာရှ၊ အာဖရိကလေ့လာရေးဌာန၊ အရှေ့တောင်အာရှဒေသ ဌာန စသဖြင့် ဌာနတွေ အသီးသီးရှိတတ်ပြီးတော့ အဲဒီထဲကမှ မြန်မာပြည်နဲ့ပတ်သက်ပြီး သုတေသန လုပ်ငန်းတွေ ရှိပါတယ်။ ဒီလိုမျိုး ဂျပန်တစ်နိုင်ငံလုံးက တက္ကသိုလ်တွေမှာ မြန်မာပြည်နဲ့ပတ်သက်လို့ လုပ်ခဲ့တဲ့ သုတေသနတွေအားလုံးကို ပေါင်းစည်းပြီး တစ်နှစ်တစ်ခါ စာတမ်းဖတ်ပွဲ ကျင်းပလေ့ရှိပါတယ်။

ဒီစာတမ်းဖတ်ပွဲကို `မြန်မာ့ သုတေသနစာတမ်းဖတ်ပွဲ ビルマ研究会` လို့ခေါ်ပြီးတော့ အစဉ်အဆက် ကျင်းပလာခဲ့တာ အခုဆို အကြိမ် ၂၀ မြောက်ရှိခဲ့ပါပြီ။ မနှစ်က ကိုးရီးယားနိုင်ငံမှာ သွားရောက် ကျင်းပခဲ့ပြီးတော့ ဒီနှစ်မှာတော့ အိုဆာကာမြို့ Expo Park မှာရှိတဲ့ မနုဿပြတိုက် `Museum of Ethnology` မှာ ဧပြီ ၂၁ နဲ့ ၂၂ ရက်နေ့ နှစ်ရက်ကြာ ကျင်းပခဲ့ပါတယ်။ ဒီပြတိုက်အတွင်းမှာ မြန်မာပြည်နဲ့ ပတ်သက်တဲ့ ပြခန်းတွေရှိပြီး ရှေးဘုရင်များရဲ့ ပလ္လင်ကအစ မြန်မာ့အသုံးအဆောင်တွေ ပြထားတာမို့ သီးခြားအနေနဲ့ ထပ်ရေးပါဦးမယ်။ ဒီပြတိုက်မှာ တကမ္ဘာလုံးနဲ့ပတ်သက်ပြီး ယဉ်ကျေးမှု၊ လူသားမျိုးနွယ်စု၊ စတာတွေနဲ့ ပတ်သက်တဲ့ သုတေသနတွေ ပြုလုပ်နေပြီး ဒေသဆိုင်ရာတစ်ခုစီမှာ ပါမောက္ခတစ်ဦးစီ ရှိပါတယ်။ ကျွန်တော်တို့ မြန်မာနဲ့ပတ်သက်ပြီး သီးခြားလေ့လာနေတဲ့ ပါမောက္ခလည်းရှိပါတယ်။ ဒီနှစ်ရဲ့ မြန်မာ့သုတေသနစာတမ်းဖတ်ပွဲကို အဲဒီပါမောက္ခက ဦးစီးဆောင်ရွက်ပြီး အိုဆာကာတက္ကသိုလ် မြန်မာစာဌာနမှူးနဲ့ ဆရာမတစ်ယောက်တို့က ပူးပေါင်းပါဝင် စီစဉ်ခဲ့ပါတယ်။ ဒီပွဲလေးကို ဂျပန်နိုင်ငံ မြို့အသီးသီးက စာတမ်းရှင်တွေ၊ အငြိမ်းစားပါမောက္ခတွေ၊ သုတေသန ပညာရှင်၊ မြန်မာစာကျောင်းသားဟောင်းတွေနဲ့အတူတူ မြန်မာလူမျိုး သုံးဦးပါဝင်တက်ရောက်ခဲ့ပါတယ်။ စုစုပေါင်း လူအင်အား ၇၀ ကျော်ကျော်ရှိတာမို့ အတော်ကို ကျေနပ်အားရစရာကောင်းတဲ့ ပွဲလေးတစ်ခု ဖြစ်ခဲ့ပါတယ်။

            စာတမ်းဖတ်ပွဲခန်းမ အပြင်ဘက် မြင်ကွင်း

     စာတမ်းဖတ်ပွဲအတွက် ပြင်ဆင်ထားပုံ

စာတမ်းဖတ်ပွဲအတွက် ပြင်ဆင်ထားပုံ

ဒီပွဲလေးကို ဧပြီ ၂၁ ရက် မနက် ၁၀ နာရီလောက်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ တက်ရောက်လာတဲ့ ဧည့်သည်တွေကို ကြိုဆိုဧည့်ခံပြီး ကော်ဖီ၊ လက်ဖက်ရည်နဲ့ မုန့်တွေနဲ့ ဧည့်ခံပါတယ်။ မနက် ၁၁ နာရီမှာတော့ ပထမဆုံးစာတမ်းကို စတင်ဖတ်ကြားခဲ့ပါတယ်။ အဲဒီနောက် နေ့လည်စာ ထမင်းစားချိန်အနားယူပြီး နေ့လည်ပိုင်းမှာ စာတမ်း ၇ စောင် ဆက်လက်ဖတ်ကြားကြပါတယ်။  အဲဒီနောက် ညစာစားပွဲကို အားလုံး တပျော်တပါးစားသုံးကြပြီး အငြိမ်စားဆရာကြီးများ၊ ဂျပန်မြန်မာချစ်ကြည်ရေးအသင်းမှ ဆရာကြီးများ၊ ပါမောက္ခများက အသီးသီး နှုတ်ဆက်ကြပါတယ်။ ဒေသစံတော်ချိန် ည ၉နာရီခန့်မှာ ညစာစားပွဲ ရုပ်သိမ်းပြီး ပထမနေ့အစီအစဉ်ကို ရပ်နားခဲ့ပါတယ်။ ဧပြီ ၂၂ ရက်နေ့မှာတော့ ကျန်ရှိတဲ့ စာတမ်း ၂ စောင်ကို ၁၀ နာရီကနေ စတင်ဖတ်ကြားခဲ့ပါတယ်။ အဲဒီနောက် ကိုဘေးမှာရှိတဲ့ မြန်မာစားသောက်ဆိုင်ကို ပျော်ပွဲစားခရီး ထွက်ဖြစ်ခဲ့ကြပါတယ်။ 

ဒီပွဲလေးမှာ စုစုပေါင်း စာတမ်း ၁၀ စောင်ဖတ်ကြားခဲ့ပါတယ်။ ဖတ်ကြားခဲ့တဲ့ စာတမ်းတွေဟာ စိတ်ဝင်စားဖို့ အင်မတန်ကောင်းလှသလို စာတမ်းပြုစုသူတို့ရဲ့ ဇွဲနပဲကိုလည်း ချီးကျူးမိပါတယ်။ ဒီစာတမ်း ၁၀ စောင်ထဲကနေ အကြောင်းအရာတချို့ကို ထုတ်နုတ်ပြီး တင်ပြချင်ပါတယ်။

ပထမဆုံးစာတမ်းအနေနဲ့ `၁၃ ရာစု ပုဂံခေတ်ရဲ့ တိရစ္ဆာန်တစ်ကောင်ကောင်ပေါ် စီးထားတဲ့ ရုပ်ပုံများ`နဲ့  ပတ်သက်ပြီး တင်ပြသွားပါတယ်။ ပုဂံဘုရားတွေရဲ့ အ၀င်တံခါး တဖက်တချက် နံရံတွေမှာ ရေးဆွဲထားတဲ့ ရုပ်ပုံတွေကို ကြည့်ပြီး လေ့လာခဲ့တာပါ။ အဲဒီခေတ်က ပုဂံယဉ်ကျေးမှုဟာ ဟိန္ဒူဝါဒ အင်မတန် လွှမ်းမိုးခံခဲ့ရပါတယ်။ ဗြဟ္မဏဘာသာမှာ ဗြဟ္မာ၊ သီဝနဲ့ ဗိဿနိုးဆိုတဲ့ နတ်ဘုရားသုံးပါးရှိပါတယ်။ ဒီနတ်ဘုရားသုံးပါးရဲ့ ရုပ်ပုံတွေမှာ အကောင်တစ်ကောင်စီကို စီးနင်းထားတာ တွေ့ရပါတယ်။ အဲဒီနောက် သူရဿတီကအစ စီးတော်ယဉ်အကောင်တစ်ကောင်တော့ ရှိတတ်တာမို့ ပုဂံရဲ့ စေတီဘုရားနံရံတွေမှာ အဲဒီလို ဆေးရေးပန်းချီတွေ တွေ့မြင်နိုင်ပါတယ်။ တချို့တွေက မြင်း၊ တချို့တွေက ငှက် စသဖြင့် အကောင်တစ်ကောင်ကောင်ကို စီးနေတတ်ပါတယ်။ ဒီဆေးရေးရုပ်ပုံတွေကို လေ့လာပြီး အိန္ဒိယမှာရှိတဲ့ ဟိန္ဒူကျောင်း၊ ကမ္ဗောဒီးယားမှာရှိတဲ့ အန်ကောဝတ်နဲ့ တိဗက်ကနေ ဆင်းသက်လာတဲ့ ရုပ်ပုံအချို့နဲ့ နှိုင်းယှဉ်သုံးသပ်ပါတယ်။ ဒီစာတမ်းကိုတော့ တိုကျိုနိုင်ငံခြားဘာသာတက္ကသိုလ် ပါရဂူတန်း ကျောင်းသားတစ်ဦးမှ ဖတ်ကြားသွားခဲ့ပါတယ်။

၁၃ ရာစုပုဂံခေတ်၏ ရုပ်ပုံများကို စတင်ဖတ်ကြား

ဒုတိယစာတမ်းအနေနဲ့ မြန်မာပြည်ရဲ့ တိုင်းရင်းသားဘာသာစကားများထဲမှာ ကချင်ဘာသာစကား၊ ဂျင်းဖောနဲ့ပတ်သက်ပြီး ဘာသာဗေဒ (Linguistics) ရှုထောင့်ကနေ တင်ပြသွားပါတယ်။ ဂျင်းဖောဘာသာစကားဟာ ဒေသအလိုက် ကွဲပြားမှုလေးတွေရှိပါတယ်။ဒီစာတမ်းရှင်ကတော့ မြစ်ကြီးနားရဲ့ လေယူလေသိမ်းနဲ့ပတ်သက်ပြီး ဖတ်ကြားသွားပါတယ်။ဒီစာတမ်းရှင်ဟာလည်း တိုကျိုနိုင်ငံခြားဘာသာတက္ကသိုလ် ပါရဂူကျောင်းသားတစ်ဦးကပဲ ဖတ်ကြားသွားပါတယ်။

နောက် စာတမ်းရှင်ကလည်း ကချင်ဘာသာစကားနဲ့ပတ်သက်ပြီးတော့ပဲ ဖတ်ကြားသွားပါတယ်။ ဒီကျောင်းသားက အိုဆာကာတက္ကသိုလ်ကနေ မြန်မာစာနဲ့ ဘွဲ့ရပြီးတဲ့နောက် ကျိုတိုတက္ကသိုလ်မှာ ဘာသာဗေဒအထူးပြုနဲ့ မဟာတန်းဆက်တက်ရာမှ အခုဆို ပါရဂူတန်းမှာ စာတမ်းပြုစုနေသူတစ်ဦးပါ။ လက်ရှိ မြန်မာစာဌာနမှူးရဲ့ တပည့်တွေထဲမှာ အတော်ဆုံးကျောင်းသားဖြစ်တယ်လို့ သိရပါတယ်။သူ့ရဲ့ စာတမ်းမှာတော့ အဓိကအားဖြင့် ပူတာအိုလေယူလေသိမ်းကို လေ့လာထားပြီး မြစ်ကြီးနားလေသံနဲ့ ဗန်းမော်လေသံတို့နဲ့ နှိုင်းယှဉ်ပြထားပါတယ်။

နောက်စာတမ်းတစ်ခုကတော့ ကျွန်တော်တို့ ကြားဖူးခဲ့တဲ့ `သက်` ဆိုတဲ့ လူမျိုးအကြောင်းပါ။ စာတမ်းထဲမှာ Sak လို့ရေးထားတာမို့ အတော်ကို စဉ်းစားယူလိုက်ရပါတယ်။ ဒီလူမျိုးဟာ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးမှာ နေထိုင်ကြပြီး လူဦးရေအားဖြင့် ၂၀၀၀ ခန့်ရှိတယ်လို့ဆိုပါတယ်။ ဘင်္ဂလားတွေက​ `ချတ်` လို့ခေါ်ပါတယ်။ အဲဒီမှာနေတဲ့ မားမာ (Marma) နဲ့ ရခိုင်တွေကတော့ `ဆတ်` လို့ခေါ်သတဲ့။ ဗမာတွေကတော့ `သက်` လို့ခေါ်တယ်လို့ ဆိုပါတယ်။ တကယ်တမ်းက ဒီလူမျိုးတွေက ပျူခေတ်လောက်တုန်းက စစ်ကိုင်းတိုင်းအထက်ပိုင်းလောက်မှာ နေထိုင်ခဲ့တယ်လို့ထင်ပါတယ်။ သမိုင်းတွေမှာ ပျူ၊ သက်၊ ကမ်းယံ စသဖြင့် ကြားဖူးခဲ့တာမို့ပါ။ အခုအချိန်မှာတော့ မြန်မာပြည်တွင်းမှာ မရှိတော့ပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမှာပဲ အနည်းငယ်ကျန်တော့တဲ့ သဘောလို့ထင်ပါတယ်။ ဘာသာစကားအနေနဲ့ တိဗက်-ဗားမန်းအနွယ်ဝင် လုအိ (Lui) ဘာသာစကားနဲ့နွယ်တဲ့ စကားကို ပြောတယ်ဆိုပါတယ်။ သူတို့ရဲ့ စကားတွေကို ဘာသာဗေဒ သင်္ကေတတွေနဲ့ ရေးထားတာမို့ အသေးစိတ်ကို နားမလည်တာမို့ အကြမ်းဖျဉ်းပဲ တင်ပြလိုက်ပါတယ်။ ဒီစာတမ်းရှင်ကတော့ ကျိုတိုတက္ကသိုလ်နဲ့ အိုဆာကာတက္ကသိုလ်တို့ရဲ့ သုတေသနပညာရှင်တစ်ဦးက ဖတ်ကြားသွားပါတယ်။ ထူးဆန်းတာက ဒီလူဟာ မြန်မာစကားလုံးဝ မတတ်ပဲ ရခိုင်ဒေသ မြောက်ဦးမြို့ကတဆင့် ဒီစာတမ်းကို ပြုစုသွားတာပါပဲ။ 

သက်လူမျိုးအကြောင်းလေ့လာရင်း ရခိုင်ပြည်နယ်မှ အံတော်သိမ်ပုထိုး

နောက်စာတမ်းတစ်ခုကတော့ မြန်မာပြည်မှာ လုပ်ကိုင်ခဲ့တဲ့ ကျန်းမာရေးစောင့်ရှောက်မှုအကြောင်းကို အိုဆုအမျိုးသမီးတက္ကသိုလ်က သုတေသနပညာရှင် အမျိုးသမီးတစ်ဦး ဖတ်ကြားတာပါ။မြန်မာပြည်ရဲ့ အခြေခံကျောင်းတွေမှာ လုပ်ဆောင်ခဲ့တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ပြုစုထားတာပါ။ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာရှိတဲ့ အခြေခံကျောင်းပေါင်း ၁၀၁ ကျောင်းနဲ့ တပြည်လုံးမှာရှိတဲ့ ပညာရေးကောလိပ်တွေမှာ လုပ်ဆောင်ခဲ့ပါတယ်။

နောက်စာတမ်းတစ်ခုကိုတော့ နာမည်ကြီး ပါမောက္ခတစ်ဦးဖြစ်တဲ့ ဂျောချိတက္ကသိုလ် နိုင်ငံခြားဘာသာဌာန အာရှယဉ်ကျေးမှုသုတေသနဌာနက ပါမောက္ခ နဲမိုတို ဖတ်ကြားပါတယ်။ သူဖတ်သွားတာက Anglo-Barman အကြောင်းပါ။အန်ဂလိုဘားမန်းဆိုတာက အဖေက အနောက်တိုင်းသွေးနဲ့ အမေက မြန်မာသွေးရောနေတဲ့ ကပြားတွေကို ဆိုလိုတာပါ။ ၁၉၃၁ ခုနှစ် သန်းခေါင်စာရင်းအရ အဲဒီအချိန်မှာ အန်ဂလိုဘားမန်းတွေ ၀.၁၃% ရှိတယ်လို့ ဆိုပါတယ်။ များသောအားဖြင့် ရန်ကုန်၊ မေမြို့နဲ့ ကလောမြို့တွေမှာ နေထိုင်ကြပါတယ်။ သူတို့နဲ့ ပတ်သက်တဲ့ မိခင်ဘာသာစကား၊ ဘာသာတရား စတာတွေကို လေ့လာခဲ့ပါတယ်။ ပြီးတော့ စစ်တမ်းအသီးသီး ကောက်ယူခဲ့ပါတယ်။ ဥပမာတစ်ခုအနေနဲ့ အန်ဂလိုဘားမန်းတွေအနေနဲ့ မိခင်နိုင်ငံအဖြစ် ဘယ်နိုင်ငံကို ရွေးမလဲဆိုတာမျိုးပါ။ အဲဒီစစ်တမ်းမှာ မြန်မာနိုင်ငံကိုပဲ မိခင်နိုင်ငံအဖြစ်ရွေးခဲ့တာ ယောက်ျား ၇ ဦး၊ မိန်းမ ၄ ဦး။ လက်ရှိနေနေတဲ့နိုင်ငံကို မိခင်နိုင်ငံအဖြစ်ရွေးတာ (ဥပမာ သြစတြေးလျဖခင်ကဖွားလို့ Perth မြို့မှာနေထိုင်သူများ) က ကျား ၂ ဦး၊ မ ၃ ဦး။ အင်္ဂလန်ကို ရွေးတာက ကျား  ၁ ဦး၊ မ ၂ ဦးနဲ့ ဘာမှမရွေးတာက ကျား ၄ ဦး မ ၁ ဦး။ ဖြစ်ပါတယ်။ အလားတူ စစ်တမ်းတွေ ကောက်ယူခဲ့ပြီး စာတမ်းပြုစုခဲ့ပါတယ်။ ဒီစာတမ်းဟာ အင်မတန်ကို စိတ်ဝင်စားဖို့ ကောင်းပြီး အသေးစိတ်ကျလွန်းတာမို့ အကြမ်းဖျဉ်းပဲ တင်ပြလိုက်ပါတယ်။

နောက်စာတမ်းက မြန်မာနိုင်ငံရဲ့ ဆန်စပါးအကြောင်းကို တင်ပြတာပါ။၁၈၇၂ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အထိ လေ့လာခဲ့တာတွေကို ပြုစုထားတာပါ။ ဥပမာ အဲဒီနှစ်တွေအတွင်း စိုက်ပျိုးမြေဧက တိုးပွားလာမှု၊ ကောက်ပဲသီးနှံ တိုးစိုက်လာမှု၊ ဆန်စပါးတင်ပို့မှု စတာတွေကို ဂရပ်တွေနဲ့ ဖတ်ကြားပါတယ်။ နောက် ၁၈၇၂  ကနေ ၂၀၀၈ အထိ မြန်မာနိုင်ငံကနေ ဆန်စပါးတင်ပို့နေတဲ့ ထိပ်သီးနိုင်ငံတွေကို ဇယားနဲ့ချပြခဲ့ပါတယ်။ စာတမ်းရှင်ကတော့ တိုကျိုတက္ကသိုလ် အရှေ့ပိုင်းယဉ်ကျေးမှု သုတေသနဌာနက ဖြစ်ပါတယ်။

မတ်လကုန်တွင် ထွက်ရှိလာသည့် လယ်ယာမြေဥပဒေနှင့်ပတ်သက်၍ ပြောကြားစဉ်

နောက်စာတမ်းတစ်ခုကတော့ ဆိုက်ကလုန်းနာဂစ်အပြီး သုံးနှစ်ကြာ အခြေအနေတွေကို တင်ပြထားပါတယ်။၂၀၀၈ မေလနာဂစ်အပြီးမှာ စိုက်ပျိုးမြေဧက ဘယ်လောက်ထိ လျော့ကျသွားသလဲ။ နာဂစ်အပြီး ၂၀၀၉ ခုနှစ် မုတ်သုန်ကာလမှာ ဘယ်ဒေသတွေက စိုက်ပျိုးမြေဧက ပြန်လည်ထူထောင်နိုင်ပြီး ဘယ်ဒေသတွေက ဆက်လက်ပြီး လျော့နည်းနေသလဲ ဆိုတာတွေကို လေ့လာထားပါတယ်။ အထူးသဖြင့် ဆန်စပါးစိုက်ပျိုးမြေ ပြန်လည်ထူထောင်နိုင်ရေးအပေါ်မှာ ပစ်မှတ်ထား လေ့လာထားတဲ့ စာတမ်းတစ်စောင်ဖြစ်ပါတယ်။ စာတမ်းရှင်ကတော့ ရိစုမေကန်တက္ကသိုလ်ကဖြစ်ပါတယ်။ ၂၁ ရက်နေ့အတွက် နောက်ဆုံးစာတမ်းရှင်ဖြစ်ပါတယ်။

စာတမ်းဖတ်ပွဲကျင်ပနေဆဲ

ဧပြီ ၂၂ ရက်နေ့မှာ ပထမဆုံးဖတ်ကြားခဲ့တဲ့ စာတမ်းက ၃၇ မင်းနတ်နဲ့ပတ်သက်ပြီး မြန်မာပြည်မှာ ၂ နှစ်ကြာသုတေသန လုပ်ခဲ့တဲ့ စာတမ်းပါ။စာတမ်းရှင်က အိုဆာကာတက္ကသိုလ်ကနေ မြန်မာစာနဲ့ ဘွဲ့ရပြီး အိုဆာကာတက္ကသိုလ် မနုဿဗေဒဌာနမှာ ဘွဲ့လွန်ဆက်တက်ရာမှ အခုလက်ရှိ ပါရဂူကျမ်းပြုနေသူ တစ်ဦးပါ။ ဒီ ၃၇ မင်းနဲ့ပတ်သက်လို့ ရန်ကုန်မြို့မှာရှိတဲ့ နတ်ကတော်များစွာနဲ့ တွေ့ဆုံ မေးမြန်းခဲ့ပြီး တောင်ပြုန်းနတ်ပွဲတွေကို အကြိမ်ကြိမ်သွားရောက် လေ့လာခဲ့သူလည်းဖြစ်ပါတယ်။ အထူးသဖြင့် ဒီခေါင်းစဉ်နဲ့ ပတ်သက်လို့ သူတို့အတွက် တကယ်ကို ခက်ခဲပါတယ်။ `နတ်` ဆိုတဲ့ စကားလုံးကအစ၊ ၃၁ ဘုံအဆုံး၊ ရှင်းပြရခက်ခဲပါတယ်။ ဒါ့အပြင့် နတ်ကန္နားပွဲပေးတဲ့အခါမှာ သုံးနှုန်းတဲ့ အသုံးအနှုန်းတွေကို ဝေါဟာရ ဖလှယ်တဲ့နေရာမှာ အတော်ကို ကသိကအောက်နိုင်အောင် ခက်ခဲပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီစာတမ်းရှင်ကတော့ ပါရဂူဘွဲ့အတွက် ဆက်လက်ပြီး လေ့လာနေဆဲပါ။ မြန်မာပြည်ရဲ့ ၃၇ မင်းနဲ့ပတ်သက်လို့ ဦးဖိုးကျားနဲ့ ဦးကံမင်းရေးတဲ့ စာအုပ်တွေကအစ အခုနောက်ဆုံးထွက်တဲ့ မင်းစည်သူရဲ့ မြန်မာနိုင်ငံ နတ်ကိုးကွယ်မှုသမိုင်းပေါင်းချုပ်အဆုံး၊ ဗုဒ္ဓဘာသာနဲ့ နတ်ကိုးကွယ်မှုရှင်းတမ်း အပါအ၀င် မြန်မာစာအုပ်အမြောက်အမြားကို ဖတ်ရှုလေ့လာနေသူတစ်ဦးလည်း ဖြစ်ပါတယ်။

နတ်ကန္နားပွဲမှ မြင်ကွင်းတချို့ကို ဗီဒီယိုဖြင့်ရှင်းပြနေစဉ်

နောက်ဆုံးစာတမ်းရှင်ကတော့ မြန်မာပြည်ရဲ့ ဗုဒ္ဓဘာသာအကြောင်းကို တင်ပြသွားပါတယ်။၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအပါအ၀င် မြန်မာနိုင်ငံ သံဃာ့မဟာနာယကအဖွဲ့၊ ဗုဒ္ဓစက္က ဓမ္မဇက်၊ လောကပါလ တရားများ စသဖြင့် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးစမှ ခေတ်အဆက်ဆက် အသုံးအနှုန်းတွေကို ရှင်းပြပါတယ်။ ဖတ်ကြားသူကတော့ မိုတိုတိုကျိုနိုင်ငံခြားဘာသာတက္ကသိုလ်က ပါမောက္ခဖြစ်ပါတယ်။ ဒီစာတမ်းကို ဂျပန်ဘုန်းတော်ကြီးတစ်ပါးပါ တက်ရောက်နားထောင်ခဲ့ပါတယ်။

မြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ၂၀၀၈

 ညစာစားပွဲတွင် တည်ခင်းထားသည့် အချိုပွဲများ

 အကျဉ်းချုပ်ရရင်တော့ အလွန်ပျော်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ဘာသာစကားကို တလေးတစားနဲ့ သင်ယူကြသလို၊ ကျွန်တော်တို့ ယဉ်ကျေးမှုနဲ့ပတ်သက်ပြီးလည်း အားကြိုးမာန်တက် လေ့လာကြတာကို မြင်ရတော့ ကျေနပ်မိပါတယ်။  ဘယ်သူနဲ့တွေ့တွေ့ မြန်မာလိုပဲ ပြောလို့ရပါတယ်။ အားလုံးနီးပါးက မြန်မာလိုတော်တော်မတတ်တောင် အနည်းငယ်တော့ ပြောနိုင်ဆိုနိုင်တာမို့ ကြည်နူးမိပါတယ်။ နောက်နှစ်မှာလည်း တိုကျိုနိုင်ငံခြား ဘာသာတက္ကသိုလ်မှာ ပြန်လည်ဆုံစည်းပါဦးမယ်။

တခါက ကျွန်တော့်ကို ပြောဖူးပါတယ်။ မြန်မာပြည် ဒီမိုကရေစီရလို့ လွတ်လပ်သွားရင် မိန်းကလေးတွေ မြန်မာဝတ်စုံကို မြတ်မြတ်နိုးနိုး မ၀တ်တော့မှာ စိုးရိမ်တယ်တဲ့..။ တကယ် လေးလေးနက်နက် ပြောနေတဲ့ သူတို့ကို ကြည့်ပြီး အဲဒီတုန်းကတော့ သူ့ဘာသာသူတော့ ဖြစ်သွားမှာပါ၊ အခုလည်း ထမီရင်ဖုံးမ၀တ်တဲ့သူတွေ အများကြီးပဲလေ လို့ပြောလိုက်မိပါတယ်။ အဲဒီလောက်လည်း အရေးမကြီးလောက်ပါဘူးလို့ အဲဒီအချိန်တုန်းက ထင်ခဲ့မိတယ်။ အခုတော့ သူတို့ကြိုတင် ပူပန်ထားသလိုများ ဖြစ်လာတော့မှာလား..။

 နောက် မြန်မာပြည်မှာ အမြဲတမ်းစီးပွားရေး ကိစ္စအတွက်သွားနေတဲ့ ပုဂ္ဂိုလ်ကတော့ မြန်မာပြည်ကို ထိုင်းလို မဖြစ်စေချင်ဘူးတဲ့။ မြန်မာတွေက အရင်က ငွေဆိုတာထက် ရင်ထဲက နှလုံးသားနဲ့ မေတ္တာတရားတွေ ထွန်းကားတဲ့ နိုင်ငံပါတဲ့။ အခု တဖြည်းဖြည်း တိုးတက်လာတော့မယ့် အချိန်မှာ မြန်မာလူမျိုးတွေ ငွေမှ ငွေဆိုတာ ဖြစ်လာမှာ စိုးတယ်တဲ့။ မြန်မာလိုပဲ ကျွန်တော့်ကို ပြောသွားတာပါ။ လွတ်လပ်မှုတွေ တိုးပွားလာတာနဲ့အတူတူ ကိုယ့်ကိုယ်ကို၊ ကိုယ့်ယဉ်ကျေးမှုကို ထိန်းသိမ်းနိုင်ဖို့ ကျွန်တော်တို့ လူမျိုးတွေ တတ်နိုင်ပါ့မလားလို့ ယောင်ယမ်းတွေးမိလိုက်ပါသေးတယ်။

အခုလက်ရှိအချိန်မှာ မြန်မာစာကျောင်းသူ နှစ်ဦး မြန်မာပြည်မှာ ပညာသင်ကြားနေပါတယ်။ တစ်ဦးက ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်နဲ့ နောက်တစ်ဦးက မြန်မာ့အကကို လေ့လာနေပါတယ်။ သူတို့ဟာ အမြဲတမ်း ထမီနဲ့ ရင်ဖုံးအင်္ကျီနဲ့ ဟိုဟိုဒီဒီ သွားလာနေတတ်ပါတယ်။ သူတို့လေးတွေလို ကိုယ်တွေလည်း မြန်မာ့ရိုးရာဝတ်စုံလေးတွေကို မြတ်နိုးနိုင်ပါစေလို့ စိတ်ထဲကပဲ တိတ်တဆိတ် ဆုတောင်းနေမိပါတယ်။ 

မြန်မာပြည်ဟာ မချမ်းသာပါ။ မြန်မာပြည်ဟာ မတိုးတက်ပါ။ မြန်မာပြည်မှာ မြို့ပတ်ရထားတွေ ကျည်ဆံရထားတွေ၊ လေယာဉ်တွေတ၀ှီးဝှီးနဲ့ မရှိသေးပါ။ မြန်မာပြည်မှာ လျှပ်စစ်မီးမမှန်တတ်သေးပါ။ မြန်မာပြည်မှာ အင်တာနက်မကောင်းသေးပါ။ မြန်မာပြည်က ဘတ်စ်ကားတွေမှာ ဖြစ်သလိုစီးနေရဆဲပါ။ မြန်မာပြည်မှာ ကျန်းမာရေးစောင့်ရှောက်မှု အားနည်းနေဆဲပါ..။

ဒါပေမယ့် ဟိုးအရင်ကတည်းက မြန်မာပြည်ကို နိုင်ငံခြားသားတွေ အသည်းထဲကနေ ချစ်နေစေတာက မြန်မာတွေရဲ့ ရိုးသားမှု၊ ဖြူစင်မှု၊ ကြင်နာမှု၊ ကူညီတတ်မှု၊ ဘာသာတရားကိုင်းရှိုင်းမှု၊ ရိုးရာယဉ်ကျေးမှုကို မြတ်နိုးတတ်မှုတွေကြောင့်ပါ..။ ဒီအရာတွေအားလုံး မြန်မာ့အသိုင်းအ၀ိုင်းမှာ နည်းပါးသွားခဲ့ရင်တော့ဖြင့်........


ခင်မင်လျက်
နေ၀သန်

ဘောင်လေးတစ်ခုတော့ လိုပါလိမ့်မည်

$
0
0
မြင်ကွင်း (၁)

ကျောင်းတော်ရာကြီးသည် လှုပ်ရှားသက်ဝင်နေလေသည်။

ကျောင်းသား၊ ကျောင်းသူတို့ ဟိုအဆောင်မှ ဒီအဆောင်မှ ကူးလူးသွားလာနေကြတာမို့ အလွန်ပင် စည်ကားနေလေ၏။ ကျောင်းဆောင် တစ်ခုနှင့်တစ်ခုက အနည်းငယ်လှမ်းသည်မို့ အတန်းချိန်တစ်ချိန် ပြီးတိုင်း စာသင်ဆောင်မတူပါက ဒီလိုပဲ ကူးသွားရတတ်သည်။ ဒီတော့ ကြားချိန်လေးတွေမှာ ကျောင်းတော်ရာ၏ ဘယ်နေရာပဲကြည့်ကြည့် ကျောင်းသားတွေနှင့် ပြည့်လို့နေသည်။

တက္ကသိုလ်ကျောင်းဆိုပေမယ့် ကျောင်းဝတ်စုံ သတ်မှတ်ထားတာကြောင့် ကျောင်းသားလူငယ်တို့မှာ ဆင်တူဝတ်စုံဖြင့် သိပ်ကို ပနံသင့်နေလေသည်။ တချို့ကျောင်းသားတွေက အေးအေးလူလူ သွားလာလျှက်။ တချို့ကတော့ အလောသုံးဆယ် အပြေးအလွှားသွားလာလျှက်..။ တခါတရံ စာသင်ဆောင်ချင်း သိပ်ဝေးနေသည့်အခါ ကြားချိန်ငါးမိနစ်က မလုံလောက်တတ်။ ဒီဘက်အတန်းချိန်က နောက်ကျမှ ပြီးလျှင် ပိုဆိုးတော့သည်။ ဘာသာရပ်တစ်ခုကို မေဂျာမတူပေမယ့် ပေါင်းယူရတာမျိုးလည်း ရှိတာမို့ နောက်အတန်းချိန်က သတ်မှတ်ချိန်ကျော်သည်အထိ စောင့်ဆိုင်းနေမည်မဟုတ်။ ဒီတော့ စာကို အလေးထားသည့် ကျောင်းသားများကတော့ ထမင်းချိုင့်ကလေးတွေ၊ ပုံဆွဲပေတံလေးတွေ မနိုင်မနင်းကိုင်ရင်း လွယ်အိတ်ထူထူတွေကို ပေါ့ပေါ့ပါးပါးလွယ်ရင်း ပြေးရတော့သည်။ 

ဒီမြင်ကွင်းတွေကို ပင်မအဆောင်အပေါ်ဆုံးထပ်မှ ငေးကြည့်နေရင်း ပါမောက္ခချုပ် ကျေနပ်စွာပြုံးမိသည်။ မိမိတို့နိုင်ငံ၏ မျိုးဆက်သစ်လေးတွေ ဒီလိုစာကို အားကြိုးမာန်တက် သင်ယူလိုစိတ်ရှိတာကို မြင်ရတော့ အနာဂတ်အတွက် အားတက်မိသည်။ မိမိတို့ အပင်ပန်းခံတည်ဆောက်ထားသည့် ပညာရေးမဏ္ဍိုင်တစ်ခု ခိုင်မာလာမည့်အရေးကို တွေးမိရင်းလည်း ကျေနပ်မိသည်။ ဆရာကြီးသည် ထိုထိုသော မြင်ကွင်းတို့ ငေးကြည့်နေဆဲမှာပင် ကျောင်းသားများ တဖြည်းဖြည်းလျော့ပါးသွားကြသည်။ အားလုံး နောက်အတန်းချိန်ဝင်နေကြလောက်ပြီ ထင်ပါသည်။ တဖြည်းဖြည်းနှင့် ကော်ရစ်ဒါတလျှောက် လမ်းတလျှောက် ကျောင်းသားဆိုတာ မရှိသလောက်ဖြစ်နေတာမို့ ရာနှုန်းပြည့်နီးပါး ကျောင်းသားတွေ အတန်းတက်တာပဲဟု တွေးမိပြီး ပီတိတို့ ထပ်မံဖြစ်ပေါ်လာတာမို့ ကျေနပ်စွာ ပြုံးမိပြန်သည်။ 

နေ့လည်အစည်းအဝေးမသွားခင် ကျောင်းကို ရောင်းလှည့်ဦးမှ ဟုတွေးမိပြီး ဆရာကြီးသည် ကျောင်းဝင်းတလျှောက် ထွက်ခဲ့တော့သည်။ အတန်းတိုင်းမှာ စာကို စိတ်ဝင်တစား သင်နေသည့်ဆရာမ၊ အားကြိုးမာန်တက် လိုက်မှတ်နေသည့် ကျောင်းသားတွေကို တခန်းစီ၊ တခန်းစီလှည့်ကြည့်နေရင်းမှ ပျော်ရွှင်မှုတွေ ရင်ထဲမှာ အလိုလိုဖြစ်ပေါ်လာမိသည်။ `ဆရာဆိုတာ ပီတိကိုစား အားရှိ` ဆိုတာ ဆရာတိုင်းရဲ့ ရင်ထဲမှာ ရှိပါသည်။ ဒီလို စာကိုကြိုးစားပမ်းစား သင်နေသည့် တပည့်လေးတွေ စာမေးပွဲမှာ လွတ်လွတ်ကျွတ်ကျွတ်အောင်မြင်ပြီး ဆပ်ပလီဖြေဆိုခြင်းမှ ကင်းဝေးပါစေဟု စိတ်ထဲမှ ဆုတောင်းနေရင်း ကျောင်းကော်ရစ်ဒါမှ အောက်ထပ်သို့ပြန်အဆင်း လှေခါးထိပ်အရောက်တွင် ကြားလိုက်ရသည့်အသံတွေကြောင့် ဆရာကြီးခြေလှမ်းတို့ ရပ်တန့်သွားခဲ့သည်။

`ငါအတန်းတက်ရဦးမှာ ခေးရ`

`ဟာ.. အတန်းထက် ငါကပိုအရေးကြီးလား... နင်နော်... ငါ့ကို မချစ်တော့ဘူးလား`

`မဟုတ်ပါဘူးဟာ.. ဒီအချိန်က နည်းနည်းခက်တယ်။ ပြီးတော့ ဒီတစ်ခါ ဆပ်ပလီထိရင် အိမ်က အသေကောတော့မှာ... ခေးရာ.. လိမ္မာပါတယ်ဟာ..။ နင်အခု အတန်းမရှိသေးရင် ကန်တင်းမှာစောင့်နေ..။ ငါခဏသွားတက်ပြီး လာခဲ့မယ်.. နော်..`

ဒီလိုစာသင်ချိန်မှာ ကျောင်းဆောင်မှာများ ခိုးပြီးချိန်းတွေ့ရသည့် ကျောင်းသားတွေကို မြင်တော့ ဆရာကြီး ထောင်းကနဲ ဒေါပွသွားသည်။ ဒီနှစ်ယောက်ကို ဂုတ်ကဆွဲပြီး ရုံးခန်းထဲခေါ်မယ်လို့ ဆုံးဖြတ်ပြီး ထောင့်လေးကနေထွက်လိုက်တော့ ဆရာကြီးခြေလှမ်းတွေ ရပ်တန့်သွားရပြန်သည်။ ကောင်လေးပုခုံးပေါ်မှာ ခေါင်းလေးမှီလို့ ပြီးတော့ ကောင်လေးခါးကို ဖက်ထားလို့ ကောင်မလေးက အတင်းကို ဆွဲထားလေသည်။

`ဟင်း.. နင်ကလည်းဟာ..။ ရည်းစားလေး ဒီတစ်ယောက်တည်းရှိတာကို...။ စာမှစာပဲ.. ပြီးရောဟာ.. ကန်တင်းမှာစောင့်နေမယ်.. ဒါပေမယ့်.. နင်ငါ့ကို အနမ်းပေးမှ ငါနင့်ကို အတန်းပေးတက်မယ်...`

`ဟာ.. ခေးရာ..။ ကျွတ်.. မရစ်စမ်းနဲ့..။ ဒါကျောင်းဆောင်ထဲမှာနော်.. ဆရာမတွေမြင်သွားရင် ကျောင်းတောင် ထုတ်ခံရလိမ့်မယ်..`

`ကြည့်... နင်ဆိုတဲ့ကောင်ဟာလေ... ဘာမှလည်း သတ္တိမရှိဘူး..။ ဒါနဲ့များ ငါ့အချစ်မရရင် သေတော့မယ့်ပုံနဲ့... နင်ငါ့ကို နမ်းရင်နမ်း.. မနမ်းရင် သွားဖို့လည်း မပြင်နဲ့.... `

`အေးပါဟာ... .ပေးပါ့မယ်..`

`.... .... ... `

ဆရာကြီး၏ ခြေလှမ်းများသည် ထိုအတွဲရှေ့သို့ ၀ုန်းကနဲရောက်ရှိသွားခဲ့သည်။ ဒေါသဖြင့် မျက်နှာရဲနေသော ဆရာကြီးသည် ထိုနှစ်ယောက်ကို ရုံးခန်းထဲသို့ ဆင့်ခေါ်ခဲ့ကာ ဌာနအသီးသီးမှ ဌာနမှူများကို တမဟုတ်ချင်း ဆင့်ခေါ်လိုက်သည်။

ပါမောက္ခချုပ်ရုံးခန်းထဲမှာတော့ ခေါင်းလေးငုံ့ကာ ကမ္ဘာပျက်တော့မတတ် မျက်နှာပျက်နေပြီး ချွေးစေးတွေ ထွက်နေသည့် ကောင်လေးကို တလှည့်၊ ထီမထင်သည့် မျက်နှာပေးဖြင့် ခပ်တည်တည်ထိုင်နေပြီး ခြေနှစ်ဖက်ချိတ်ကာ ဒူးလှုပ်နေသည့် ကောင်မလေးကို တလှည့် ကြည့်မိရင်း ဘယ်လိုစကားလုံးများဖြင့် ဆုံးမရမလဲဟု ဆရာကြီးခေါင်းထဲ အစီအရီ စဉ်းစားနေမိသည်။ ပြီးတော့ အခန်းထဲ ၀င်လာကြသည့် ဌာနမှူများကို ကြည့်လိုက်သည့်အကြည့်တို့မှာ စစ်ကူတောင်းသည့် အရိပ်လေးများ ထင်ဟပ်နေပေလိမ့်မည်။

မြင်ကွင်း (၂)

စင်ကာပူမြို့တော်ကြီးသည် တနင်္ဂနွေမို့လားမသိ လူတွေနေရာတိုင်းမှာ ပျားပန်းခပ်သွားလာနေလေသည်။

မြန်မာလူမျိုးတို့ စုဆုံရာ ပင်နီဆူလာပလာဇာသည်လည်း ရွှေမြန်မာတို့ဖြင့် ကြက်ပျံမက စည်ကားလို့နေသည်။  ဖိုးသုတစ်ယောက်လည်း စနေတနင်္ဂနွေဆို မြန်မာထမင်း၊ မြန်မာဟင်းတွေကို မလွေးရမနေနိုင်တာမို့ စီးတီးဟောဘူတာသို့ ရောက်ခဲ့ပြန်ပါပြီ။ ရထားထဲကထွက်တော့ သူလိုကိုယ်လို မြန်မာလူမျိုးတွေ အားလုံးက ပင်နီဆူလာသို့ ဦးတည်နေတာမို့ ဖိုးသုလည်း အလိုက်သင့် လျှောက်လာခဲ့သည်။

ကားလမ်းကိုကူးရင်း သူငယ်ချင်းတွေဆီဖုန်းခေါ်ကြည့်သည်။ ဘယ်ဆိုင်မှာ စားမည်နည်း.. ဟုလှမ်းမေးရင်း အားလုံးက မြေအောက်ထပ်မှာမို့ အဲဒီကိုပဲ ဦးတည်လိုက်သည်။ မြေအောက်ထပ်ဆီကို လှေကားနဲ့ဆင်းလာရင်းမှ မြင်လိုက်ရသည်က နည်းနည်းနောနော လူအုပ်မဟုတ်..။ ဆိုင်ထဲကို ၀င်သွားလိုက်ပြီး သူငယ်ချင်းတွေကို မြင်ရတော့ ဖိုးသု ထမင်းမှာဖို့ ကောင်တာသို့ရောက်ခဲ့ပြန်သည်။

ထမင်းကောင်တာရှေ့မှာ လူတန်းကြီးက မနည်းတာမို့ နောက်ဆုံးမှ ၀င်စီရင်း ဆာလောင်နေသည့်ဗိုက်ကို ခန္တီပါရမီဖြည့်တင်းရင်း ဟိုကြည့်ဒီကြည့် ငေးမောမိသည်။ ဘာရယ်ညာရယ်တော့မဟုတ်.. ဟိုကြည့်ဒီကြည်ရတာ မြန်မာပြည်ကတည်းက ၀ါသနာပါသည်။ ဘယ်သူကိုမှ ငမ်းလို၍ ကြည့်တာမဟုတ်၊ ဘယ်သူ့ကိုမှ စပ်စုလိုစိတ်နဲ့ ကြည့်တာရယ်မဟုတ်..။ ဒီလိုပဲ ရောက်လေရာ ပတ်ဝန်းကျင်မှာ ဘာတွေများဖြစ်သလဲဆိုတာကို စူးစမ်းလိုစိတ်ကြောင့်သာ ငေးကြည့်နေခြင်းဖြစ်သည်။ 

ရထားတွေကားတွေမှာ ဘယ်သူ့မှ ဂရုမစိုက်ပဲ ကိုယ့်ဘာသာကိုယ်နေခြင်းဟာ နိုင်ငံခြားသားတွေ အလုပ်ဖြစ်ပါသည်။ ဒါဟာ သူတို့မွေးကတည်းက ပါလာသည့်အကျင့်..။ သူတို့အကျင့်နှင့် သူတို့ဒေသမှာ လိုက်လျောညီထွေဖြစ်နေတာ အထူးအဆန်းမဟုတ်..။ ကိုယ်တို့မြန်မာတွေက မွေးကတည်းက ဒါမျိုးမဟုတ်။ ပတ်ဝန်းကျင်ဆိုတာနှင့် ရင်းနှီးသည်။ သူငယ်ချင်းတွေနှင့် နွေးထွေးသည်။ ခင်သူမင်သူဆီက အကူအညီလိုလျှင် လွယ်လွယ်ကူကူတောင်းခံနိုင်သလို မြန်မာတွေရဲ့ စိတ်ထဲမှာ ရင်းနှီးဖော်ရွေလိုသည့် ဓါတ်ခံရှိပြီးသားဖြစ်သည်။ ဒါကိုမှ နိုင်ငံခြားရောက်လို့ သူများတွေလို အိနြေ္ဒကြီးတခွဲသားနှင့်လည်း ဖိုးသုမနေတတ်။ 

ဖိုးသုတစ်ယောက် ဟိုတွေးဒီတွေးရင်း လူတန်းကြီးနှင့်အတူ ကောင်တာနားသို့ နီးလာလေသည်။ ဖိုးသုကြည့်မိသလောက်တော့ ဒီလူတန်းထဲမှာ အားလုံးမြန်မာတွေပဲ ဖြစ်ပါသည်။ မြန်မာမဟုတ်ပဲ မြန်မာအစားအစာကို စိတ်ဝင်စားလို့ လာစားတာလည်း နည်းပါသည်။ အရင်က ဖိုးသုကုမ္ပဏီက နိုင်ငံခြားသားတွေ မြန်မာအစားအစာ သွားစားဖူးသည်ဟု ဆိုပါသည်။ ဒါပေမယ့် ဆီတွေရွှဲနစ်နေတာကြောင့် သိပ်မကြိုက်ဘူးဟု ဆိုပါသည်။ အင်း.. ကိုယ်တွေ မြန်မာအစားအစာကို ကျန်းမာရေးနဲ့ညီညွှတ်ပြီး ကမ္ဘာက ကြိုက်လာအောင် ဘယ်လိုများ လုပ်ရင်ကောင်းမလဲဟု မဆီမဆိုင် ဖိုးသုတွေးနေမိပြန်သည်။ ဖိုးသုရဲ့ အတွေးတွေက ကြားလိုက်ရသည့် အသံတချို့ကြောင့် ရပ်တန့်သွားခဲ့သည်။

`ဘာဟင်း ယူမှာလဲ အစ်မ..`

ဆိုင်ရှင်က မေးလိုက်ပါသည်။

`Wait a minute,,, huhhhhhhhh,,, this one,,,`

ငါးကြော်ကို လက်ညှိုးထိုးပြတာမို့ ဆိုင်ရှင်က အဲဒီငါးကြော်ကို ပန်းကန်ထဲထည့်မလို့ပြင်နေတုန်း..

`No no,,, take away,, take away,,`

ပါဆယ်ထုပ်သွားမယ်လို့ဆိုတာကြောင့် အိတ်ထဲပြောင်းထည့်လေသည်။ ပြီးတော့.... လက်ညှိုးလေး တထိုးထိုးနှင့် 

`this one,,, and this one,, `

ဆိုပြီး မှာနေလေတော့သည်။ အားလုံး ပြုံးစိစိဖြစ်ကုန်လေသည်။ ဖိုးသုကတော့ မပြုံးမိ..။ စူးစိုက်ပြီးတော့သာ ငေးကြည့်နေမိသည်။ ဒီမျက်နှာအချိုးအဆစ်ဟာ မြန်မာမိဘက မွေးဖွားလာတဲ့ မြန်မာလူမျိုးစစ်တစ်ယောက်ရဲ့ မျက်နှာသာဖြစ်သည်။ ပြီးတော့ သူမပါးစပ်ကထွက်ကျလာတဲ့ စကားလုံးတွေဟာ ငါးပိနံ့မစင်သေးသည့် စကားလုံးတွေသာဖြစ်သည်။

ဖိုးသုဆိုင်တစ်ခုလုံးကို မျက်လုံးဝှေ့ကြည့်မိသည်။ အားလုံးက မြန်မာလူမျိုးတွေ..။ နိုင်ငံရပ်ခြားမှာ နိုင်ငံခြားသားတွေကြားထဲမှာ ယဉ်ကျေးမှုအရရော၊ ခံယူချက်အရပါ ပင်ပန်းနွမ်းနယ်ကြလွန်းလို့ မြန်မာ့အငွေ့အသက်ရှိရာနေရာကို လာနေကြသူတွေပါ။ အားလုံးဟာ ပျော်ပျော်ပါးပါး အားပါးတရ ရယ်ကြမောကြလို့..။ ပြီးတော့.. မြန်မာစကားကို ပြောကြလို့..။

ဖိုးသုသိပ်ကြိုက်တဲ့ ငါးခူစင်းကောဟင်းဟာ လျှာဖျားပေါ်မှာ အရသာမဲ့လို့နေလေသည်..။


နိဂုံး

ကမ္ဘာကြီးသည် လည်ပတ်နေသည်။ ရာသီဥတုတို့သည် ပြောင်းလဲနေသည်။ လူသားတို့သည်လည်း ဘ၀မျိုးစုံဖြင့် ကျင်လည်နေကြသည်။ လူသားတစ်ယောက်၏ အရေးကြီးဆုံးသော အနှစ်သာရသည် ကိုယ်ပိုင်လွတ်လပ်ခွင့်သာဖြစ်သည်။ ထိုလွတ်လပ်ခွင့်ဖြင့် လူသားတို့သည် မိမိတို့ဘ၀ကို မိမိတို့ဘာသာ တည်ဆောက်နေကြသည်။ သို့သော်.. ဘောင်လေးတစ်ခုတော့ လိုနေပါလိမ့်မည်။


ခင်မင်လျက်
နေ၀သန်

မြန်မာ - ခရီးသွားလာဖို့ အချိန်ကောင်းရောက်ပြီလား

$
0
0

နှစ်နှစ်အတွင်း ပြုလုပ်ခဲ့တဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းနိုင်မှုနဲ့ မြန်မာသုံး ကျပ်ငွေကို ၈၁၈ ကျပ်အထိ နှုန်းရှင်သတ်မှတ်နိုင်မှု စတာတွေဟာ ဒီနိုင်ငံရဲ့ စီးပွားရေးအကြီးအကျယ် ပြောင်းလဲရေးအတွက် အဓိက တွန်းအားပေးနေပါတယ်။ 

ဒါဖြင့် ကမ္ဘာလှည့်ခရီးသည်တွေအတွက် ဘာတွေက ဂယက်ရိုက်ခတ်နေပါသလဲ..။

နိုင်ငံခြား ရင်းနှီးမြှပ်နှံလိုသူတွေ ၀င်လာတာနဲ့အမျှ မြန်မာပြည်တွင်း ကုမ္ပဏီတွေဟာ လုပ်ငန်းဆောင်ရွက်ဖို့ ပိုမိုလွယ်ကူလာပြီးတော့ နိုင်ငံတကာခရီးသွားတွေအတွက် မြန်မာပြည်ကိုလည်ပတ်ခွင့် ခခယယ ခွင့်တောင်းနေရတာတွေဟာ မကြာခင်ကွယ်ပျောက်တော့မယ် သဘောရှိနေပါတယ်။

လွန်ခဲ့တဲ့ခြောက်လမှာ မြန်မာပြည်ဟာ သွားကိုသွားသင့်တဲ့ နေရာတစ်ခုအဖြစ် ခပ်မြန်မြန်ရောက်ရှိလာပြီး ခရီးသွားအတော်များများမလာရောက်သေးခင် လက်ဦးမှုယူပြီး သွားရောက်လည်ပတ်သင့်တဲ့ နေရာလိုလို ဖြစ်လာခဲ့ပါတယ်။

မနှစ်က ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရ ပြည်ပခရီးသွားပေါင်း ၃၉၁၁၇၆ ဦး ၀င်ရောက်လည်ပတ်ခဲ့ပါတယ်။ ၂၀၁၂ မှာ ၃၀ ရာခိုင်နှုန်းတိုးလာနိုင်တယ် ဒါမှမဟုတ် ခရီးသွား ငါးသိန်းနီးပါး လာရောက်လိမ့်မယ်လို့ ၀န်ကြီးဌာနက ခန့်မှန်းထားပေမယ့် နိုင်ငံရဲ့ အခြေခံအဆောက်အဦး လိုအပ်ချက်ကို ၀န်ပိလာစေမယ့် သဘောရှိနေပါတယ်။ ဒါပေမယ့်လည်း အစိုးရအနေနဲ့ကတော့ ခရီးသွားလုပ်ငန်းကို တွန်းအားပေးနိုင်သမျှ ဆက်လုပ်နေမယ့်သဘောရှိနေပါတယ်။

ဧပရယ် ၁ ရက်နေ့မှာ ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးဌာနရဲ့ E-Visa ၀ဘ်ဆိုဒ်ကို စတင်လွှင့်တင်ခဲ့ပါတယ်။ အခုလက်ရှိမှာ စမ်းသပ်ဆဲကာလမှာရှိနေပေမယ့် မကြာခင် တရားဝင်အသုံးပြုတော့မှာ ဖြစ်ပါတယ်။ ဒါဟာ ခရီးသွားတိုင်းအတွက် အီလက်ထရောနစ်ဗီဇာကို ရုံးချိန်ငါးရက်အတွင်း လျှောက်ထားနိုင်စေမှာ ဖြစ်ပါတယ်။

`အခုလက်ရှိမှာတော့ ကမ္ဗောဒီးယား၊ လာအို၊ ဗီယက်နမ်နဲ့ မလေးရှား စတဲ့ အရှေ့တောင်အာရှနိုင်ငံတွေအတွက် အီးဗီဇာကို ချပေးဖို့ လုပ်ဆောင်နေပါတယ်။ မကြာခင်ပဲ လူတိုင်းအတွက် လျှောက်ထားနိုင်ဖို့လည်း လုပ်ဆောင်နေပါတယ်` လို့ မြန်မာမာကတ်တင်းကော်မတီမှ မာကတ်တင်းမန်နေဂျာ ဒေါ်တင်နွယ်ဝင့်က ပြောကြားပါတယ်။ ဒါဟာ ခရီးသွားတွေအားလုံးအတွက် အပေါင်းလက္ခဏာဆောင်တဲ့ ပြောင်းလဲမှုတစ်ရပ်ဖြစ်ပါတယ်။

ဗီဇာကို ဘယ်လိုရအောင်ယူမလဲ

ပထမဆုံး သက်ဆိုင်ရာနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးကိုသွားပြီး ခရီးမသွားခင် လျှောက်ထားရပါမယ်။ တရုတ်နိုင်ငံ ကွမ်ကျိုးနဲ့ ကမ္ဗောဒီးယားနိုင်ငံကနေ မြန်မာ့လေကြောင်းနဲ့ သွားမယ့်သူတွေအတွက်ကတော့ ရန်ကုန်လေဆိပ်မှာ ဆိုဒ်ရောက်ဗီဇာအလိုအလျောက် ရရှိမှာဖြစ်ပါတယ်။ ဒါမှမဟုတ် စင်းလုံးငှားလေယာဉ်၊ သင်္ဘောနဲ့ ခရီးသွားကုမ္ပဏီတွေကနေ သွားမယ်ဆိုရင်တော့ ခင်ဗျားတို့ရဲ့ ကုမ္ပဏီကနေ ဆိုဒ်ရောက်ဗီဇာကို နှစ်ပတ်ကြိုအသိပေးခြင်းအားဖြင့် စီစဉ်ပေးထားမှာဖြစ်ပါတယ်။ တခြား တကိုယ်တော်ခရီးသွားတွေအတွက်ကတော့ အေဂျင်စီတွေကို ဆက်သွယ်နိုင်ပြီး သူတို့ရဲ့ ၀ဘ်ဆိုဒ်အသီးသီးမှာရှိတဲ့ ဆိုဒ်ရောက်ဗီဇာလျှောက်ထားပုံတွေကို အသုံးပြုနိုင်ပါတယ်။ တချို့ အေဂျင်စီတွေက ငွေကြိုလွှဲပေးထားတာကို အလိုရှိပြီးတော့ တချို့တွေကတော့ ရန်ကုန်လေဆိပ်ကိုရောက်တဲ့အခါ ဆိုဒ်ရောက်ဗီဇာဌာနအနီးမှာ စောင့်ဆိုင်းနေတဲ့ အေဂျင့်ဝန်ထမ်းတွေကို  တခါတည်း လက်ငင်းငွေပေးချေစေတာကို အလိုရှိကြပါတယ်။ ဒီလိုလုပ်ဖို့ အမေရိကန်ဒေါ်လာ ၃၅ ကနေ ၈၀ ထိကျသင့်မှာဖြစ်ပါတယ်။  အခုလက်ရှိကြားသိရသလောက်ကတော့ အီးဗီဇာလျှောက်ထားနိုင်ခွင့် တရားဝင်ဖြစ်လာတဲ့အခါ ဒီလိုလုပ်ငန်းတွေအားလုံး အလိုလိုရပ်တန့်သွားမယ်ဆိုတာပါ။

အခု ချပေမယ့် အီးဗီဇာနဲ့ပတ်သတ်တဲ့ သတင်းတွေက ကန့်သတ်ထားပေမယ့်လို့ ကြည့်ရတာကတော့ လျှောက်ထားသူတွေဟာ ဘယ်လို လိုအပ်ချက်မှ သိပ်မလိုပဲ နိုင်ငံတွင်းဝင်ခွင့် ရနိုင်သလို ဗီဇာဘယ်လောက်ထိပဲ ချပေးမယ်ဆိုတဲ့ ကန့်သန့်ချက်တွေလည်း မရှိပါဘူး။

`အစိုးရကတော့ နိုင်ငံတကာခရီးသွားတွေကို အဆင်ပြေနိုင်သလောက် အဆင်ပြေအောင် ဆောင်ရွက်ပေးနေပါတယ်` လို့ ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးဌာန ခရီးသွားလုပ်ငန်း မြှင့်တင်ရေးဒါရိုက်တာ ဒေါ်ခင်သန်းဝင်းက ပြောပါတယ်။ `အစိုးရက ခရီးသွားအရေအတွက် ကန့်သတ်တာတွေ လုပ်မယ်မလုပ်ဘူးကတော့ ကျွန်မမသိပါဘူး` လို့ သူမက ဆိုပါတယ်။

ဘယ်မှာ အိပ်မလဲ

တစ်နိုင်ငံလုံးအတိုင်းအတာအရ ဟိုတယ်အခန်းပေါင်း ၂၅၃၅၈ ခန်းအနက်က ၇၉၃၄ ဟာ ရန်ကုန်မှာရှိတဲ့ ဟိုတယ်ပေါင်း ၁၈၇ ခုမှာရှိပါတယ်။ နာမည်ကြီးဒေသတွေဖြစ်တဲ့ ပုဂံနဲ့ ညောင်ရွှေမြို့မှာ ၂၀၀၈ ခန်းနဲ့ ၉၃၇ ခန်းသာ အသီးသီးရှိပါတယ်။

၂၀၁၁ ခုနှစ် ဒီဇင်ဘာတစ်လတည်းတင် ခရီးသည် ၄၇၄၇၅ ဦးဝင်လာတဲ့အနက် ရန်ကုန်က၀င်တာက ၄၃၈၀၀ ရှိပါတယ်။ မေးစရာဖြစ်နေတာက အဲဒီလူတွေ ဘယ်မှာများ သွားအိပ်ကြသလဲ ဆိုတာကိုပါ။

`ခရီးသွားရာသီတွေမှာ အခန်းတွေဟာ သိပ်ကိုရှားပါးပါတယ်` လို့ ရန်ကုန်မြို့ စထရန်းဟိုတယ် အထွေထွေမန်နေဂျာ Didier Belmonte ကဆိုပါတယ်။ `ကျွန်တော်တို့မြင်နေရတာက ရန်ကုန်ကို ရောက်လာတဲ့ ခရီးသည်တွေထဲက အခန်းမရနိုင်တော့တဲ့သူတွေအတွက် အခန်းတွေရနိုင်တဲ့ ပုဂံဒါမှမဟုတ် မန္တလေးကို သွားဖို့ ခရီးသွားကုမ္ပဏီတွေ စီစဉ်ပေးနေရတာကိုပါ` လို့ သူကဆိုပါတယ်။ `ကဲ.. အခု ခင်ဗျား အီးဗီဇာရပြီဆိုပါဆို့..။ ခရီးသည်တွေဟာ နိုင်ငံတွင်း တည်းစရာနေရာမရှိတာကို သတိပြုမိကြလိမ့်မယ်လို့ ကျွန်တော်တော့ မထင်ဘူးဗျာ` လို့ဆိုပြန်ပါတယ်။

နောက်ပြီး ၀ယ်လိုအားနဲ့ရောင်းလိုအားမမျှတာကြောင့် ခရီးသွားလုပ်ငန်းတွေ ညည်းညူနေကြတာလည်း အသေအချာပါ။ ဘာလို့လည်းဆိုတော့ ခရီးသွားဝင်ရောက်မှုများလာပြီးတဲ့နောက် မူလသဘောတူညီထားတဲ့ ဈေးနှုန်းထက် သုံးဆ၊ လေးဆ နဲ့ ငါးဆအထိ တက်သွားကြတာကိုး။ အရင်က ဒေါ်လာ ၈၀ တန်အခန်းဟာ အခုဆို ဒေါ်လာ ၂၀၀ နဲ့ ၂၅၀ အထိတက်သွားတယ်လေ။ ကဲ. တက်တယ်ထားဦး.. အဲဒီတက်သွားတဲ့ငွေထဲက ဟိုတယ်ကို ပြင်ဆင်ထိန်းသိမ်းဖို့ ဘာမှမလုပ်တာကတော့ အတော်ဆိုးပါတယ်။ ဒီလိုဈေးတက်တာကလည်း တနိုင်ငံလုံး အတိုင်းအတာထိရှိပါတယ်။

`အရည်အသွေးတူညီတဲ့ ဟိုတယ်၊ လေယာဉ်နဲ့ စားသောက်ဆိုင်ချင်း ယှဉ်ကြည့်ရင် မြန်မာဟာ အိမ်နီးချင်း မလေးရှား၊ ထိုင်း၊ ဗီယက်နမ်တွေထက် ၃၀ ရာခိုင်နှုန်းဈေးပိုကြီးပါတယ်` လို့ Exotissimo Travel Myanmar ရဲ့ Product and adventure manager, Anne Cruickshanks ကပြောပါတယ်။ အကျိုးရလဒ်ကတော့ မြန်မာပြည်ရဲ့ အုန်းပင်တွေပြည့်နေတဲ့ ကမ်းခြေတွေ၊ စိမ်းလန်းစိုပြေနေတဲ့ တောက်တက်ခြေလျဉ်ခရီးတွေ၊ ယဉ်ကျေးမှုမြင်ကွင်းတွေနဲ့ ဧည့်ဝတ်ကျေပြွန်တဲ့ လူတွေနဲ့ ဆွဲဆောင်ခြင်းခံရတဲ့ ခရီးသွားတွေအတွက် သိပ်မတန်သလိုဖြစ်လာတာပေါ့ဗျာ။

`ကျွန်တော်တည်းခဲ့တဲ့ Summit Park View Hotel ကို ကျွန်တော်တော့ စိတ်ပျက်တယ်ဗျာ` လို့ မနှစ်က အောက်တိုဘာမှာ ခရီးသွားခဲ့တဲ့ ဗီယက်နမ်အခြေစိုက် အမေရိကန်စီးပွားရေးလုပ်ငန်းရှင် Stephen Bures ကပြောပါတယ်။ `ဒီဟိုတယ်ဟာ အစိုးရပိုင်ဟိုတယ်တစ်ခုလို ခံစားနေရတယ်။ ကော်ဇောတွေက ညစ်ပတ်လို့။ ပစ္စည်းတွေကလည်း အလုပ်မလုပ်ဘူး။ မနှိပ်ဘူးဗျာ..` လို့ ဆိုပါတယ်။

အာဏာပိုင်တွေကို ဒီလိုပြဿနာတွေအတွက် အစီအရင်ခံစာတွေ ရှိခဲ့ပေမယ့် ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ ဆိုတာတွေ၊ အသစ်ဆောက်လုပ်မယ့် အခန်းသစ်တွေရဲ့ အချက်အလက်တွေ စတာတွေဟာ ၀ိုးတိုးဝါးတားဖြစ်နေပါတယ်။ ရန်ကုန်မှာ ဖွင့်လှစ်မယ့် Centrepoint Hotel ဟာ လာမယ့် ၂၀၁၃ မှာဖွင့်လှစ်မယ်လို့ မျှော်လင့်ရပါတယ်။ ဒါနဲ့အတူ အခန်းပေါင်း ၂၀၀ ကနေ ၃၀၀ အထိ တိုးလာမှာဖြစ်ပါတယ်။ တခြားဟိုတယ်အသစ် လေးခုငါးခုလည်း လာမယ့်နှစ်တွေအတွင်း ဖွင့်လှစ်ဖို့ရှိပါတယ်။

ဒေသတွင်းသက်ရောက်မှုများ

ခရီးသွားလုပ်ငန်းတွေကနေ ၀င်လာတဲ့ ဒေါ်လာငွေတွေကြောင့် ဒေသတွင်းမှာ အကောင်းဘက်က အကျိုးတွေရှိသလို အဆိုးတွေလည်း လျစ်လျူရှုထားလို့မရပါဘူး။ တစ်ခုစိုးရိမ်ရတာက ဒီလို အီးဗီဇာပေါ်လစီဖွင့်ပေးလိုက်တဲ့အခါ တိုးပွားလာတဲ့ ခရီးသွားတွေနဲ့အတူ မလိုလားအပ်တဲ့ ဆိုးကျိုးတွေဟာ ပတ်ဝန်းကျင်၊ ယဉ်ကျေးမှုနဲ့ မြန်မာ့အသိုင်းအ၀ိုင်းကို မကောင်းကျိုးသက်ရောက်မှာကိုပါပဲ။

`နာဂစ်ဆိုင်ကလုံးပြီးတဲ့နောက်မှာ အမျိုးသမီးအတော်များများဟာ ရန်ကုန်လာပြီး အလုပ်ရှာကြတယ်။ ဒါပေမယ့် အလုပ်မရပဲ လိင်အရောင်းအ၀ယ်လုပ်ငန်းတွေမှာ နစ်မျောသွားကြရရှာတယ်` လို့ မြန်မာပြည် လူ့အခွင့်အရေးဒါရိုက်တာ ဦးအောင်မျိုးမင်းက ဆိုပါတယ်။ `လူငယ်တွေဟာ ပိုပြီးကောင်းတဲ့အလုပ်ကို ရှာနေရင်း ဒီလိုထောင်ချောက်တွေထဲကို ကျသွားတတ်ပါတယ်` လို့ဆိုပါတယ်။

`၁၉၉၆ ခုနှစ်မှာ မြန်မာ့ခရီးသွားနှစ်ရယ်လို့ ကြေငြာခဲ့ပြီး ပုဂံကို ရှေ့ဟောင်းယဉ်ကျေးမှုမြို့တော်အဖြစ် ဆွဲဆောင်ပြီး အဆောက်အဦတွေကို ပြုပြင်ထိန်းသိမ်းရမယ့်အစား အဆောက်အဦတွေရဲ့ တန်ဖိုးကို အလေးထားရမယ့်အစား ဘုရားတွေကို ဆေးသုတ်ပစ်လိုက်ပါတယ်။ ပြီးတော့ အနီးအနားမှာရှိတဲ့ ရွာသားတွေကို မြို့ပြင်ရွှေ့ခိုင်းလိုက်တာမျိုး စသဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုတွေ လုပ်ခဲ့ပါတယ်`

`အခြေခံအဆောက်အဦတွေကို တိုးတက်အောင်လုပ်နေတာမျိုးတွေမှာတောင် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေပါတယ်။ ဥပမာ သီပေါမြို့မှာ လမ်းခင်းတဲ့အခါမှာ စစ်တပ်နဲ့အတူ ဒေသခံလူထုတွေဟာ လုပ်အားပေးစေခိုင်းခံရတာမျိုးရှိပါတယ်။ အစိုးရမှာ ရေရှည်စီမံကိန်းမရှိသလို လူ့အသိုင်းအ၀ိုင်းကလည်း Responsible Tourism (တာဝန်ယူတတ်သော ခရီးသွားလုပ်ငန်း) နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ မရှိပါဘူး` လို့ဆိုပါတယ်။

ဘယ်တွေကို သွားမလဲ

တချို့နေရာတွေက ဖွင့်ပေးလိုက် ပိတ်လိုက်လုပ်နေသလို တချို့ဒေသတွေတော့ လုံးဝသွားလာခွင့် မရှိတာတွေ ရှိပါတယ်။ အစိုးရစစ်တပ်နဲ့ လက်နက်ကိုင် တိုင်းရင်းသားတပ်ဖွဲ့တွေကြား တိုက်ခိုက်မှုတွေ ရှိတာကြောင့်လည်း ပါသလို တချို့နေရာတွေမှာတော့ ဘိန်းစိုက်ခင်းတွေကြောင့် သွားလာခွင့်မရတာလည်း ရှိပါတယ် (မြန်မာဟာ ကမ္ဘာမှာ ဒုတိယဘိန်းအထွက်ဆုံးနိုင်ငံ ဖြစ်ပါတယ်)။

မြန်မာပြည်ရဲ့ ဘယ်တွေကို သွားခွင့်ရှိသလဲဆိုတာကို သိရဖို့ အကောင်းဆုံးကတော့ ခရီးသွားအေဂျင်စီနဲ့ ခရီးသွားလာရေးဝန်ကြီးဌာန ၀ဘ်ဆိုဒ်တွေကို လေ့လာကြည့်ဖို့ပါ။ ခရီးသွားကုမ္ပဏီတွေက ပြောပါတယ်။ အခုအချိန်မှာ ခရီးသည်အများကြီးအတွက် လုံလောက်ကောင်းမွန်တဲ့ ယာဉ်တွေရှိပါတယ်လို့ဆိုပါတယ်။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ လုံလောက်မှာမဟုတ်တော့ပါဘူး။ တချို့တွေကတောင် ၀န်ခံနေကြပါတယ်။ ချက်ချင်းလက်ငင်း အော်ဒါလက်ခံရတဲ့အခါမျိုးမှာ ပညာတတ်ကားမောင်းသမားတွေက ဒါနောက်ဆုံးအအခေါက်ပဲလို့ ဆိုတာတွေကို အပြောခံနေရပါတယ်လို့ ၀န်ခံကြပါတယ်။

ဘတ်စ်ကားတွေနဲ့ ရထားတွေဟာ နေရာအနှံ့ကို သွားလာပြေးဆွဲနေပေမယ့် ဈေးပိုကြီးဖို့ရှိပါတယ်။ ဘာလို့လည်းဆိုတော့ ခင်ဗျားတို့ကြိုတင်စီစဉ်ထားတဲ့ ခရီးစဉ်ထက် နာရီပေါင်းများစွာ နောက်ကျတတ်လို့ပါပဲ။ ယာဉ်တွေရဲ့ အရည်အသွေးဟာ ယေဘုယျအားဖြင့် နိမ့်ပါတယ်။ ပြူတင်းတံခါးမရှိတာမျိုး၊ အတွင်းခန်းတပ်ဆင်ထားမှု ညံ့ဖျင်းတာမျိုး၊ အပေါက်အပြဲတွေနဲ့ လမ်းတွေပေါ်မောင်းနေတဲ့ ကားပေါ်ကနေ ရှုခင်းကြည့်နေရတာမျိုးပေါ့။ ဒါကြောင့် တကယ်လို့ ခင်ဗျားဟာ ရှုခင်းတွေကို ငေးကြည့်ပြီးသွားလိုစိတ်ရှိတယ်ဆိုရင်တော့ သက်သောင့်သက်သာမရှိဘူးဆိုတာကို ကြိုသိထားဖို့လိုပါတယ်။  မြန်မာပြည်တွင်းသွားနေတဲ့ လေယာဉ်ခရီးစဉ်တွေတောင် စိတ်ပျက်ဖို့ကောင်းပါလိမ့်မယ်။

`လေယာဉ်တွေဟာ အဓိက ပြည်တွင်းကလူတွေကို အားထားနေရပါတယ်` လို့ Anne Cruickshanks ကပြောပါတယ်။ `အရင်အပတ်က နေ့လည်ပိုင်း လေယာဉ်ခရီးစဉ်အားလုံး ဖျက်သိမ်းလိုက်ရပါတယ်။ ဒါကြောင့် ကျွန်တော်တို့တွေက ခရီးသည်တွေကို နောက်နေ့ မနက် ၆ နာရီလေယာဉ်နဲ့ ချိတ်ပေးရပါတယ်။ ခရီးသွားနည်းပါးတဲ့ရာသီတွေဆို ဒါမျိုးတွေက ဖြစ်နေကျပါ` လို့ဆိုပါတယ်။

လူ့အရင်းအမြစ်နဲ့ပတ်သက်ရင်တော့ ဟိုတယ်အသစ်အတော်များများဟာ သေချာလေ့ကျင့်ပေးထားတဲ့ ၀န်ထမ်းတွေကို ရှာဖွေရ သိပ်ခက်တာတွေ ကြုံနေရပါတယ်။ အတော်အတန် နာမည်ရနေတဲ့ ဟိုတယ်တွေကျတော့လည်း မကြာခင်ဝင်လာတော့မယ့် Oberoi, Marriot, Anatara စတဲ့ အကောင်ကြီးလုပ်ငန်းရှင်တွေရဲ့ ရန်ကုန်အပေါ် မျက်စိကျနေတာတွေကြောင့် လက်ရှိသူတို့ပိုင်ဆိုင်ထားတဲ့ ၀န်ထမ်းတွေကို ကာကွယ်နိုင်ပါ့မလားဆိုပြီး ပူပန်နေကြရပါတယ်။

ဘယ်သူတွေ လာသလဲ

တရုတ်ခရီးသွားတွေဟာ မြန်မာပြည်ကိုလာတဲ့အနက် အများဆုံးဖြစ်ပါတယ်။ ဒါပေမယ့် ခရီးသွားလမ်းညွှန်ပေါင်း ၃၁၆၁ ရှိတဲ့အနက် ၁၂၅ ယောက်ဟာပဲ တရုတ်စကားပြော ဂိုဒ်တွေဖြစ်ပါတယ်။ အင်္ဂလိပ်စကားပြော ခရီးသည်တွေဟာ ဂိုဒ်ပေါင်း ၁၉၃၁ ကိုငှားယမ်းနိုင်ပါတယ်။ ဒါပေမယ့် လာမယ့်နှစ်တွေမှာ တခြားနိုင်ငံသားတွေလည်း သူတို့ကိုယ်ပိုင်လမ်းညွှန်စာအုပ်လေးတွေနဲ့ လာရမယ့်သဘောရှိပါတယ်။

ဒါတွေပြောနေပေမယ့်လည်း မြန်မာ့ခရီးသွားလုပ်ငန်းဟာ အတော့်ကို နေသားကျနေတဲ့ အတွေ့အကြုံတွေ ရှိနေပါတယ်။ လုံခြုံစိတ်ချရတဲ့အခန်းတွေ ကြိုတင်ရယူပေးတာမျိုး၊ ခရီးစဉ်တွေကို ချက်ချင်းပြောင်းတာမျိုးကို လက်ခံတာမျိုး နောက် မထင်မှတ်တဲ့ အခက်အခဲတွေကို ဖြေရှင်းပေးတာမျိုးတွေပါ။ ငွေတွေဝင်လာတယ်။ လုပ်ငန်းက တိုးတက်လာတယ်။ နိုင်ငံဟာ အနာဂတ်မှာ ပိုပြီးပြည့်စုံလာမယ့် အငွေ့အသက်တွေရှိပါတယ်။

`ခရီးသွားလုပ်ငန်းတွေ တိုးတက်လာတဲ့ လက္ခဏာတွေအများကြီးရှိပါတယ်။ ဟိုတယ်အဆင့်တွေ အဆင့်မြင့်လာတယ်။ ကြယ်တွေနဲ့သတ်မှတ်တဲ့ စနစ်တွေ ကျင့်သုံးလာတယ်။ ခရီးသွားပို့ဆောင်ရေးတွေကို အဆင့်မြှင့်တင်လာတယ်။ ၀န်ဆောင်မှုနဲ့ ခရီးသွားလုပ်ငန်းအဆင့်အတန်းကို ကိုင်တွယ်ဖြေရှင်းနေပါတယ်` လို့ ဒေါ်ခင်သန်းဝင်းကဆိုပါတယ်။

`ဟိုတယ်ဇုန်အသစ်တွေကို နေပြည်တော်မှာ ဖော်ထုတ်နေပါတယ်။ နောက် မန္တလေး၊ ပုဂံနဲ့ တခြားဒေသတွေ ဥပမာ တောင်ဘက်မှာရှိတဲ့ မြိတ်နဲ့ မြောက်ဘက်က နှင်းတောင်ဒေသတွေအပါအ၀င်ပေါ့` လို့ဆိုပါတယ်။

ကမ္ဘာတ၀ှမ်းက မြန်မာအပေါ်စိတ်ဝင်စားလာတာနဲ့အမျှ အစိုးရကလည်း နိုင်ငံရဲ့ ကျော်ကြားလာမှုနဲ့ ပတ်သက်လို့ ကိုင်တွယ်နေရပါတယ်။ အခုအချိန်မှာ နိုင်ငံဟာ ခရီးသွားဖို့ ရှေ့တန်းရောက်နေသလို အပြစ်ကင်းနိုင်သမျှကင်းအောင် လုပ်နေပါတယ်။ ဒါ့အပြင် အံသြဖွယ်ရာဝန်းကျင်၊ ကြည်နူးစရာဒေသအဖြစ် ဆွဲဆောင်နေပါတယ်။ ခရီးသွားအတော်များများက သူတို့ရဲ့ အတွေ့အကြုံအပေါ် အတော်ပဲ အကောင်းမြင်ကြပါတယ်။

`ဒီခရီးစဉ်ကို အံ့သြဖွယ်ရာ ခရီးစဉ်အဖြစ် မျှော်လင့်ခဲ့ပါတယ်။ ဒါပေမယ့် တကယ်တမ်းကျတော့ ကျွန်တော်ထင်ထားတာထက် ကျွန်တော့်စိတ်ကို ပိုမိုအံ့အားသင့်စေခဲ့ပါတယ်` လို့ ဗီယက်နမ်နိုင်ငံ Oxford University Clinical Research မှ Social Scientist ဖြစ်သူ Jane Chun ကဆိုပါတယ်။

`ပုဂံရဲ့ နေ၀င်ဆည်းဆာချိန်၊ ပုပ္ပါးတောင်ကို တက်ရတဲ့ အတွေ့အကြုံ၊ တောင်ပေါ်ကနေ အောက်ကိုငုံ့ကြည့်လိုက်တဲ့အခါ မြင်နေရတဲ့ တောအုပ်တွေ၊ မဖွံ့ဖြိုးသေးတဲ့ မြေပြင်ကျယ်ကြီးကို မြင်ရပါတယ်။ ခင်ဗျားဒါတွေကို မြင်ရဖို့ မျှော်လင့်ခဲ့ရင်တောင် ရင်သပ်ရှုမောဖွယ်ရာပါပဲဗျာ`

`လူတွေက သိပ်ကိုရင်းနှီးတယ်၊ နွေးထွေးတယ်။ ကျွန်တော်ထင်တယ် နိုင်ငံဟာ အကြာကြီးတံခါးပိတ်ခံထားရလို့ နေမယ် နိုင်ငံဟာ အသစ်အတိုင်းကြီးရှိနေပါသေးတယ်။ နောင်လာမယ့် နှစ်တွေမှာ ဒါတွေပြောင်းလဲသွားလိမ့်မယ်လို့ ထင်ပါတယ်` လို့ဆိုပါတယ်။

လေယာဉ်

မြန်မာပြည်ကို အာရှမြို့ပေါင်း ၁၆ မြို့ကနေ လေကြောင်း ၁၄ လိုင်းပျံသန်းနေပါတယ်။ ဒီနှစ်မှာ ထပ်တိုးဆွဲမယ့် လေကြောင်းလိုင်းတွေရှိနေပါတယ်။ Frankfurt အခြေစိုက် Condor လေကြောင်းလိုင်းဟာ ၂၀၁၂ မှာမြန်မာပြည်ကို ပျံမယ်ပြောပါတယ်။ ကာတာလေကြောင်းလိုင်းဟာလည်း အောက်တိုဘာမှာ စတင်ပျံသန်းမှာဖြစ်ပြီး ဂျပန်အခြေစိုက် ANA လေကြောင်းဟာလည်း ရန်ကုန်ကို ပျံသန်းမှာဖြစ်ပါတယ်။


ရာသီဥတု

ပုဂံဒေသမှာ အပူချိန်ပြောင်းလဲမှုဟာ သိပ်များပါတယ်။ အမြင့်ဆုံး ၄၃ ဒီဂရီကနေ ညဘက်မှာ ၂၀ ကျော်ကျော်အထိ ကျသွားတတ်ပါတယ်။ ပင်လယ်ရေပြင်ထက် ၉၀၀ မီတာမှာရှိတဲ့ အင်းလေးကန်ကတော့ မှောင်လာတာနဲ့ ၁၂ ဒီဂရီအထိကျသွားပြီး ချမ်းစိမ့်စိမ့်ဖြစ်တတ်ပါတယ်။

ဆက်သွယ်ရေး

ခင်ဗျားသိထားသလိုပဲ မြန်မာပြည်ရဲ့ တယ်လီဖုန်းဆက်သွယ်ရေးဟာ အိမ်နီးနားချင်းတွေနဲ့ယှဉ်ရင် နောက်ကောက်ကျကျန်နေခဲ့ပါတယ်။  ပြည်တွင်းတယ်လီဖုန်းတွေဟာ ရန်ကုန်မြို့မှာ လိုင်းမိပေမယ့် နယ်ဒေသတွေမှာ သိပ်အလုပ်မဖြစ်ပါဘူး။ Roaming တွေလည်း မရပါဘူး။ ဒါပေမယ့် လေဆိပ်မှာ စပေါ် ဒေါ်လာ၅၀ ပေးပြီး ဆင်းမ်ကဒ်ကို ငှားလို့ရပါတယ်။ တစ်နေ့ကို ၂ ဒေါ်လာကျပါမယ်။ နောက်တစ်ခု မှတ်ထားရမှာက အင်တာနက်ဟာ ဟိုးအရင်ကထက် လွတ်လပ်လာပေမယ့် မြန်နှုန်းမြင့်အင်တာနက်လိုင်းကိုတာ့ ဘယ်လိုမှ ရမှာမဟုတ်ပါဘူး။

ငွေ

မြို့တွေမှာ ATM တွေ အများကြီးတပ်ဆင်လာပေမယ့် မြန်မာပြည်တွင်းဘဏ်တွေအတွက်ပဲ သုံးလို့ရပါမယ်။ နိုင်ငံခြားဘဏ်အကောင့်က ငွေထုတ်တာမျိုး၊ အကြွေးဝယ်ကဒ်သုံးတာမျိုးတွေ မြန်မာပြည်မှာ မရသေးပါဘူး။ ဒါကြောင့် အကောင်းဆုံးက ငွေကို အိတ်လိုက်သယ်လာတာ အဆင်ပြေဆုံးပါ။ နိုင်ငံခြားငွေတောင် အမေရိကန်ဒေါ်လာ၊ ယူရိုငွေနဲ့ စင်ကာပူဒေါ်လာတွေပဲ အလုပ်ဖြစ်မှာပါ။ ငွေစက္ကူတွေဟာ အသစ်ကျပ်ချွတ်ဖြစ်ရပါမယ်။ ဘာအမှတ်အသား၊ ဘာပြဲရာမှမရှိရပါဘူး။ အရွက်ကြီးလေ ငွေလဲနှုန်းရလေပါ။ ဒေါ်လာ ၁၀၀ တန်ဆိုရင် ငွေအကြွေတွေထက် ၁၅ ရာနှုန်းပိုရပါလိမ့်မယ်။

အကြွေးဝယ်ကဒ်

ဟိုတယ်ကြီးတွေ၊ ခရီးသွားကုမ္ပဏီတွေဟာ အကြွေးဝယ်ကဒ်နဲ့ ငွေထုတ်တာတွေကို ၀န်ဆောင်မှုပေးပါတယ်။ စင်္ကပူဒါမှမဟုတ် ဘန်ကောက်က ကြားခံတဆင့်ကနေ ၀န်ဆောင်မှုပေးပါတယ်။ အကြီးဆုံးဟိုတယ်တွေကတော့ နိုင်ငံတကာငွေပေးချေမှုကို လက်ခံပါတယ်။

ATM ရဲ့ အနာဂတ်

မကြာသေးခင်က ရုတ်သိမ်းလိုက်တဲ့ စီးပွားရေးပိတ်ဆို့မှုတွေ၊ ငွေကြေးကို နှုန်းရှင်အဖြစ်သတ်မှတ်နိုင်မှုတွေ စတာတွေဟာ ခရီးသွားတွေအတွက် ပိုမိုအဆင်ပြေလာမှာပါ။ United Overseas Bank ဟာ မြန်မာပြည်မှာ ကိုယ်စားလှယ်ရုံးရှိပါတယ်။ ဒီလိုပဲ ဘင်္ဂလားဒေ့ရှ်၊ ဘရူနိုင်း၊ ကမ္ဗောဒီယားကအစ တရုတ်၊ ဂျပန်၊ ထိုင်းနဲ့ စင်္ကပူအထိ ဘဏ်ပေါင်း ၁၅ ခုလောက်ရဲ့ ကိုယ်စားလှယ်ရုံးတွေ ရှိနေပါတယ်။ မကြာခင်က ရတဲ့သတင်းတွေအရ နိုင်ငံတကာဘဏ်အတော်များများဟာ မြန်မာပြည်မှာ ရုံးတွေဖွင့်ဖို့ရှိတယ်လို့ ဆိုပါတယ်။ ဧရာဝတီဘဏ်ဟာ SWIFT စနစ်ကို စတင်ကျင့်သုံးနေပြီး နိုင်ငံတကာဘဏ်တွေနဲ့ ချိတ်ဆက်ဖို့ စတင်လုပ်နေပါပြီ။ အားလုံးအဆင်ပြေပြီဆိုရင်တော့ ဘာပဲလုပ်လုပ် ကဒ်လေးနဲ့ သုံးနိုင်တာ့မှာပါ။ ဒါပေမယ့် အသုံးအဖြုန်းကြီးသူတွေအတွက် နိုင်ငံခြားကနေ ငွေလှမ်းထုတ်ဖို့ကတော့ နည်းနည်းအလှမ်းဝေးနေဦးမှာပါ။

(CNN Go ရဲ့ Gemma Price ရဲ့ Myanmar: Is now a good time to go? on April 30, 2012 ကို ဆီလျော်အောင်ပြန်ပါသည်။)

မှတ်ချက်။  ။ မြန်မာပြည်ဟာ တံခါးဖွင့်လာသလို ပြင်ပနဲ့ ကူးလူးဆက်ဆံလာတာတွေ များလာတဲ့အတွက် တပါးသူရဲ့ မှတ်ချက်တွေကို အပြုသဘောဆောင်တဲ့အနေနဲ့ လက်ခံတတ်ဖို့ လိုပါတယ်။   

ခင်မင်လျက်
နေ၀သန်

Viewing all 40 articles
Browse latest View live